Connect with us

Hi, what are you looking for?

သတင်း

ဘက်ပြောင်းခိုလှုံလာသည့် သုခတပ်စခန်းတာဝန်ခံ ဗိုလ်ကြီးမျိုးဆွေဦးအတွက်ဂုဏ်ယူကြောင်း KNU တပ်မဟာ(၄)ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် မြန်မာ-ထိုင်းနယ်စပ်ရှိ သုခ စစ်ကောင်စီတပ်စခန်းမှ စခန်းတာဝန်ခံ ဗိုလ်ကြီးမျိုးဆွေးဦး(ခ) စောမိုးဇက် ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်းခိုလှုံလာခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄)က ယနေ့ (ဇူလိုင် ၁၀ရက်) ထုတ်ပြန်သည်။

ဘက်ပြောင်းခိုလှုံလာသည့် သုခတပ်စခန်းတာဝန်ခံ ဗိုလ်ကြီးမျိုးဆွေဦး။ ဓာတ်ပုံ - Screen Grab

“စစ်ဗိုလ်တွေ၊ စစ်သားတွေ ပြည်သူလူထုကိုချစ်မယ်ဆိုရင် ပြည်သူလူထုဖိနှိပ်ခံရတာကို ကိုယ်ချင်းစာပေးပါ။ ပြီးတော့ စစ်ကောင်စီရဲ့ လက်အောက်ခံဘ၀ကနေ ထွက်ခွာသွားပေးပါ။ ကျနော်တို့ တော်လှန်ရေးနဲ့ ပြည်သူလူထုနဲ့အတူ ရပ်တည်ပေးပါ”

— ပဒိုစောအယ်နား

ဇူလိုင် ၁၀၊၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် မြန်မာ-ထိုင်းနယ်စပ်ရှိ သုခ စစ်ကောင်စီတပ်စခန်းမှ စခန်းတာဝန်ခံ ဗိုလ်ကြီးမျိုးဆွေးဦး(ခ) စောမိုးဇက် ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်းခိုလှုံလာခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄)က ယနေ့ (ဇူလိုင် ၁၀ရက်) ထုတ်ပြန်သည်။

စစ်ကောင်စီ၏ ခလရ (၂၈၂)တပ်ရင်း စစ်ကြောင်း (၂) စစ်ကြောင်းမှူး သုခစခန်း တာဝန်ခံ ဗိုလ်ကြီးမျိုးဆွေဦးသည် ၎င်း၏ သဘောဆန္ဒအရ စစ်အာဏာရှင်အုပ်ချုပ်မှု ဆန့်ကျင်၍ ဇူလိုင် ၁ရက်တွင် ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်းခိုလှုံလာခဲ့ခြင်းဖြစ်သည်။ ဗိုလ်ကြီးမျိုးဆွေဦးသည် KNU တပ်မဟာ-၄ တပ်ရင်း(၁ဝ)သို့ ဘက်ပြောင်းခိုလှုံလာခြင်းဖြစ်သည်။ ထိုသို့ ပြတ်သားခိုင်မာသောဆုံးဖြတ်ချက်ဖြင့် ဘက်ပြောင်းခိုလှုလာသူ ဗိုလ်ကြီး မျိုးဆွေဦးအား လှိုက်လှဲနွေးထွေးစွာ ကြိုဆိုကြောင်း ဖော်ပြထားသည်။

ဗိုလ်ကြီးမျိုးဆွေဦးအနေဖြင့် ဘက်ပြောင်းခိုလှုံလာပြီး တော်လှန်ရေး၌ ဆက်လက်ပါဝင်ပါက ဝမ်းသာကြောင်း KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

Public Service Announcement

Public Service Announcement

” ဒါပေမဲ့ သူ့ရဲ့ ဆန္ဒအတိုင်းပဲ ကျနော်တို့က ဆုံးဖြတ်မယ်ပေါ့”ဟု ပဒိုစောအယ်နားက ပြောသည်။

