မေ ၁၇၊၂၀၂၅။ရဲခေါင်/People’s Spring
စစ်ကောင်စီတပ်နှင့် အပစ်ရပ်ထားသည့် ကယန်းပြည်သစ်ပါတီ/ကယန်းပြည်သစ်တပ်မတော်(KNLP/KNLA)၏ စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ်က ဒရုန်းဖြင့် ဗုံးကြဲ၍ ကယန်းပြည်သစ်ရဲဘော် သုံးဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံအချို့က လူထုနွေဦးသို့ ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံနှင့် ညောင်ရွှေမြို့နယ်အစပ် စန့်လိတ်ကျေးရွာအနီးရှိ KNLP၏ ဂိတ်ကို ယနေ့(မေလ ၁၇ ရက်)နေ့လည် ၂ နာရီဝန်းကျင်တွင် ဗုံးကြဲခံရခြင်းဟု ဆိုသည်။
“ဂိတ်က ကျွန်မတို့ ကယန်းပြည်သစ်ဂိတ်ထိုင်တာ ဟိုအရင်ကတည်းကလေ။အခုက သူတို့(စစ်ကောင်စီ နှင့် PNO)တွေက သိသိကြီးနဲ့ ဒရုန်းချသွားတာ။ရဲဘော်သုံးဦးဒဏ်ရာရတယ်။မကျေနပ်ဘူး”ဟု စန်းလိတ်ကျေးရွာခံတစ်ဦးက ပြောသည်။

Public Service Announcement
စန်းလိတ်ကျေးရွာအပါအဝင် ညောင်ရွှေမြို့၏ အောက်ဘက်ခြမ်းနှင့် ဖယ်ခုံမြို့နယ်အထက်ပိုင်းကြားရှိဒေသများကို PNO ပြည်သူ့စစ်က အင်အား ၂၀၀နှင့် စစ်ကောင်စီတပ်က အင်အား ၁၀၀ဖြင့် ပူးပေါင်းစစ်ကြောင်းထိုးနေကြောင်း စစ်ဘက်သတင်းရင်းမြစ်အချို့က အသိပေးသည်။
ယနေ့ KNLP၏ စစ်ဆေးရေးဂိတ် ဒရုန်းဖြင့် ဗုံးကြဲခံရမှုကို ၎င်းတို့ထံ ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရပေ။ ထို့အပြင် KNLP၏ ဥက္ကဌ ဦးသန်းစိုးနိုင်၏ လူမှုကွန်ယက်စာ မျက်နှာမှတဆင့် လူထုနွေဦးက ဆက်သွယ်မေးမြန်းမှုအကြိမ်ကြိမ်ရှိခဲ့သော်လည်း အကြောင်းပြန်ခြင်းမရှိပေ။
လက်ရှိတွင် ကယန်းပြည်သစ်ပါတီ/ကယန်းပြည်သစ်တပ်မတော် (KNLP/KNLA)သည် ကယန်းဒေသ၊သိကျိတ်ကျေးရွာရှိ မြင်းမထိတောင်၌ အကြီးစားသတ္တုတူးဖော်မှုနှင့်ပတ်သက်၍ ကန့်ကွက်သည့် ဒေသခံဦးဆောင်သူများကို ဖမ်းဆီးထား၍ ကယန်းလူထု၏ ကန့်ကွက်မှုများကြုံနေရသည်။
၂၀၂၃ ဇွန်လ ၁ရက်ကလည်း မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကယန်းပြည်သစ်တပ်မတော် လုံခြုံရေးဂိတ်ကို စစ်ကောင်စီတပ်မှ တိုက်လေယာဥ်ဖြင့် ဗုံးနှစ်လုံးကြဲချကာ တိုက်ခိုက်ခံရဖူးသည်။ သို့သော် ထိခိုက်မှုအသေးစိတ်ကို KNLP က ထုတ်ပြန်ခြင်း မလုပ်ခဲ့ပေ။
