Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဗြိတိန်ဝန်ကြီးချုပ်ကိုယ်တိုင်ပါဝင်ဖို့တောင်းဆိုမှုတွေရှိလာ

ဓါတ်ပုံ-Getty Images

ဇွန်-၅၊၂၀၂၅။People’s Spring

အာဏာသိမ်းစစ်ကောင်စီရဲ့မတရားဖမ်းဆီး အကျဉ်းချမှုကို ခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးဗြိတိန် ဝန်ကြီးချုပ်ကိုယ်တိုင်ပါဝင် ဖြေရှင်းပေးဖို့ တောင်းဆိုမှုတွေ ရှိလာပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်တပ်ရဲ့ မတရား အာဏာသိမ်း ဖြုတ်ချတာခံခဲ့ရတဲ့ ဒီမိုကရေစီအစိုးရရဲ့ခေါင်းဆောင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီအချိန်ကစပြီး အကျဉ်းချ ခံထားရတာ ဖြစ်ပါတယ်။ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်အပြင် သမ္မတ ဦးဝင်းမြင့်နဲ့ တခြား နိုင်ငံရေး အကျဉ်းသား ၂၂,၀၀၀ လောက်ကိုလည်း ဖမ်းဆီးထားပါတယ်။

နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် တစ်ဦးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံမှာ လက်ရှိ ကြုံတွေ့ ခံစားနေရတဲ့ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေအကြောင်းကို Independent သတင်းဌာနရဲ့ Cancelled: The Rise and Fall of Aung San Suu Kyi ဆိုတဲ့ သတင်းမှတ်တမ်း ဗီဒီယိုထဲမှာ ဖော်ပြထားခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

ပြီးတော့အဲဒီဗီဒီယိုထဲမှာ ကွန်ဆာဗေးတစ် ပါတီခေါင်းဆောင်ဟောင်း၊ အတိုက်အခံ ခေါင်းဆောင်ဟောင်းဝီလျံဟေးဂ်ကလက်ရှိ ဗြိတိန်အစိုးရအနေနဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့အရေးကိစ္စရော၊ မြန်မာနိုင်ငံမှာ ပိုမိုဆိုးရွားလာနေတဲ့ အကျပ်အတည်းတွေ အတွက်ပါ ကိုယ်တိုင်ကိုယ်ကျကြားဝင်သင့်ပြီလို့ တိုက်တွန်းခဲ့ဖူးပါတယ်။

သူက ဗြိတိန်ဝန်ကြီးချုပ် စတာမာအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက်ထိထိရောက်ရောက် ဆော်ဩ တောင်းဆိုသင့်သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်တဲ့ ကင်မ်အဲရစ်နဲ့လည်း ကိုယ်တိုင်တွေ့ဆုံသင့်တယ်လို့ အကြံပြုခဲ့ဖူးပါတယ်။

အလားတူ ကွန်ဆာဗေးတစ်ပါတီရဲ့လူ့အခွင့်အရေး ကော်မရှင်က လောလောလတ်လတ် တင်ပြခဲ့တဲ့ မြန်မာ့ ပြည်တွင်းရေး အခြေအနေတွေအကြောင်း အစီရင်ခံစာမှာလည်းဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဝန်ကြီးချုပ် စတာမာက ပိုပြီးထဲထဲဝင်ဝင်အားထည့် ကြိုးပမ်းသင့်ကြောင်းတိုက်တွန်းထားတာ တွေ့ရပါတယ်။

မြန်မာစစ်တပ်ဟာဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဖမ်းဆီးထားဆဲ ဖြစ်ရုံသာမက နိုင်ငံအနှံ့မှာ အရပ်သားတွေကို ပစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေ၊ အစုအပြုံလိုက် သတ်ဖြတ်မှုတွေ၊ ညှင်းပန်းနှိပ်စက်မှုတွေ၊ မုဒိမ်းမှုတွေကိုလည်း ကျူးလွန်နေတဲ့အကြောင်း Independentရဲ့ သတင်းထဲမှာ ဖော်ပြထားခဲ့ပါတယ်။

အစီရင်ခံစာကို ဦးဆောင်ပြုစုသူတွေထဲ တစ်ဦးဖြစ်တဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း တင်မ်လူတန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံ ကြုံတွေ့နေတဲ့ အခြေအနေတွေဟာ ထုတ်ပြောပြဖို့ ခက်ခဲလွန်းတဲ့ ဆင်းရဲဒုက္ခမျိုးတွေလို့ မှတ်ချက်ပေးခဲ့ပြီး ဗြိတိန်အစိုးရ အနေနဲ့ချက်ချင်းလက်ငင်းတုံ့ပြန်ကိုင်တွယ်ပေးဖို့ လိုနေပြီလို့ ထောက်ပြထားခဲ့ပါတယ်။

ကော်မရှင်ကအစီရင်ခံစာကိုပြုစုရာမှာ ကင်မ်အဲရစ်၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ စီးပွားရေး အကြံပေးအဖြစ် တာဝန်ယူခဲ့သူရှောင်တာနဲလ်၊ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် တွမ်အန်ဒရူးစ်တို့ကလည်း ပံ့ပိုးပေးခဲ့ကြတယ်လို့ သိရပါတယ်။

အစီရင်ခံစာရဲ့အတိုချုပ်ကတော့မြန်မာနိုင်ငံကို နိုင်ငံတကာလက်နက်တင်ပို့မှုတွေပိတ်ပင်နိုင်ရေးတွန်းအားပေးဖို့၊ မြန်မာစစ်တပ်ဆီ စီးဝင်နေတဲ့ ဘဏ္ဍာငွေလမ်းကြောင်းတွေဖြတ်တောက်ဖို့၊ မြန်မာ့အရေးမှာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ထိထိရောက်ရောက် ကိုင်တွယ်ရေး တောင်းဆိုဖို့ ဆိုတာတွေ ဖြစ်ပါတယ်။

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမ်မီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ လူသိရှင်ကြားတောင်းဆိုထားပြီးဖြစ်ပါတယ်။ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှုတွေနဲ့ စွပ်စွဲပြီး နှစ်ရှည် ထောင်ချထားပေမယ့် လမ်မီကတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟာ နိုင်ငံရေး အကျဉ်းသား တစ်ဦးသာဖြစ်တယ်လို့ လက်ခံထားပြီး ဗြိတိန် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ပိုမို အားထည့်သင့်တယ်လို့ အသိအမှတ် ပြုထားပါတယ်။

မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်မှာ နှစ်အတော်များများ နေထိုင်ခဲ့ဖူးပြီး သားနှစ်ဦးဖြစ်တဲ့ ကင်မ်နဲ့ အလက်ဇန္ဒားတို့ကို ကွယ်လွန်သူ ဗြိတိန်သား ခင်ပွန်းသူ မိုက်ကယ် အဲရစ်နဲ့အတူ ပျိုးထောင်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ ဒီမိုကရေစီတောင်းဆိုလှုပ်ရှားမှု အရေး​တော်ပုံကြီးမှာ ဦးစီးဦးဆောင် နေရာကို ရယူခဲ့ပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ အနိုင်ရပြီး အစိုးရ ဖြစ်လာခဲ့သလို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ထပ်မံ အနိုင်ရခဲ့ပေမယ့်လည်း စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။

ကိုးကား- Independent

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

ဒီကနေ့ (ဇွန် ၁၉)မှာကျရောက်တဲ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံနဲ့ "81 for 81 အမေစုချက်ချင်းလွှတ်" စာတန်းချိတ်ဆွဲ ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အမှတ်တရ လှုပ်ရှားမှုမှာ အားလုံးပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။