“နယ်မြေကိစ္စအပါအဝင်နိုင်ငံရေးပြဿနာဆွေးနွေးညှိနှိုင်းမှုတွေကတော့ ကျနော်တို့ အချင်းချင်းကြားမှာနိုင်ငံရေးအရနောက်ပိုင်းတွေမှာ ဆွေးနွေးရမယ်။ ညှိနှိုင်းရမယ်”
— PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်း
ဇွန်-၂၂၊၂၀၂၅။ထားမြတ်/People’s Spring
တအာင်းပြည်ကောင်စီ(TLC)ကိုဖွဲစည်းပြီးတအာင်းပြည်တော်လှန်ရေးကာလ ပြည်သူ့အစိုးရဖြင့် တော်လှန်ရေးကာလ အုပ်ချုပ်မှုယန္တရား ချမှတ်နိုင်ခြင်းကို ပအိုဝ်းအမျိုးသား ဖက်ဒရယ် ကောင်စီ(PNFC)က ထောက်ခံကြိုဆိုကြောင်း PNFCက ဇွန်လ ၂၁ရက် နေ့စွဲဖြင့်ကြေညာချက်ထုတ်ပြန်သည်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)နှင့်တအာင်းနိုင်ငံရေးပါတီ၊ တအာင်းအရပ်ဘက်အဖွဲ့များပါဝင်သည့်တအာင်းနိုင်ငံရေးထိပ်သီးအစည်းအဝေးကတအာင်းပြည်ကောင်စီ -TLC ဖွဲစည်းကာတော်လှန်ရေးကာလအတွင်း တအာင်းပြည်၏ အမြင့်ဆုံးအာဏာပိုင် အဖွဲအစည်းအဖြစ်ဖွဲ့စည်းတည်ဆောက်နိုင်ခဲ့ခြင်းကို PNFCက ထောက်ခံ ကြိုဆို ကြောင်းကြေညာခဲ့ခြင်းဖြစ်သည်။
“စစ်ကောင်စီရဲ့အုပ်ချုပ်ရေးလစ်ဟာသွားတဲ့အချိန်မှာတော်လှန်ရေးကာလအုပ်ချုပ်ရေးယန္တရား ချမှတ်မှုက လိုအပ်တယ်။အခုကတော့ တော်လှန်ရေးကာလ အုပ်ချုပ်ရေးချမှတ်မှု အနေနဲ့ ကျနော်တို့ ထောက်ခံတာဖြစ်တယ်။နယ်မြေကိစ္စအပါအဝင် နိုင်ငံရေးပြဿနာဆွေးနွေးညှိနှိုင်းမှုတွေကတော့ ကျနော်တို့အချင်းချင်းကြားမှာနိုင်ငံရေးအရ နောက်ပိုင်းတွေမှာ ဆွေးနွေးရမယ်။ညှိနှိုင်းရမယ်”ဟု PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောကြားသည်။

Public Service Announcement
ထိုသို့ ဆွေးနွေးညှိနှိုင်းပြီး အဆုံးအဖြတ်လုပ်ဆောင်ရာတွင် ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအားကောင်းရေး(Bottom up Federalism Approach)အရလူထုဆန္ဒကို အခြေခံပြီး ဖြေရှင်းရမည်ဟု ခွန်မြင့်ထွန်းက ပြောသည်။
တအာင်းနိုင်ငံရေးအတိုင်အပင်ခံကော်မတီ (TPCC) အားတအာင်းပြည်ကောင်စီ (TLC) အဖြစ် ပြောင်းလဲဖွဲစည်းပြီး အမျိုးသားညီညွတ်ရေးအတိုင်အပင်ခံကောင်စီ (NUCC) တွင် တအာင်းပြည်ကောင်စီ (TLC) က ဆက်လက်ပါဝင်ခြင်းကိုလည်း ဝမ်းမြောက်ဂုဏ်ယူကြောင်းလည်း PFNCက ဖော်ပြသည်။

ပအိုဝ်းပြည်သူများ၊ တအာင်း ပြည်သူများနှင့် ဗမာပြည်သူများအပါအဝင်ဒေသအသီးသီးရှိလူမျိုးပေါင်းစုံပြည်သူလူထုတစ်ရပ်လုံးပါဝင်ဆင်နွှနေသောလူထုနွေဦးတော်လှန်ရေး၏ပင်မနိုင်ငံရေး ရေစီးကြောင်း (Political Mainstream) သည် စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး ဖြစ်ကြောင်း PNFCက ဆိုသည်။
