“စစ်ထဲရောက်လာတာကတော့ ရန်ကုန်မှာ အကင်ရောင်းနေရင်းနဲ့ ပေါ်တာနဲ့မိတာ”
—မောင်နေထက်လင်း
■တပ်သားသစ်များကိုရှေ့ပွိုင့်ထား၍တိုက်ခိုင်း၊ ဒဏ်ရာရပါကအရာရှိများကိုသာဆွဲပြီး တပ်သားသစ်များကိုထားပစ်ခဲ့ဟု ထွက်ဆို
ဇွန်-၂၄၊၂၀၂၅။ထားမြတ်/People’s Spring
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ၊ကန့်ဒေါင့် ရဲစခန်းအား ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)နှင့် မဟာမိတ်များကတိုက်ခိုက် သိမ်းပိုက်ပြီးနောက် ဖမ်းမိခဲ့သည့် စစ်သုံ့ပမ်း ၄ဦးအနက် ၃ဦးမှာ စစ်ကောင်စီက အဓမ္မ စစ်သား စုဆောင်းထားသည့်တပ်သားသစ်များဖြစ်ပြီး သင်တန်းအပြီးရှေ့တန်းသို့ ပို့ဆောင်ခံရသူများဖြစ်ဟု ကာကယံရှင်တပ်သားသစ်များကထွက်ဆိုသည်။
စစ်စခန်းအဖြစ်အခိုင်အမာ ခံစစ်ပြင်ထားသောကန့်ဒေါင့်ရဲစခန်းကို PLA ၏ ဦးဆောင်မှုဖြင့် မဟာမိတ်တပ်ပေါင်းစုက ဇွန်လ ၁၉ ရက် တွင် သိမ်းပိုက်နိုင်ခဲ့သည်။ကန့်ဒေါင်စခန်းသိမ်းတိုက်ပွဲမှ ဖမ်းမိ သုံ့ပန်းများအား စစ်ဆေးမေးမြန်းချက် ရုပ်သံကို PLAက ဇွန်လ ၂၃ရက်တွင် ထုတ်ပြန် ခဲ့ရာ ၁ဦးမှာ အသက် ၁၅ နှစ်သာ ရှိသေးသည်။

Public Service Announcement
ရန်ကုန်တွင်အကင်ရောင်းနေစဥ် စစ်ကောင်စီက ပေါ်တာဆွဲ ၊ စစ်သင်တန်းပို့၊ သင်တန်းအပြီးရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ခံခဲ့ရဟု ကာယကံရှင်မောင်နေထက်လင်းက ထွက်ဆိုသည်။
“စစ်ထဲရောက်လာတာကတော့ ရန်ကုန်မှာ အကင်ရောင်းနေရင်းနဲ့ ပေါ်တာနဲ့မိတာ။ သူတို့ သင်တန်းကျောင်းကိုပို့တယ်ပေါ့။ သားက ၁၅နှစ်။ သင်တန်းကျောင်းကို ပို့တော့ သင်တန်းကျောင်းကို ရောက်သွားတယ်။” ဟု မောင်နေထက်လင်းက ပြောသည်။
တောင်တွင်းကြီး၌ သင်တန်း ၅လ တက်ရောက်ပြီးနောက် ပခုက္ကူ တပ်သို့ ရောက်ရှိခဲ့ကြောင်း၊ ယင်းတပ်၌ မွမ်းမံသင်တန်းတက်ရောက်ခဲ့ရပြီး ရဟတ်ယာဉ်ဖြင့် အင်မထီးရွာသို့ ပို့ကြောင်း၊ ထို့နောက် လက်နက်ခဲယမ်းများယူပြီး စစ်ကြောင်းထိုးလာစဉ် တိုက်ပွဲဖြစ်ကာ စစ်ကောင်စီတပ်များ အထိနာ၍ တပ်ဆုတ်သွားခြင်းဖြစ်သည်ဟု ပြောသည်။
“ညီလေးတို့အိပ်ပျော်ကျန်ခဲ့တာပေါ့။မနှိုးသွားကြဘူး။ သူတို့ ပြန်ဆုတ်သွားကြတယ်”ဟု မောင်နေထက်လင်းက ပြောသည်။
စစ်အာဏာရှင်အောက်မှာနေပါက သေရင်တောင်လူလိုသေရမည်မဟုတ်ဟုလည်း မောင်နေထက်လင်းက ပြောသည်။
“ဒီကောင်တွေက သူ့လူမှန်လည်း တက်မဆွဲကြဘူး။သူတို့ကအရာရှိမှန်မှတက်ဆွဲတာ။” ဟုလည်း မောင်နေထက်လင်းက ပြောသည်။
ရန်ကုန်အဝေးပြေးကားကွင်း၌ပေါ်တာဆွဲခံရပြီး စစ်သားစုဆောင်းခံရသည့် တပ်သားစိုးတာကလည်း ၎င်းသည် ပင်လောင်း၌ သင်တန်း ၅လ တက်ခဲ့ရကာ ပခုက္ကူသို့ ရောက်ရှိခဲ့ကြောင်း၊ ထို့မှတဆင့် ပုလဲမြို့နယ် အင်မထီးရွာ သို့ စစ်ကူသွားရခြင်းဖြစ်ကြောင်း ပြောသည်။
