ဇွန် – ၁၈ ၊၂၀၂၅ /People’s Spring
စစ်ကောင်စီ က မတရား ဖမ်းဆီးအကျဉ်းချထားတဲ့ သမ္မတ ဦးဝင်းမြင့် နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ကောင်စီ ရဲ့ တရားခွင်မှာတွေ့မြင်ရတဲ့ CCTV ရုပ်သံမှတ်တမ်း အချို့ကို ဗြိတိန်အခြေစိုက် The Guardian သတင်းစာက ဖော်ပြလာပါတယ်။
၁ မိနစ်နဲ့ ၁၂ စက္ကန့် ကြာမြင့်တဲ့ အဲဒီ ရုပ်သံမှတ်တမ်းမှာ ၂၀၂၂ ခုနှစ် ၊ သြဂုတ် ၂၂ရက် က တရားခွင်နဲ့ ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာ ၁၂ရက် က တရားခွင် မြင်ကွင်းအချို့ပါဝင်ပါတယ်။
ရုပ်သံ အရ တရားခွင်အဖြစ် ပြုလုပ်ထားတဲ့အခန်းထဲမှာ သမ္မတ ဦးဝင်းမြင့် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကိုတွေ့မြင်ရပြီး တစ်ဖက်တစ်ချက် မှာ ရဲ နှစ်ဦး အစောင့်ချထားပါတယ်။

Public Service Announcement
တရားခွင်နှစ်ခုလုံးမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အဖြူရောင်ဆွယ်တာလက်ရှည် ၊ အနက်ရောင်လုံချည်ဝတ်ဆင်ထားတာတွေ့ရပြီး ပန်းမပန်ထားပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဖခင်ဖြစ်သူ မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးတဲ့ ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့အခမ်းအနားက လွဲရင် ပုံမှန်အားဖြင့်ပန်းပန်လေ့ရှိပါတယ်။
ရုပ်သံမှာပါတဲ့ ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာ ၁၂ရက် က တရားခွင် မှာတော့ NLD အစိုးရလက်ထက်က ဒုတိယသမ္မတ ခန့်အပ်တာဝန်ပေးခံရသူ ဦးဟင်နရီဗန်ထီးယူ သက်သေအဖြစ်လာရောက်ထွက်ဆိုတာကိုတွေ့ရပါတယ်။
အာဏာသိမ်းပြီးနောက် ၂ နှစ်ခွဲခန့် လူမြင်ကွင်းကနေ ပျောက်ကွယ်နေတဲ့ ဦးဟင်နရီဗန်ထီးယူ ကို ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီရဲ့ ကာလုံအစည်းအဝေးမှာ ပြန်တွေ့ရပေမယ့် သိပ်မကြာခင်မှာပဲ သူ့ကိုလည်း စစ်ကောင်စီက ဒုသမ္မတ ရာထူးကနေ အနားပေးလိုက်တယ်လို့ ကြေညာခဲ့ပါတယ်။
စစ်ကောင်စီဟာ မတရားဖမ်းဆီးအကျဉ်းချထားတဲ့ သမ္မတ ဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ရဲ့ ဓာတ်ပုံမှတ်တမ်းတွေကို အာဏာသိမ်းပြီးနောက်ပိုင်း တရားခွင် မှတ်တမ်းပုံ တစ်ပုံက လွဲရင် ထုတ်ပြတာမရှိပါဘူး။
လူထုခေါင်းဆောင်ရဲ့ ကျန်းမာရေးအခြေအနေ နဲ့ ဘယ်မှာ အကျဉ်းချထားတယ်ဆိုတာကိုလည်း အများပြည်သူကို အသိပေးတာမရှိပါဘူး။
စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၉ ခုနဲ့ ထောင်ဒဏ် ၃၃ နှစ် ၊ သမ္မတ ဦးဝင်းမြင့်ကို အမှု ၈ ခုနဲ့ ထောင်ဒဏ် ၁၂ နှစ်ချထားတာပါ။
ရုပ်သံ – The Guardian