ယနေ့ပဋိပက္ခသည်အထက်ပါ ပင်မနိုင်ငံရေးရေစီးကြောင်းကို ဆန့်ကျင်ပြီးလူမျိုးတစ်မျိုးတစ်စုတစ်ဖွဲ တစ်ဦးတစ်ယောက်၏အကျိုးစီးပွားကို ကာကွယ်တည်ဆောက်နေသောစစ်အုပ်စုနှင့်စစ်အာဏာရှင်စနစ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ပြီး ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်လိုသော လူမျိုးပေါင်းစုံ ပြည်သူလူထု အကြားက တိုက်ပွဲဖြစ်သည်ဟုလည်း ဖော်ပြသည်။
အာဏာရှင်စစ်အုပ်စုက နိုင်ငံရေးစစ်ရေး သံတမန်ရေး အုပ်ချုပ်ရေး အပါအဝင် စစ်မျက်နှာ အဖက်ဖက်တွင် ကျဆုံးနေပြီး နယ်မြေလက်လွတ်ဆုံးရှုးရမှုများနှင့်အတူ စစ်အာဏာရှင် ယန္တရားများပြိုကျ သထက် ပြိုကျလာနေသည်နှင့်အမျှ အုပ်ချုပ်ရေး လစ်ဟာမှု မရှိစေရန် စစ်ကောင်စီအုပ်ချုပ်ရေး နေရာတွင် တော်လှန်ရေး အုပ်ချုပ်မှုယန္တရားများကို အလျင်အမြန် အစားထိုးတည်ဆောက်ရန် လိုအပ်လျက်ရှိကြောင်းလည်း PNFC ကြေညာချက်၌ ပါရှိသည်။
PNFC နှင့် TPCC အပါအဝင် တော်လှန်ရေးအင်အားစုများကဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်(FDC) ကို ပထမအကြိမ် ပြည်သူ့ညီလာခံတွင် စုပေါင်းအတည်ပြုခဲ့ကြပြီး FDC ပြဋ္ဌာန်းချက်ပါ ဖက်ဒရယ်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး စံတန်ဖိုးများကို လက်ခံအသိအမှတ်ပြုခဲ့ ကြပြီးဖြစ်ဟုဆိုသည်။
PNFC နှင့် TPCC သည် အမျိုးသားညီညွတ်ရေးအတိုင်အပင်ခံကောင်စီ (NUCC) တွင် တက်ကြွသောအဖွဲဝင်အဖွဲအစည်းများအဖြစ်ပါဝင်ဆောင်ရွက်နကြောင်း၊အထက်ပါစံတန်ဖိုးများကို အခြေခံ၍ ပြည်နယ်အားကောင်းရေးမှသည်ပြည်ထောင်စုအားကောင်းရေး(Bottom-up Federalism Approach)တနည်းအားဖြင့် လူထုနှင့်အနီးဆုံးအဆင့်တွင် အစိုးရယန္တရား တည်ဆောက် ရေး မူသဘောတရား (Subsidiarity Principle) ကို အခြေခံ၍ Bottom-up Federalism နှင့်အတူပြည်သူ့ဦးဆောင် နိုင်ငံရေးစနစ် (Civilian Supremacy) ကို တော်လှန်ရေးကာလအတွင်းမှာပင် TLC က အတတ်နိုင်ဆုံး ဖော်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းလည်း PNFCက ဖော်ပြသည်။
တအာင်းပြည်ကောင်စီ TLCကိုTNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားပြီး တအာင်းနိုင်ငံရေးပါတီ TNP၊ အရပ်ဖက်အဖွဲ့ကိုယ်စားလှယ်များပါဝင်သောကိုယ်စားလှယ်များဖြင့် စုဖွဲ့ထားခြင်းဖြစ်သည်။ တအာင်းပြည်ကောင်စီသည် TNLAနှင့် မဟာမိတ်များ ဦးဆောင်ပြီး စစ်ကောင်စီကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့သည့် နယ်မြေများကို အခြေခံပြီး တအာင်းပြည် တော်လှန်ရေးကာလ ပြည်သူ့အစိုးရတစ်ရပ်ကို ၂၀၂၅ အတွင်း ဖွဲ့စည်းနိုင်ရန် အမြန်ဆုံး ကြိုးပမ်းမည်ဟု အသိပေးထားသည်။


















































