■ရွေးကောက်ခံအရပ်သားအစိုးရက ပြည်သူများသဘာဝဘေးကြုံလျင်ကယ်ဆယ်ရန် ရဟတ်ယာဥ်ဝယ်ခဲ့သည်ကို ခေါင်းဆောင်များအား စစ်အုပ်စုက အဂတိမှုဖြင့်တရားစွဲပြီး မင်းအောင်လှိုင်အတွက်မူလေယာဥ်ဝယ်ခြင်းဖြစ်
■ထိုလေယာဥ်ကိုအပြီးသတ်ဝယ်ယူရန် စစ်ကောင်စီက အခွန်ကင်းလွတ်ခွင့် ပြန်ပေး
ဧပြီ ၃၀၊၂၀၂၅။ရဲခေါင်/People’s Spring
နိုင်ငံသဘာဝဘေးအန္တရာယ်ကိစ္စများ လုပ်ဆောင်ရာတွင် အသုံးပြုရန် ရဟတ်ယာဉ်ငှားရမ်းသည့်ကိစ္စဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်၁၅နှစ်အထိ ချမှတ်နိုင်သည့် အဂတိပုဒ်မဖြင့် တရားစွဲထားသည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြီးခဲ့သည့် ပြည်ပခရီးစဥ်တွင် အသုံးပြုခဲ့သည့် Airbus XY-ALK လေယာဉ်ကို ၎င်းသွားလာရာတွင် အသုံးပြုရန် စစ်ကောင်စီအဖွဲ့က အပြီးသတ်ဝယ်ယူလိုက်သည်။

Public Service Announcement
အဆိုပါလေယာဥ်သည် အမေရိကန်ကုမ္ပဏီ AVIATION CAPITAl GROUPထံမှ ပြန်လျော့အကောက်ခွန် စနစ်ဖြင့် ငှားရမ်းတင်သွင်းထားပြီး Airbus အမျိုးအစား A319(MSN 5193) လေယာဥ် XY-ALK ဖြစ်ကာအပြီးသတ်ဝယ်ယူရန် အခွန်များကင်းလွတ်ခွင့်ပြုကြောင်း စစ်ကောင်စီအဖွဲ့က ညွှန်ကြားစာ ထုတ်ပြန်ထားသည်။
အဆိုပါလေယာဉ်အား ပြန်လည်ပို့ဆောင်ခြင်းမပြုဘဲ ပြည်တွင်းသုံးစွဲဝယ်ယူရန် ကျသင့်သည့်ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်တို့ကို ကင်းလွတ်ခွင့်ပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“မြန်မာ့လေကြောင်းကနေ စစ်ကောင်စီက တစ်နှစ်လောက်ရှိပြီ ပြန်ယူထားတာ။မင်းအောင်လှိုင်ခရီးစဥ်တွေအတွက်ပဲ ။တရုတ်သွားတုန်းက အဲဒီလေယာဥ်သုံးတာ”ဟု မြန်မာ့လေကြောင်းဝန်ထမ်းဟောင်းတစ်ဦးက လေယာဥ် XY-ALK နှင့်ပတ်သက်၍ ရှင်းပြသည်။
Airbus အမျိုးအစား A319(MSN 5193) လေယာဥ် XY-ALK ငှားရမ်းအသုံးပြုခအပါအဝင် အပြီးသတ် ဝယ်ယူသည့်ပမာဏကို လူထုနွေဦးက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
နိုင်ငံသဘာဝဘေးအန္တရာယ်ကိစ္စများ လုပ်ဆောင်ရာတွင် အသုံးပြုရန် ရဟတ်ယာဉ်ငှားရမ်းသည့်ကိစ္စဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်အထိ ချနိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၅၅)ဖြင့် မတရားပြုလုပ်ထားသည့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံခြားခရီးများအသုံးပြုရန်ဆိုကာ ကိုယ်ပိုင်ပုံစံဖြင့် လေယာဉ်ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
