Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းမြို့ ခလရ(၂၆၈)တပ်ရင်းမှ ထွက်ပြေးသွားသူအားလုံးနီးပါး ဖမ်းမိထားဟု ချင်းညီနောင်ပြော

မြို့သိမ်းစစ်ဆင်ရေးအတွင်း စစ်သုံ့ပန်း ၃၀၀ခန့် ဖမ်းမိ၊ လက်နက် ၄၅၀ကျော်ရ၊ တော်လှန်ရေးရဲဘော် ၈၉ဦးကျဆုံး

ဖလမ်းမြို့အား တော်လှန်ရေးတပ်များသိမ်းပိုက် အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဧပြီ ၁၉၊၂၀၂၅။ ဟန်နွေ/People’s Spring

ချင်းညီနောင် နှင့်မဟာမိတ်များဆင်နွှဲခဲ့သည့် ဖလမ်းမြို့သိမ်း စစ်ဆင်ရေးအတွင်း စစ်သုံ့ပန်း ၃၀၀ခန့် ဖမ်းဆီးရရှိခဲ့ပြီး လက်နက်မျိုးစုံ အလက် ၄၅၀ကျော် သိမ်းပိုက်နိုင်ခဲ့ကြောင်း ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။

ယနေ့ (ဧပြီ ၁၉ရက်) ကျင်းပသည့် ဖလမ်းမြို့သိမ်းပွဲ ဂုဏ်ပြုအခမ်းအနား၌ ဧပြီ ၉ရက်က ပြီးစီးခဲ့သည့် မြို့သိမ်းစစ်ဆင်ရေးအပြီး အခြေအနေများကို ဆလိုင်းတင်မီက ရှင်းပြခဲ့ခြင်းဖြစ်သည်။

“ ခလရ (၂၆၈) ကျနော်တို့ သိမ်းပိုက်တဲ့အချိန်မှာ လွတ်မြောက်နေသေးတဲ့ ပြေးနေသေးတဲ့ စစ်သုံ့ပန်းတွေရှိတယ်။ ဒါပေမဲ့လည်း အခုအချိန်မှာဆိုလို့ရှိရင် အားလုံးနီးပါး ကျနော်တို့ လက်ထဲမှာ ရောက်ရှိပါတယ်” ဟု ဆလိုင်းတင်မီက ပြောသည်။

Public Service Announcement

Public Service Announcement

ဖလမ်းမြို့စစ်ဆင်ရေးလုပ်ဆောင်စဉ် စစ်ကောင်စီတပ်ရင်းမှူးသည် လက်နက်ကြီးဒဏ်ရာဖြင့် ခလရ(၂၆၈)တပ်ရင်းအတွင်း ကျဆုံးခဲ့ဟု ပြောသည်။

” ဖလမ်း အလုံးစုံကျနော်တို့ သိမ်းပိုက်တဲ့အခါမှာ သူတို့ရဲ့ အကြီးဆုံးပေါ့ ဂျီဝမ်းအဆင့်ရှိတဲ့ဟာက ထွက်ပြေးတယ် ဒါပေမဲ့ ယနေ့အချိန်မှာ အကြီးဆုံးကနေ ဟိုးငယ်သားအထိ ကျနော်တို့ လက်ထဲမှာ အကုန်လုံးရောက်ရှိတယ်။” ဟု ဆလိုင်းတင်မီက ပြောသည်။

စစ်သုံ့ပန်းဖမ်းမိအရေအတွက်ကို ပြောပြရာ ခလရ(၂၆၈)တပ်ရင်း သိမ်းပိုက်အပြီး ယခုနှစ်အတွင်း စစ်သုံ့ပန်းး ၁၇၅ ဦး ဖမ်းမိခဲ့ပြီး ၂၀၂၄ စစ်ဆင်ရေးကာလအတွင်း ၁၂၀ ဦးဖမ်းမိထားဟု ရှင်းပြသည်။

ထို့အပြင် စစ်သုံ့ပန်းများကို ကောင်းမွန်စွာ ဆက်ဆံထားရှိကြောင်းလည်း အသိပေးသည်။

“ ကျနော်တို့ တော်လှန်ရေး လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်က အာဏာရှင်စနစ်ကိုပဲ တွန်းလှန်တာဖြစ်တယ်။ အားလုံးကို ပုဂ္ဂိုလ်ရေးအရ မုန်းတဲ့ဟာမရှိဘူး ။သူတို့လို ရက်စက်တဲ့ ဟာမဟုတ်ဘူးဆိုတာ ကျနော်တို့ နေ့တိုင်း အမြဲတမ်းလည်း ကျနော်တို့ ရဲဘော်တွေကို ပြောတယ်” ဟု ဆလိုင်းတင်မီက ပြောသည်။

