ဧပြီ ၂၆၊ ၂၀၂၅။ မောင်မောင်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၏ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သော အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF (P29999/အထူးတပ်ဖွဲ့) ၏ စစ်ကြောင်း (၁) စစ်ကြောင်းမှုး ရဲဘော်ဆရာကျောင်းကျဆုံးခြင်း တစ်နှစ်ပြည့်နှင့် ကျဆုံးရဲဘော်များအား အောက်မေ့သတိရ အလေးပြုခြင်းအခမ်းအနားအား ကျင်းပခဲ့ကြောင်း SOFက ထုတ်ပြန်သည်။
အခမ်းအနားကို ဧပြီ ၂၅ရက်က ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကွယ်ရေးတပ်မတော်အလံတော်အား အလံတဝက်ချ အလေးပြုခြင်း၊ သစ္စာဓိဌာန်ရွတ်ဆိုခြင်း၊ ကျဆုံးရဲဘော်တစ်ဦးချင်းစီ၏ တော်လှန်ရေးဆောင်ရွက်ချက်မှတ်တမ်းများအား အောက်မေ့သတိရဖွယ်၊ ဂုဏ်ယူဖွယ် ပြန်လည်ဝေမျှခဲ့ပြီး ကျဆုံးရဲဘော်များအား အလေးပြုခဲ့သည်ဟုဆိုသည်။
“ကျွန်တော်တို့ရဲဘော်တွေ ကြားနိုင်မြင်နိုင်ဦးမယ်ဆိုရင် ကျွန်တော်တို့အများကြီးပြောစရာရှိပါတယ်။ ကျွန်တော်တို့ တရက်မှ မမေ့ပါဘူး၊ သူတို့ပေးဆပ်ခဲ့လို့သာ တော်လှန်ရေးက ခုလောက်ခရီးရောက်ခဲ့တာ၊ သူတို့ကြောင့်သာ SOF ဖြစ်လာရတာ၊ သူတို့ကိုလည်း ရင်ထဲမှာရော စခန်းနံရံတွေပေါ်မှာပါ အမြဲချိတ်ဆွဲထားပြီး ဦးညွတ်အလေးပြုလျှက်ပါလို့ပြောချင်တယ်၊ ပေးဆပ်ခဲ့ရတဲ့ရဲဘော်တွေအတွက် SOF အမြဲရှိနေမယ်၊ ကိုယ်တိုင် တပ်ဖွဲ့နဲ့အတူ မားမားမတ်မတ်ရပ်တည်ရင်း အသက်ရှိနေသ၍ အကြမ်းဖက်စစ်တပ်ကို တော်လှန်သွားမယ်လို့ပြောချင်တယ်” ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုအောင်စံရှားက ပြောသည်။

Public Service Announcement
SOFတပ်ဖွဲ့စည်းမှု လေးနှစ်တာအတွင်း စစ်ကြောင်းမှူး ရဲဘော် ဆရာကျောင်း အပါအဝင် တပ်ဖွဲ့ဝင် ၂၀ဦး ကျဆုံးခဲ့ဟုလည်း အသိပေးသည်။
SOF ၏ စစ်ကြောင်း (၁) စစ်ကြောင်းမှုးဖြစ်သည့် ရဲဘော်ဆရာကျောင်းသည် တပ်ဖွဲ့၏ စစ်ဆင်ရေးမှုးဖြစ်သကဲ့သို့ နွေဦးတော်လှန်ရေးစသည့်အချိန်မှစ၍ မြို့ပြစစ်ဆင်ရေးများဖြစ်သော ပျံလွှားအောင်စစ်ဆင်ရေး၊ နန်းထိုက်အောင်စစ်ဆင်ရေးနှင့် ကျေးလက်စခန်းသိမ်းတိုက်ပွဲများစွာ ဦးဆောင်ခဲ့သော စစ်ဆင်ရေးမှုးတစ်ဦးဖြစ်ဟု SOFက အသိပေးသည်။
စစ်ကြောင်းမှူး ရဲဘော် ဆရာကျောင်းသည် SOF တပ်ဖွဲ့၏ တိုက်ခိုက်ရေးထူးချွန်ဆု ချီးမြှင့်ခြင်းခံထားရပြီး ကျဆုံးသည့်အချိန်တွင် ကာကွယ်ရေးဝန်ကြီးဌာန၏ ဦးညွှတ်ဂုဏ်ပြုလွှာ ချီးမြှင့်ခံခဲ့ရဟု ဖော်ပြသည်။
ရဲဘော်ဆရာကျောင်းနှင့်အတူ ရဲဘော်ကုလားကြီး၊ ရဲဘော်ကိုဟိန်း၊ ရဲဘော်မိုက်တီးတို့လေးဦးသည်၂၀၂၄ ခုနှစ် ဧပြီလ ၂၅ ရက်က ဆင်နွှဲခဲ့သည့် ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့အနီး တောင်စွန်းစခန်းသိမ်းတိုက်ပွဲတွင် ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။
စစ်ကောင်စီတပ်အား အားရွပ်ရွပ်ချွံချွံတိုက်ခိုက်ချေမှုန်းရင်း ရန်သူ့စခန်းကုန်းပေါ်တွင် ကျဆုံးခဲ့ရာ ကျဆုံးရဲဘော်များ၏ ရုပ်အလောင်းများအား ပြန်လည်ရယူခဲ့ပြီး အမိန့်ပြန်ပေးခြင်းနှင့် ဘာသာရေးအရ လိုအပ်သည်များ လုပ်ကိုင်ဆောင်ရွက်ပေးခဲ့ဟု အသိပေးသည်။
ရဲဘော်ဆရာကျောင်းအပါအဝင် SOF တပ်ဖွဲ့ဝင် ကျဆုံးရဲဘော် (၂၀) ဦးကို SOF တပ်ဖွဲ့မှ သက်စွန့်အာဇာနည်ဆုတံဆိပ်ချီးမြှင့်ခဲ့ကာ ရဲရင့်သော အာဇာနည်များအဖြစ် အထူးပင်မှတ်တမ်းတင်ထားရှိကြောင်းလည်း ထုတ်ပြန်သည်။