“နှစ်ရက်သုံးရက်လောက်နေတော့ တိုက်ပွဲက အကြီးအကျယ်တွေဖြစ်တော့ ဆက်တိုက်လို့မရတော့ဘူး။ အဲဒါနဲ့ အကြီးအကဲတွေက ဆုတ်မယ် ဆုတ်မယ်ဆိုပြီးဆုတ်တယ်။ ကျနော်က မဆုတ်ခင် တရက်လောက်အလိုက ဒဏ်ရာရထားပါတယ်။ရင်ဘက်မှာ ဒဏ်ရာ ၁ချက်ရထားပါတယ်။ အဲဒါနဲ့ ဆုတ်မယ်ဆုတ်မယ်ဆို နောက်ရက်ကျတော့ ညတွင်းချင်းပဲ ၁၁ခွဲလောက်ဆုတ်ပါတယ်။ ဆုတ်ရင်း ဆုတ်ရင်းနဲ့လူနာတွေကကျန်ခဲ့တဲ့သူကကျန်ခဲ့။ ကျနော်က အမောဖောက်ပြီး ကျန်ခဲ့တာဖြစ်ပါတယ်” ဟု တပ်သား စိုးတာက ပြောသည်။
စစ်မှုထမ်း တပ်သားသစ် တပ်သား ရဲကျော်ကျော်ကလည်း၎င်းသည်ဗထူးကသင်တန်းဆင်းလာသူဖြစ်ပြီး မုံရွာကို လေယာဉ်ဖြင့် သွားရကြောင်း၊ ထို့နောက် လက်နက်တပ်ဆင်ပြီး အင်မထီးရွာကို လေကြောင်းမှ သွားရခြင်းဖြစ်သည်ဟု ပြောပြသည်။
ပြည်သူ့စစ် ၁၀ဦးကို ပွိုင့်ထွက်ခိုင်းရာ ထိတွေ့မှု ဖြစ်ခဲ့ပြီး ပြည်သူ့စစ် ၃ဦး သေဆုံးခဲ့ကြောင်း၊ တပ်ကြပ်ကြီး တဦးကိုမူ ပေါင်မှန်၍ ပြန်ဆွဲသွားပြီး တပ်သား ရဲကျော်ကျော်ကို သေပြီဆိုကာ ထားခဲ့ကြောင်း ပြောပြသည်။
“လည်ပင်းကနေဖောက်ထွက်သွားတာ။ PLA စစ်သည်တွေနဲ့ တွေ့ဆုံပြီးတော့ကျနော့်ကို ကျန်းမာရေးတွေ စောင့်ရှောက်ပါတယ်။ ယနေ့ အချိန်ထိလည်း ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်ထားပါတယ်။ အခြား ရဲဘော်တွေကို ပြောချင်တာကတော့ ဆရာဆရာကြီးတွေတကယ် တာဝန်ကျေကျေနဲ့ သစ္စာရှိရှိ လုပ်တဲ့ ဆရာဆရာကြီးတွေကို ကျနော် အကြံပြုချင်တာ။ အကြံပြုချင်တာက လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့နေရာမှာမှားလားမှန်လား ကိုယ့်ဟာကိုယ် သေချာ ဆုံးဖြတ်ချက်ချပါ။ တကယ်လို့ ကိုယ်ဆုံးဖြတ်ချက် သေချာချပြီးသွားပြီဆိုရင် ပြည်သူနဲ့ ပူးပေါင်းပါ” တပ်သား ရဲကျော်ကျော်က ပြောသည်။
အဖမ်းခံရသူလေးဦးအနက် ၁ဦးမှာ ရဲအရာခံဗိုလ် ရှိန်းကိုကိုကျော်ဖြစ်ပြီး ၎င်းသည် ၁၉၉၉ ကတည်းက ရဲတပ်ဖွဲ့သို့ရောက်ရှိခဲ့ဟု ပြောပြသည်။ ကန့်ဒေါင့် နယ်မြေရဲစခန်း၌ ထမ်းဆောင်စဉ် တိုက်ပွဲဖြစ်ပွားရာ တပတ်ခန့်အကြာတွင်ပြောင်းရွှေ့တပ်ဖွဲ့ဝင်များနှင့်အတူအင်မထီးရွာဘက်ဆုတ်ခွာစဉ်တိုက်ပွဲဖြစ်ပြီး ဒဏ်ရာရခဲ့ကြောင်း ပြောပြသည်။
ကျန်းမာရေးကောင်းသွားပါက မိသားစုဖြင့်တွေ့လိုကြောင်း၊ ကျန်နေသည့် တပ်ဖွဲ့ဝင်များစဉ်းစားဆုံးဖြတ်ပြီးအလုပ်ဆက်လုပ်သင့် မသင့်သေချာဆုံးဖြတ်သင့်ဟု ရဲအရာခံဗိုလ် ရှိန်းကိုကိုကျော်က ပြောသည်။
စစ်ကောင်စီတပ်သည် နိုင်ငံတဝန်းလူငယ်လူရွယ်များစွာကို ပုံစံမျိုးစုံဖြင့် စစ်သားစုဆောင်းပြီး ကာလတို စစ်သင်တန်းပေးကာ ရှေ့တန်းသို့ ပို့စစ်တိုက်ခိုင်းနေ၍ တိုက်ပွဲများ၌ စစ်မှုထမ်း တပ်သားသစ်များသေဆုံးထိခိုက်မှုများစွာ ရှိနေသကဲ့သို့ တဦးချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ တော်လှန်ရေးတပ်များထံ သွားရောက်ပူးပေါင်းကြသည့် စစ်မှုထမ်းများလည်း ရှိသည်။


















































