ဧပြီ ၂၃၊၂၀၂၅၊ရဲခေါင်/People’s Spring
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နှင့် မင်းကွန်းဒေသ ပျူစောထီးခေါင်းဆောင် နေလင်း(ခ)ရဲဘော်ကြီးနှင့် အဖွဲ့ ခုနစ်ဦးကို ပတ်ခတ်ခဲ့ပြီး သေနတ်နှင့် ခဲယမ်းများသိမ်းရရှိကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
စစ်ကိုင်းမြို့မွေးနေ့ပွဲမှ သောက်စားမူးယစ်ပြီး မင်းကွန်းဒေသပြန်လာသော ပျူစောထီးခေါင်းဆောင် နေလင်းနှင့် အပေါင်းအပါများကို ဧပြီ ၂၀ရက်က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ဆိုသည်။
နေလင်းသည် ပြီးခဲ့သည့် ဇန်နဝါရီ ၇ရက်က အဖွဲ့လိုက်ရှင်းလင်းခံရသည့် ပျူစောထီးခေါင်းဆောင်ရွှေကျား၏ တပည့်အရင်းဖြစ်ပြီး လက်ရှိရွှေကျားနေရာ ဆက်ခံထားသူဖြစ်သည်။

Public Service Announcement
ထို့အပြင် နေလင်းသည် စစ်ကိုင်းတိုင်း ပြည်သူ့စစ်ဦးဆောင်သူ သင်္ကန်းဝတ် ဝေပုလ္လအဖွဲ့၏ ခေါင်းဆောင်လည်း ဖြစ်သည်။
တိုက်ခိုက်မှုဖြစ်စဥ်အတွင်း ပျူစောထီးခေါင်းဆောင် အပါအဝင် စုစုပေါင်း ခုနစ်ဦး သေဆုံးသွားပြီး ကားတစ်စီးလုံး နှစ်ဦးသာ လွတ်မြောက်သွားသည်ဟု သိရသည်။
ထို့အပြင် မင်းကွန်းမှ စစ်ကူကားနှစ်စီးနှင့် စစ်ကိုင်းမြို့မှ စစ်ကူကားသုံးစီးရောက်ရှိလာသော်လည်း လက်နက်များချို့ယွင်းမှုကြောင့် အပြီးသတ်မချေမှုန်းနိုင်ခဲ့သော်လည်း ဧပြီ ၂၂ ရက်က နယ်မြေရှင်း ရာတွင် G3 သေနတ်တစ်လက်၊လက်ပစ်ဗုံးနှစ်လုံး၊၄၀မမ ဗုံးသျီးနှစ်လုံး၊ကျည်အနည်းငယ် နှင့် ပျူစောထီးများအသုံးပြုခဲ့သော ကားအား မီးရှို့ဖျက်စီးနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။
အဆိုပါတိုက်ခိုက်မှုကို ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ နှင့်အတူ၊ Mingun PDF နှင့် တိုက်နယ်ပလဖတို့ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ယခုနှစ် ဇန်နဝါရီ ၇ရက်ကလည်း စစ်ကိုင်း-မင်းကွန်းလမ်းမကြီး၌ စစ်ကိုင်းမြို့ ပျူစောထီးခေါင်း ဆောင် ရွှေကျားနှင့်အဖွဲ့တိုက်ခိုက်ခံရပြီး ရွှေကျားအပါအဝင် ပျူစောထီး ခုနစ်ဦးသေဆုံးခဲ့သေးသည်။
၎င်းတို့သည် စစ်ကိုင်းမြို့ပေါ်တွင် လူငယ်များအား ပေါ်တာဆွဲ၊ပြည်သူများအား လုယက်၊ ခြိမ်းခြောက်ပြီးငွေညစ်တောင်းခံနေသူများဟု ဆိုသည်။
ထို့အပြင် စစ်ကိုင်းတိုင်း ပြည်သူ့စစ်ဦးဆောင်သူ သင်္ကန်းဝတ်ဝေပုလ္လ နှင့်ဆက်စပ်သည့် ဘုန်ကြီးကျောင်းစာရင်းများရရှိထားပြီး ကင်းကင်းရှင်းရှင်းနေထိုင်ရန် နောက်ဆုံးအကြိမ်သတိပေးကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က သတိပေးထားသည်။
“ဝေပုလ္လက ဝါသဝ(သင်္ကန်းဝတ်မကွေးတိုင်းပြည်သူ့စစ်ခေါင်းဆောင် )အဆင့်ထိမရှိသေးပေမယ့် စစ်ကိုင်းပသစတွေအကုန် သူ့လက်အောက်ကပါ”ဟု ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
ထို့ကြောင့် သင်္ကန်းဝတ် ဝေပုလ္လနှင့် ဆက်လက်ပူပေါင်းနေ၍ ထိခိုက်မှုတစုံတရာရှိပါက တာဝန်ယူဖြေရှင်းမည်မဟုတ်ကြောင်းလည်း ထပ်မံ သတိပေးသည်။
