ဇူလိုင်-၁၊ ၂၀၂၅။ ဇေအောင်/People’s Spring
မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ပါဆယ်နဲ့ ထောင်ဝင်စာဧည့်တွေ့ခွင့် ကန့်သတ်ထားပြီး သံခြေကျင်းခတ်ကာ တိုက်ပိတ်ထားဆဲဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်ပါတယ်။
ဇွန်လ(၁၂)ရက်က မုံရွာအကျဉ်းထောင်ကနေ မန္တလေးအိုးဘိုအကျဉ်းထောင်ကို ပြောင်းရွှေ့ခံရတဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ဟာ သံတုတ်နဲ့ ရိုက်နှက်ခံရမှုကြောင့် နဖူးကွဲဒဏ်ရာရရှိပြီး သွေးထွက်လွန်ကာ သတိမေ့မျောသွားခဲ့ကြောင်း၊ ကိုဝေမိုးနိုင်ဟာ ဆေးကုသမှုခံယူရမယ့် အခြေအနေအထိရောက်ခဲ့ပေမဲ့ ထောင်အာဏာပိုင်တွေက ထောင်တွင်းဆေးရုံသို့ ပို့ဆောင်ကုသပေးခြင်းမရှိခဲ့ကြောင်း PPNMက အသိပေးပါတယ်။
ဒါ့အပြင် ကိုဝေမိုးနိုင် သတိပြန်ရတာနဲ့ တပြိုင်နက် ခြေကျင်းခတ်ပြီး သီးခြားတိုက်မှာ တိုက်ပိတ်ပြစ်ဒဏ်ပေးထားကြောင်း၊ ပါဆယ်နဲ့ ထောင်ဝင်စာဧည့်တွေ့ခွင့်ကိုပါ ကန့်သတ်ထားကြောင်း PPNMက ဖော်ပြပါတယ်။

Public Service Announcement
“ကိုဝေမိုးနိုင် လက်ရှိတော့ သွေးအားနည်းတဲ့ အခြေအနေတော့ ဖြစ်တယ်။ ခန္ဓာကိုယ်ကလည်း ဝိတ်ရှိတဲ့အခါမှာ သံခြေကျင်းက တော်တော်လေးတော့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲ ပိုဖြစ်စေတယ်။ သံခြေကျင်းတွေခတ်ထားတော့ လမ်းလျှောက်ရတဲ့အခါမျိုးမှာ ခြေထောက်တွေ နာကျင်ထိခိုက်တာမျိုး၊ သံချေးစားတာမျိူး ဒါတွေပါဖြစ်ပါတယ်။ ပြီးတော့ ရိုက်နှက်ခံရတဲ့ဒဏ်ရာက ပြင်းပြင်းထန်ထန်လည်း ရထားတော့ လုံလောက်တဲ့ဆေးကုသမှုလည်း မရတဲ့အခြေအနေတခုမှာတော့ အသက်ရှင်သန်ပိုင်ခွင့်ကို ပေါ်ပေါ်တင်တင်ခြိမ်းခြောက်ခံရတဲ့ဖြစ်စဥ်တွေ ဖြစ်နေတယ်လို့ ပြောချင်ပါတယ်”လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။
စစ်ကောင်စီဟာ ဇွန်လ(၁၂)ရက်က ကိုဝေမိုးနိုင်နဲ့ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားအကျဉ်းသူ(၂၀၀)ဦးဝန်းကျင်ကို မုံရွာအကျဥ်းထောင်ကနေ မန္တလေးအိုးဘိုအကျဥ်းထောင်ကို ထောင်ပြောင်းရွှေ့ခဲ့ပါတယ်။ ထောင်ပြောင်းနဲ့ ရောက်ရှိလာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ထောင်ဗူးဝမှာတင် ရိုက်နှက် နှိပ်စက်ခဲ့ကြတယ်လို့ သိရပါတယ်။
မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ဦးတည်ပြီး အကျဉ်းဦးစီးဝန်ထမ်းအရာရှိတစ်ဦးကနေ သံတုတ်နဲ့ စတင်ရိုက်ရာကနေ တခြားအကျဥ်းသားတွေကိုပါ ရိုက်နှက်ခဲ့တာလို့ သိရပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် မုံရွာမြို့မှာ အေးချမ်းစွာ ဆန္ဒပြခဲ့တဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ၂၀၂၁ ခုနှစ် ဧပြီလ ၁၅ ရက်က စစ်တပ်ကနေ ကားနဲ့တိုက်ဖမ်းပြီး ထောင်ချခဲ့ပါတယ်။ အဲဒီနောက် ကိုဝေမိုးနိုင်ကို ပုဒ်မပေါင်းစုံနဲ့ စစ်ကောင်စီက တရားစွဲဆိုပြီး ထောင်ဒဏ် နှစ်(၇၀) ကျော် ချမှတ်ထားပါတယ်။