ထို့အပြင် ပြီးခဲ့သည့် ဧပြီ ၁၀ရက်က (၂၅)ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားကျင်းပရာ သိကျိတ်ကျေးရွာကို စစ်ကောင်စီမှ ပေါင် (၂၀၀)ဗုံးဖြင့် ကြဲခံရသေးသည်။
ထိုဖြစ်စဥ်အတွက် ၁၉၉၄က အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ကို စစ်ကောင်စီက ချိုးဖောက်ခြင်း ဖြစ်ပြီး ထိုကဲ့သို့ထပ်မံကျူးလွန်ပါက ဖြစ်ပေါ်လာမည့်ကိစ္စရပ်အလုံးစုံကို ကယန်းပြည်သစ်ပါတီက တာဝန်ခံမည်မဟုတ်ဟုသာ စာထုတ်ခဲ့သည်။
“ကယန်းလူထုမပြောနဲ့ ကယန်းလူမျိုးကို အခြပြုပါတယ်ဆိုတဲ့ ရဲဘော်တွေရှိတဲ့နေရာကိုတောင် တိုက် ခိုက်ခံနေရပြီ။စာထုတ်ခဲ့တာ စာပဲလားသိချင်တယ်။အပစ်ခတ်ရပ်ထားတာကို မီးမွှေးဖို့ လုပ်နေတယ်လို့ပဲ KNLP ထိပ်ပိုင်းအထူးသဖြင့် စီးပွားရေးအခွင့်အထူးခံတွေက ပြောလိမ့်မယ်။စခတွေ စည်းဘောင် ကျော်လာတာ များနေပြီ။ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့သူတွေကိုကြ ဥက္ကဌအလိုကျဖမ်းသွားတယ်။ဘယ်လိုမူဝါဒလဲ ဘာတွေ လုပ်နေလဲ။ကယန်းပြည်သစ်တပ်မတော် နဲ့ ကယန်းပြည်သစ်ပါတီ ရှိနေတာ ကူန်းလူထုအတွက် မဟုတ်ဘူးလား။ခေါင်းဆောင်ပိုင်းတွေ ထွက်ပြောကြစေချင်တယ်။နှုတ်ပိတ်နေရင်း ကြာရင်ပိုဆိုးဖို့ပဲရှိတယ်”ဟု ကယန်းအမျိုးသားတစ်ဦးက KNLP ဂိတ်စခန်းဗုံးကြဲခံရမှုအပေါ် ၎င်း၏ အမြင်ကို ရှင်းပြသည်။
ကယန်းပြည်သစ်ပါတီသည် ဆီဘူးမြို့တွင် အခြေစိုက်ပြီး အင်အား ၁,၀၀၀ ခန့်ရှိနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ခန့်မှန်းထားသည်။လက်ရှိအချိန်ထိ ကရင်နီတော်လှန်ရေး အင်အားစုများနှင့် အတိအလင်း ပူးပေါင်းခြင်းမရှိသကဲ့သို့ အာဏာသိမ်း စစ်ကောင်စီနှင့် ပူးပေါင်းခြင်းလည်း မတွေ့ရသေးပေ။
ကယန်းပြည်သစ်ပါတီ (KNLP) ဥက္ကဋ္ဌမှာ သန်းစိုးနိုင်ဖြစ်ပြီး ကယန်းပြည်သစ်တော်လှန်ရေးကောင်စီ (KNLRC) အား ဗိုလ်မှူးချုပ် အိုက်နော်ထားက တာဝန်ယူပြီး ကယန်းပြည်သစ်တပ်မတော် (KNLA) ၏ စစ်ဦးစီးချုပ်မှာ ဗိုလ်မှူးချုပ်မြားနို ဖြစ်သည်။
ကယန်းပြည်သစ်ပါတီသည် ၁၉၆၄ ဇွန်လ ၄ရက်တွင် ကယန်းအမျိုးသားတို့၏ လက်နက်ကိုင်တော်လှန်ရေးပါတီအဖြစ်ဖွဲ့စည်းခဲ့ပြီးနောက် ၁၉၉၄ ဇူလိုင် ၂၆ရက်တွင် နဝတစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သည်။
