ဇွန် – ၁၂ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring
ပဲခူးတိုင်း ၊ သာယာဝတီအကျဥ်းထောင်မှာလုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှု မရလို့ နိုင်ငံရေးအကျဥ်းသားတစ်ဦးထပ်မံသေဆုံးခဲ့ရ တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ယက် (PPNM)ကထုတ်ပြန်ပါတယ်။
သာယာဝတီထောင်မှာ နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့ ဦးကျော်စိုး(ခ)ဦးဇော်နှစ် ဟာ ပြီးခဲ့တဲ့ မေလ ၂၃ရက်မှာ နှလုံးရောဂါ၊သွေးတိုးရောဂါ ဝေဒနာတွေနဲ့ဆုံးပါးသွားတာပါ။
ဦးကျော်စိုး ထောင်ထဲမှာ ရောဂါဝေဒနာခံစားနေချိန် ဆေးကုသခွင့်မရတဲ့အတွက် ရောဂါအခြေနေပိုမို ဆိုးရွားလာပြီး မသေဆုံးသင့်ဘဲ သေဆုံးခဲ့ရတာ လို့ PPNM ကဆိုထားပါတယ်။

Public Service Announcement
သူဟာ ရန်ကုန်တိုင်း ၊ လှည်းကူးမြို့နယ်မှာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၀ရက်မှာ ဖမ်းဆီးခံရပြီး အကြမ်းဖက် ပုဒ်မ ၅၀(ဈ)နဲ့ ထောင်ဒဏ် ၁၀ နှစ် ချခံရသူပါ။
စစ်ကောင်စီဟာ အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေကို အကြမ်းဖက်ပုဒ်မ တပ်ပြီး ထောင်ချတာရှိပါတယ်။
သာယာဝတီထောင်ဟာ ကိုလိုနီခေတ်ကတည်း စပြီး စစ်အစိုးရ လက်ထက်အထိ တော်လှန်ပုန်ကန်သူတွေ၊ နိုင်ငံရေးသမားတွေကို ညှင်းပန်းနှိပ်စက်ရာမှာ နာမည်ဆိုးနဲ့ကျော်ကြားပါတယ်။
အခုနှစ် နှစ်လယ်ပိုင်းအထိ အကျဉ်းထောင်တွေမှာလုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှုမရလို့ အသက်ဆုံးပါးရတဲ့နိုင်ငံရေးအကျဉ်းသား ၁၀ ဦးထိရှိလာပြီလို့ PPNM ရဲ့စာရင်းတွေအရသိရပါတယ်။


















