ဗိုလ်ကြီးမျိုးဆွေဦးသည် လက်နက်ခဲယမ်းများ ယူဆောင်ကာ KNU တပ်မဟာ(၄) တပ်ရင်း(၁၀) တပ်ရင်းမှူးနှင့်ချိတ်ဆက်ပြီး ထွက်ခွာခဲ့ခြင်းဖြစ်သည်။ ဗိုလ်ကြီးမျိုးဆွေဦး ဘက်ပြောင်းခိုလှုံလာပြီးနောက် သုခစခန်းကို KNU တပ်မဟာ(၄) ပူးပေါင်းတပ်က ဇူလိုင် ၇ရက်တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၄ဦးမှာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားသည်။

ဘက်ပြောင်းခိုလှုံလာသည့် ဗိုလ်ကြီးမျိုးဆွေဦး၏ သဘောထားကိုလည်း KNU မြိတ်-ထားဝယ်ခရိုင်၏ ထုတ်ပြန်ချက်၌ ဖော်ပြခဲ့ရာ စစ်ကောင်စီသည် ၎င်းတို့ အာဏာတည်မြဲရေးအတွက် အကြောင်းပြချက် အမျိုးမျိုး ဖန်တီးပြီး ပြည်သူလူထုအပေါ် တရားမျှတမှုမရှိ၊ ထင်ရာစိုင်းလို သည့် စိတ် ဆန္ဒဖြင့်သာအကြမ်းဖက်တိုက်ခိုက်နေသည်ဟု ဗိုလ်ကြီးမျိုးဆွေဦးကပြောဆိုခဲ့သည်ဟု ဆိုသည်။

လူငယ်အများစုကိုအတင်းအဓမ္မ စုဆောင်းပြီး ပြည်သူ့စစ်အဖြစ်တာဝန်ထမ်းဆောင်စေသည်မှာအလွန်ဆိုးဝါးကြောင်း၊ အာဏာသိမ်း စစ်ကောင်စီသည် အထက်ပိုင်း ဗိုလ်ချုပ်ကြီးများသာ ကောင်းစားနေကြပြီး လက်အောက်ငယ်သားများ ဘဝမှာ မလုပ်ချင်ပဲလုပ်နေရ၊ မတိုက်ချင်ဘဲ တိုက်နေရပြီး ဆုပ်လည်းစူး၊ စားလည်းရူးဘဝဖြင့် စိတ်ဓါတ်ပျက်ပြားနေကြ၍ မကြာမီ စစ်ကောင်စီပြိုကွဲပျက်စီးသွားနိုင်ကြောင်း ဗိုလ်ကြီးမျိုးဆွေဦးက ပြောသည်။

တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်း များအနေဖြင့် အချင်းချင်း ပူးပေါင်းဆောင်ရွက်ကာ တနိုင်ငံလုံး စည်းစည်းလုံးလုံးဖြင့် ပူးပေါင်းတိုက်ပွဲဝင်သွားပါက စစ်ကောင်စီ ကို အမြစ်ဖြတ်ချေမှုန်း သွားနိုင်မည်ဖြစ်ကြောင်းလည်း ဗိုလ်ကြီးမျိုးဆွေဦးက ပြောသည်။