အီတလီနိုင်ငံ Leonardo S.P.A ကုမ္ပဏီထံမှ AW-139၊ XY-AFT ရဟတ်ယာဉ်တစ်စီးကို ဒီချုပ်အစိုးရလက်ထက် ၂၀၁၉တွင် ဒီချုပ်အစိုးရက ဝယ်ယူခြင်းဖြစ်သည်။
လေကြောင်းဆိုင်ရာအချက်အလက်များအရ Airbusလေယာဥ် XY-ALKကို ဂျာမဏီနိုင်ငံ ဟမ်းဘတ်မြို့တွင် ၂၀၁၂ ဇွန်လတွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
၂၀၁၉တွင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(MAI)သို့ ငှားရမ်းခွင့်ပေးခဲ့ခြင်းဖြစ်ပြီး ၂၀၂၅တွင် စစ်ကောင်စီခေါင်းဆောင်က ၎င်း၏ ပြည်ပခရီးစဥ်တွင် အသုံးပြုခဲ့သည်ကို တွေ့ရသည်။
ပြန်လျော့အကောက်ခွန် DrawBackဆိုသည်မှာ လုပ်ငန်းသဘာဝ လိုအပ်ချက်အလျှောက် ပြည်တွင်း၌ အသုံးပြုရန် ယာဉ်၊စက်ကိရိယာနှင့် ပစ္စည်းများကို ပြန်ပမှယာယီ တင်သွင်းခွင့် ပြုသည့်စနစ်ဖြစ်ကာ မူလနိုင်ငံသို့ ပြန်ပို့ပါက ပေးဆောင်ခဲ့ရသည့် အခွန်၏ ၈ ပုံ ၇ပုံကို တင်သွင်းသူက ပြန်လည်ရရှိခြင်းဖြစ်သည်။
ထိုစနစ်ကို အစိုးရနှင့်သက်ဆိုင်သည့် ဌာနများ၊အထူးစီးပွားရေးဇုန်များနှင့် ကုမ္ပဏီများက အသုံးပြုနိုင်ပြီး DrawBack သက်တမ်းကာလမှာ ၂နှစ်မှ ၃နှစ်အထိသာ ဖြစ်သည်။
၂၀၁၉ကတည်းက ပြန်လျော့အကောက်ခွန် DrawBack စနစ်ဖြင့် တင်သွင်းခဲ့သော Airbus အမျိုးအစား A319(MSN 5193) လေယာဥ် XY-ALK သည် လက်ရှိတွင် ပြည်တွင်း၌ အသုံးပြုနေသည်မှာ သက်တမ်း ၇နှစ်ခန့်ရှိနေပြီဖြစ်ပြီး လေယာဉ်သက်တမ်းမှာ ၁၃နှစ်ရှိနေသည်။
Airbus ကုမ္ပဏီသည် တရုတ်အစိုးရပိုင် AVIC (Aviation Industry Corporation of China)နှင့် မိတ်ဖက်ဖြစ်ကာ AVIC သည် မြန်မာစစ်အာဏာရှင်ကို ငွေကြေး ထောက်ပံ့မှုအပြင် အခြားလေယာဥ်နှင့်လက်နက်တွေကိုပါထောက်ပံ့နေကြောင်း Juistic for Myanmarအဖွဲ့က ထုတ်ပြန်ကြေညာထားသည်။
ထို့ကြောင့် ပြည်တွင်း၌ အပြစ်မဲ့အရပ်သားများကို လေကြောင်းကနေ နေ့စဥ် ဗုံးကြဲသတ်ဖြတ်နေသည့် မြန်မာစစ်တပ်ရာဇဝတ်မှုများကို တိုက်ရိုက်အပြင် သွယ်ဝိုက်၍ပါ Airbusကုမ္ပဏီက ပူးပေါင်းပါဝင်ကူညီနေသည်ဟု ဆိုသည်။ ထို့ကြောင့် ပြည်ပရောက်မြန်မာများနှင့် ပြည်တွင်းရှိ သပိတ်အဖွဲ့များက အဆိုပါ Airbus ကုမ္ပဏီအား ကန့်ကွက်ဆန္ဒပြနေကြသည်။
တရုတ်အစိုးရပိုင် AVICသည် ပြီးခဲ့သည့်နှစ်များက စစ်ကောင်စီကို လေယာဥ် ၈စီးထက်မနည်း ရောင်းချထားသည်ဟုလည်း သိရသည်။
