ဇွန် – ၉ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring
ကရင်နဲ့မွန်အစပ်မှာရှိတဲ့ ပိုင်ရပ်ကျေးရွာ ကို ဒီနေ (ဇွန်လ ၉ ရက်) နေ့ခင်းပိုင်း ၂ နာရီ ဝန်းကျင်မှာ စစ်ကောင်စီလေတပ်က ဗုံးကြဲ တာကြောင့် ကလေး ၃ ဦးအပါအဝင် အရပ်သား ၅ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်ထံကသိရပါတယ်။
ကော့ကရိတ်မြို့နယ်ထဲမှာ ရှိတဲ့ ပိုင်ရပ်ကျေးရွာ ဗုံးကြဲခံရမှုမှာ ကလေးငယ်တွေကိုစာသင်ကြားပေးနေတဲ့ နေအိမ်နား ဗုံးကျရောက်ပြီး ကလေး ၃ ဦးနဲ့ သက်ကြီးပိုင်း ၁ ဦး စုစုပေါင်း ၄ ဦး နေရာမှာတင် သေဆုံးခဲ့ရတာပါ။
ဒါအပြင် ကလေး ၁၁ ဦးနဲ့ ဆရာမ ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံ ပို့ဆောင်ချိန်မှာပဲ ဒဏ်ရာပြင်းထန်တဲ့ ဆရာမ ထပ်မံ ဆုံးပါးသွားတာလို့ ဒေသတွင်းသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
ဗုံးကျရောက် ပေါက်ကွဲတဲ့ နေအိမ်ဟာ ကိုယ်ထူကိုယ်ထကျောင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဗုံးကြဲခံရတာလို့သိရပါတယ်။
ပိုင်ရပ်ကျေးရွာဟာ KNU ရဲ့ အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ပုံအရ ဒူးပလာယာခရိုင် ၊ တပ်မဟာ (၆) နယ်မြေ ၊ ကျုံဒိုးမြို့နယ်ထဲမှာ တည်ရှိပါတယ်။ ဒါပေမယ့် တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ကျုံးဒိုးမြိုနဲ့တော့အလှမ်းဝေးတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်ကလည်း ကျုံဒိုးမြို့နယ် ၊ဝင်းကကျေးရွာက စစ်ရှောင်တွေ ခိုလှုံရာ စာသင်ကျောင်း ဗုံးကြဲခံရတာရှိခဲ့ပါတယ်။
စစ်ကောင်စီရဲ့လေကြောင်းရန်ကြောင့် ကော့ကရိတ်မြို့နယ်နဲ့ ကျုံဒိုးမြို့နယ်တွေက စာသင်ကျောင်းအချို့ကို လတ်တလောမဖွင့်နိုင်သေးဘဲ အခြေအနေကိုစောင့်ကြည့်နေရတယ်လို့ကျောင်းဆရာ ၊ ဆရာမတွေက ပြောပါတယ်။