မြို့သိမ်းစစ်ဆင်ရေးအတွင်း လက်နက်ခဲယမ်း သိမ်းပိုက်ရရှိမှုကို ရှင်းပြရာ လက်နက်ငယ် လက်နက်ကြီး ၄၅၄ လက်သိမ်းရခဲ့ကြောင်း၊ခဲယမ်း ကျည်အများအပြားနှင့် ဒရုန်းအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများကို တော်လှန်ရေးဘက်တော်သားများက သိမ်းပိုက်နိုင်ခဲ့ကြောင်း ရှင်းပြသည်။

မြို့သိမ်းစစ်ဆင်ရေးအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ကျဆုံးသူ ၈၉ ဦးရှိခဲ့ရာ ယင်းအနက် ချင်းညီနောင်အဖွဲ့ဝင် တော်လှန်ရေးတပ်ဖွဲ့များမှ ကျဆုံးသူ ၅၆ ဦးရှိသည်ဟု ပြောသည်။

ချင်းညီနောင်အနေဖြင့် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို စစ်ကိုင်း၊ မကွေး၊ ယောဒေသ မှ တော်လှန်ရေးတပ်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နောင်တွင်လည်း ချင်းညီနောင်အနေဖြင့် အညာဒေသ စစ်ဆင်ရေးများ၌ ပြန်လည်ပါဝင်မည်ဖြစ်ကြောင်း အသိပေးထားသည်။

ချင်းညီနောင်နှင့်မဟာမိတ်များသည် ကျင်ဒွေး၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်နှင့် ဖလမ်းကို သိမ်းပိုက်ထားပြီးဖြစ်၍ ကျန်နေသည့် တီးတိန်အပါအဝင် ချင်းပြည်နယ်အတွင်း စစ်ကောင်စီ စခန်းအားလုံး ကင်းစင်ရေးဆောင်ရွက်သွားမည်ဟုလည်း ချင်းညီနောင်တာဝန်ရှိသူတို့က ပြောပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းညီနောင်သိမ်းပိုက်ထားတဲ့ မြို့တွေကို ကာကွယ်ဖို့၊ ကျန်နေသေးတဲ့ မြို့တွေကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်ဖို့ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ချင်းညီနောင် စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။

မေးမြန်းခန်း

အာဏာသိမ်းစစ်တပ်က ချင်းပြည်နယ် ဖလမ်းမြို့ အပါအဝင်ချင်းမြောက်ပိုင်းပြန်ထိန်းချုပ်နိုင်ဖို့ တန်ပြန်ထိုးစစ်ဆင်လျက်ရှိရာ ဖလမ်းအခြေစိုက် ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်လျက်ရှိရာ တိုက်ပွဲ ငါးလနီးပါးကြာမြင့်လာပြီဖြစ်ပါတယ်။

သတင်း

တော်လှန်ရေးရဲ့ လက်ရှိ အခြေအနေဟာ စိတ်ဓာတ်ကျစရာမရှိဘဲ အောင်မြင်ဖို့အတွက် အားနည်းချက်ရှာ အားသာချက်ဖြစ်အောင်လုပ်ပြီး တော်လှန်ရေးပန်းတိုင်အတွက် ဆက်လက်ကြိုးစားကြရမယ်လို့ချင်းညီနောင် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။

သတင်း

ချင်းညီနောင်အနေနဲ့ တီးတိန်မြို့သိမ်းစစ်ဆင်ရေးအပါအဝင် ပိုမိုကြီးမားတဲ့ တိုက်ပွဲတွေ ဖော်ဆောင်ဖို့ ဆောင်ရွက်နေသလို ချင်းညီနောင်ပါဝင်ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ဟာလည်း တော်လှန်ရေးအောင်မြင်အောင် လုပ်ဆောင်ဖို့ ဆွေးနွေးဆောင်ရွက်လျက်ရှိတယ်လို့ ချင်းညီနောင် အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီ က ပြောပါတယ်။