Connect with us

Hi, what are you looking for?

သတင်း

ထောင်ဝင်စာဧည့်တွေ့ခွင့် အကျဉ်းထောင်အချို့မှာ စဖွင့်ပေး

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့စာရင်းအရ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားနှစ်သောင်းနီးပါး ရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ် လွတ်ငြိမ်းမှာ အင်းစိန်ထောင်ရှေ့မြင်ကွင်း
ပြီးခဲ့တဲ့နှစ် လွတ်ငြိမ်းမှာ အင်းစိန်ထောင်ရှေ့မြင်ကွင်း

ကိုဗစ်ကာလကတည်းက ပိတ်ထားတဲ့ ထောင်ဝင်စာဧည့်တွေ့ခွင့်ကို စစ်ကောင်စီက ဒီနေ့( အောက်တိုဘာ ၂၄) ကစတင်ပြီး အကျဉ်းထောင်အချို့မှာ ပြန်ဖွင့်ပေးလိုက်ပါတယ်။

ထောင်ဝင်စာ ဧည့်တွေ့ခွင့် စတင်တဲ့ ထောင်တွေမှာ မန္တလေး အိုးဘိုထောင် ၊မြင်းခြံထောင် ၊ သာယာဝတီထောင် ၊ ညောင်ရွှေထောင် ၊ မြိတ်ထောင် ၊ ပုသိမ်ထောင်တို့ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားမိသားစု အသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။

နိုင်ငံရေးအကျဉ်းသားအများအပြားဖမ်းဆီးထားတဲ့ အင်းစိန်အကျဉ်းထောင်ကိုတော့ စစ်ကောင်စီက ထောင်ဝင်စာ ဧည့်တွေ့ခွင့် မဖွင့်ပေးသေးပါဘူး။

အင်းစိန်ထောင် ကို လာမယ့် နိုဝင်ဘာလ ပထမပတ်အတွင်း ထောင်ဝင်စာ ပြန်ဖွင့်ပေးဖွယ်ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားအရေးကူညီပေးနေသူ ရှေ့နေတစ်ဦးက ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

ထောင်ဝင်စာ ဧည့်တွေ့ခွင့် ပြန်ဖွင့်ပေးတဲ့ ထောင်တွေမှာ တစ်နေ့ကို လူဦးရေ ၁၂၀ ထိ တွေ့ ခွင့်ပြုဖို့စစ်ကောင်စီက စီစဉ်ထားတာပါ။

အကျဉ်းချခံရသူ နဲ့ မိသားစုဝင် ၂ ဦးတို့ မိနစ် ၂၀ တွေ့ခွင့်ရမယ်လို့လည်း သိရပါတယ်။

အကျဉ်းထောင်ဥပဒေအရ အကျဉ်းသားတွေဟာ တစ်ပတ်ကို တစ်ကြိမ် မိသားစုနဲ့ ထောင်ဝင်စာ တွေ့ခွင့် ရှိပါတယ်။ ၂၀၂၀ နှစ်ကုန်ပိုင်းမှာတော့ ကိုဗစ် ကူးစက်မှု ထိန်းချုပ်ဖို့အတွက် NLD အစိုးရက ထောင်ဝင်စာ ပိတ်ခဲ့တာပါ။

အဲဒီနောက် အာဏာသိမ်းစစ်ကောင်စီကလည်း ထောင်ဝင်စာတွေ့ခွင့်ကို ဆက်ပိတ်ထားခဲ့ပြီး ၃ နှစ်ကျော်ကြာမှ ပြန်ဖွင့်ပေးတာဖြစ်ပါတယ်။

ဒီလို ဖွင့်ပေးရာမှာလည်း ကန့်သတ်ချက် အများအပြားထုတ်ထားတာတွေ့ရပါတယ်။ ထောင်ဝင်စာ လာတွေ့မယ့် မိသားစုဟာ တစ်ပတ်အတွင်းလုပ်ထားတဲ့ ရပ်ကွက်ထောက်ခံစာ ၊ ရဲစခန်းထောက်ခံစာ၊ ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးထားတဲ့အထောက်အထားတွေပြရမှာပါ။

အဲဒီအချက်အလက်တွေ ပါမှ ထောင်ဝင်စာ တွေ့ခွင့်ပြုတာလို့ သာယာဝတီအကျဉ်းထောင်မှာ မတရားဖမ်းခံထားရတဲ့ နိုင်ကျဉ်းသမီးဖြစ်သူနဲ့ ဒီနေ့မှာ သွားရောက်တွေ့ဆုံဖို့ ကြိုးပမ်းခဲ့သူ မိခင်တစ်ဦးက ပြောပြပါတယ်။

” မနက်အစောကြီးကတည်းက စောင့်နေကြတာ ၊ သူတို့တောင်းတဲ့စာရွက်မပါလို့ ပြန်ရသူတွေ ရှိတာပေါ့” လို့ နိုင်ကျဉ်း မိခင်က ဆိုပါတယ်။

ဒါအပြင် သေဒဏ်ချခံထားရသူတွေ ၊ တသက်တကျွန်း ချခံရသူ တွေကိုလည်း ထောင်ဝင်စာ တွေ့ခွင့်မပြုသေးဘူးလို့သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့စာရင်းအရ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားနှစ်သောင်းနီးပါး ရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

သမ္မတ ဦးဝင်းမြင့် တောင်ငူအကျဉ်းထောင်ကနေ နေအိမ်ကို ပြန်လည်ရောက်ရှိပြီလို့ စာရေးဆရာ ဦးထင်လင်းဦးက သူရဲ့ဖေ့ဘွတ်ခ်ကနေ အသိပေးပါတယ်။

ဆောင်းပါး

စစ်ကောင်စီက လွှတ်ပေးဦးမယ်အထင်နဲ့ အကျဥ်းထောင်တွေရဲ့ရှေ့မှာ အကျဥ်းကျမိသားစုဝင်တွေဟာ ညနက်သည်အထိ စောင့်ဆိုင်းခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ အာဏာသိမ်းတဲ့ (၅)နှစ်ပြည့်မှာ စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသူတွေက သွေးသစ္စာသီချင်း သံပြိုင်သီဆိုပြီး အချက်သုံးချက် တောင်းဆိုခဲ့တယ်လို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီကထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

ကြွယ်ဝချမ်းသာတဲ့ တရုတ် အကျဉ်းသားတွေကို အခွင့်ထူးခံအဖြစ် ဆက်ဆံခဲ့ကြောင်း စွပ်စွဲမှုနဲ့အတူ ထိုင်းအကျဉ်းထောင် တစ်ခုရဲ့ အရာရှိတွေဟာ ရာထူးကနေ ဆိုင်းငံ့ ခံခဲ့ရပါတယ်။