စက်တင်ဘာ ၂၆၊ ၂၀၂၆။ ဇေအောင်/People’s Spring
ဘုတလင်မြို့နယ်မှာ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဝေမိုးနိုင် မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်ဒါလေး ရွေ့လျားစာကြည့်တိုက်ကို စတင်ဖွင့်လှစ်လိုက်ပါတယ်။
ဒီနေ့ စက်တင်ဘာ ၂၆ ရက်ဟာ မတရားဖမ်းဆီးခံထားရတဲ့ ကိုဝေမိုးနိုင်ရဲ့ (၃၁)နှစ်ပြည့် မွေးနေ့ဖြစ်ပြီး စစ်အာဏာရှင်ရဲ့ ယုတ်မာမှုကို အကျဉ်းထောင်အတွင်းကနေ ကြံ့ကြံ့ခံ ရင်ဆိုင်နေတဲ့ ကိုဝေမိုးနိုင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပြည်သူလူထုက ချစ်စနိုးခေါ်ကြတဲ့ သူ့အမည် ပန်ဒါလေးကို အစွဲပြုပြီး ရွေ့လျားစာကြည့်တိုက်လေး (၁)ခု စတင်လိုက်ကြောင်း ဘုတလင်မြို့နယ် သပိတ်အင်အားစုက အသိပေးပါတယ်။
ကိုဝေမိုးနိုင်ဟာ ငယ်ကတည်းက စာဖတ်နာခဲ့သူဖြစ်ပြီး အသက်(၁၃)နှစ်ဝန်းကျင်ကတည်းက စာရေးခဲ့သူဖြစ်ကြောင်း၊ ဒါ့ကြောင့် ရွေ့လျားစာကြည့်တိုက်လေးမှာ သူ့အမည်ပေးကာ ဂုဏ်ပြုတာဖြစ်ကြောင်း ဘုတလင်မြို့နယ်သပိတ်အင်အားစုရဲ့ အဖွဲ့ဝင် ကိုရှင်းသန့်က ပြောပါတယ်။

Public Service Announcement
“သူ့ရဲ့မွေးနေ့ကိုလည်း ဂုဏ်ပြုချင်တာပါသလိူ ဒေသတွင်းမှာရှိတဲ့လူငယ်တွေ၊ ပိုပြီးတော့ စာဖတ်ရှိ မြှင့်တင်လာဖို့ရယ်၊ ပြီးရင် ကလေးငယ်တွေ စိတ်လက် ကြည်ကြည်သာသာနဲ့ ပျော်ပျော်ရွှင်ရွှင် ခဏတဖြုတ်ပဲ ဖြစ်ဖြစ် နားနေနိုုင်ဖို့အတွက် ရည်ရွယ်ချက်လည်း ပါပါတယ်”လို့ ကိုရှင်းသန့်က ပြောပါတယ်။
စစ်အာဏာရှင်ကို တော်လှန်ရင်း ပိုပြီးကောင်းမွန်တဲ့ နိုင်ငံတော်သစ်ကို တည်ဆောက်တဲ့အခါမှာ စာကြည့်တိုက်တွေကလည်း အရေးပါတဲ့နေရာမှာ တည်ရှိနေတာမို့ အခက်အခဲကြားက စတင်ခဲ့တာလို့ သိရပါတယ်။
ဒီစာကြည့်တိုက်လေးမှာ စာအုပ်တွေလည်း ဖတ်လို့ရတဲ့အပြင် ကလေးငယ်တွေ ခဏတာပဲဖြစ်ဖြစ် ပျော်ရွှင်စေဖို့ အရောင်ခြယ်တာ ကစားတာတွေလည်း လုပ်ပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် မုံရွာမြို့မှာ အေးချမ်းစွာ ဆန္ဒပြခဲ့တဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ၂၀၂၁ ဧပြီ ၁၅ ရက်မှာ စစ်တပ်က ကားနဲ့တိုက်ဖမ်းပြီး ထောင်ချခဲ့ပါတယ်။ အဲဒီနောက် ကိုဝေမိုးနိုင်ကို ပုဒ်မပေါင်းစုံနဲ့ စစ်ဝ၌္က တရားစွဲဆိုပြီး ထောင်ဒဏ် နှစ်(၇၀)ကျော် ချမှတ်ထားပါတယ်။


















































