မတ်-၂၈၊၂၀၂၅။ မိထက်/People’s Spring
အမှတ်(၈)ပြည်ထောင်စုလမ်းမပေါ်ရှိ တိုက်ပွဲအတွင်းစစ်တပ်အားစွန့်ခွာထွက်ပြေးသွားသည့်မြိတ်မြို့အခြေစိုက် ခလရ(၁ဝ၃)မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူးသိန်းထိုက်ကို ဖမ်းဆီးစစ်ဆေးနေကြောင်းမြိတ်ခရိုင်အမှတ်(၁)တပ်ရင်းကသတင်းထုတ်ပြန်သည်။
တနင်္သာရီမြို့နယ်အတွင်းလတ်တလော စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှထွက်ပြေးလာပြီးနောက်အရပ်သားဟန်ဆောင်ကာ ခရီးသည်တင်ယာဉ်လိုင်းမှတဆင့် ရန်ကုန်မြို့သို့ သွားရောက်ရန် ကြိုးပမ်းစဥ် မတ်လ (၂၆) ရက်နေ့ နံနက် (၁ဝ) နာရီဝန်းကျင်တွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟုအသိပေးထားသည်။
“ သူကတော်တော်လေးကိုထိတ်လန့်နေတာလို့သိရတယ်။ ဖမ်းမိတဲ့အချိန်မှာလည်းလူရုပ်မပေါ်တော့ဘူး။ စုတ်ပြတ်သပ်နေတာပဲ။သူ့တပ်ရင်းကိုထားပြီး ထွက် ပြေးလာတာလို့သိရတယ်” ဟုတနင်္သာရီမြို့မှကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement
အမှတ်(၈)ပြည်ထောင်စုလမ်းမပေါ်မှပြည်သူ့ကာကွယ်ရေးတပ်မတော်၊မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) ၊တပ်ရင်း(၇)ပူးပေါင်းစစ်ဆေးရေးဂိတ်၌ စစ်ဆေးစဉ် ဖမ်းမိထားခြင်းဖြစ်သည်။
လတ်တလောတွင် ၎င်းအားကောင်းမွန်စွာ ထိန်းသိမ်းထားပြီး လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများကို ပြုလုပ်နေသည်ဟု မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက သတင်းထုတ်ပြန်သည်။
အမှတ်(၈)ပြည်ထောင်စုလမ်းမကြီး၊ရေး-ထားဝယ်လမ်း၊ ရေဖြူမြို့နယ်လမ်းပိုင်း၌ မတ်လ၂၄ရက်နေ့ကတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းမှ ဗိုလ်မှူးအပါအဝင်၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရေဖြူPDF(YPPDF)ကမတ်လ ၂၅ ရက်တွင်သတင်းထုတ်ပြန်သည်။ခရီးသွားပြည်သူများအနေဖြင့် အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးတလျှောက်လုံခြုံရေးနှင့်စစ်ရေးသတိဖြင့်သွားလာကြရန်မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက သတိပေးထားသည်။



















