” အခုကတော့ ပြည်သူ့ရင်ခွင်ကိုသွားတော့မယ်။ ကျနော်တို့ အားလုံးရဲ့အကျိုးစီးပွားကိုပဲကြည့်ပြီးတော့ သွားတော့မယ်။ နောက်မှာလည်း ကျနော့်ကိုလာပြီး ကူညီပေးတဲ့ အဘကြီးပါ။ အသက်လည်းကြီးနေပါပြီ။ မှန်တာပဲလုပ်မယ်။ မှန်တဲ့ဘက်ပဲ ရပ်တည်တော့မယ်။ ခင်ဗျတို့လည်း ဆုံးဖြတ်ချက်ကို ကိုယ့်ဘာသာကိုယ် စဉ်းစား။ ကိုယ်နဲ့မဆိုင်တဲ့ အခန်းတွေမှာ ခင်ဗျတို့ ဘယ်လောင်တောင်ပြေးခဲ့ရပြီလဲဆိုတာ ခင်ဗျတို့ ပြန်တွေးကြည့်လိုက်ပေါ့။ ကိုယ်ကလုပ်နေတာပဲရှိတယ်။ ဘာမှမဖြစ်ဘူး။ ခင်ဗျတို့ သေသွားလည်း သူတို့က ဂေါက်ရိုက်မပျက်ဘူး။ ဝမ်းမနည်းဘူး။ ကျနော်တို့ လစာမရလည်း ဘာမှမဖြစ်ဘူး။ ဒီမှာ ပြည်သူလူထုယုံကြည်စိတ်ချရတဲ့ ပြည်သူလူထုအားကိုးတဲ့လူပဲ သွားတော့မယ် ကျနော်။ နှုတ်ဆက်ခဲပါတယ်။ အဲလိုပဲလာချင်တယ်ဆိုလည်း ကြိုဆိုပါတယ်။ ကျနော်တို့ လာကြိုပေးပါမယ်”ဟု ဗိုလ်ကြီးမျိုး​ဆွေဦး​က အလင်းဝင်ရောက်မှုနှင့်ပတ်သက်ပြီး ရုပ်သံတွင် ပြောထားသည်။

ဗိုလ်ကြီးမျိုးဆွေဦးအနေဖြင့်လည်း ပြည်သူလူထုလိုလားသည့် လွတ်လပ်တရားမျှတသည့် နိုင်ငံ ဖြစ်စေရေး စစ်ကောင်စီ ကိုအမြစ်ဖြတ် ချေမှုန်းရာတွင် ဆက်လက်ပါဝင်မည်ဖြစ်ကြောင်း အသိပေးကာ အနာဂတ် တိုင်းပြည်တိုးတက်ရေးအတွက် တဖက်တလမ်းမှ တတ်စွမ်းသရွေ့ ဆောင်ရွက်သွားမည်ဟု သဘောထား ဖော်ပြခဲ့သည်။

KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားကလည်း စစ်ကောင်စီတပ်အတွင်း ကျန်နေသည့် တပ်မှူး၊ တပ်သားများအနေဖြင့်လည်း စစ်ကောင်စီလက်အောက်က အမြန်ဆုံး ရုန်းထွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောသည်။

” ဘာဖြစ်လို့လဲဆိုရင် စကစက အာဏာရှင်ဖြစ်တယ်။ စကစက ကျနော်တို့ ဗမာပြည်ရဲ့ ပြည်သူ့တပ်မတော်မှ မဟုတ်တာ။ ဒါကကျနော်တို့က သိထားရမယ်။ ဒီဗမာပြည်က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ဖြေရှင်းရမယ်။ လက်နက်ကိုင်စစ်အုပ်စုနဲ့ဖြေရှင်းလို့မရဘူး။ အဲဒါကြောင့် တိုင်းရင်းသားပြည်သူလူထုကိုမျက်နှာကြည့်ပြီးတော့ စစ်တပ်က အာဏာကို ပြန်အပ်ပေးပါ။ ပြီးမှ ကျနော်တို့ ဒီတိုင်းပြည်ကို နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ဖို့ အဖြေရှာမယ်။ ပြီးတော့ တပ်မတော်ကလည်း တပ်မတော်သစ် ပြန်ထူထောင်မယ်။ ပြည်သူလူထုကိုယ်စားပြုတဲ့ တပ်မတော်စစ်စစ်ကို ကျနော်တို့ တည်ထောင်ရမယ်။” ဟု ပဒိုစောအယ်နားက ပြောသည်။

စစ်ကောင်စီဘက်က ရပ်တည်ပါက မတရားသည့် လုပ်ရပ်၊ မမှန်သည့် လုပ်ရပ်လုပ်ဆောင်ခြင်းဖြစ်ဟု ၎င်းက ဆိုသည်။

“ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုအတွက် တိုင်းပြည်အတွက် ရပ်တည်ပေးတာမဟုတ်ဘူး။ စစ်အုပ်စုရဲ့ အကျိုးစီးပွားရပ်တည်ပေးတာပဲဖြစ်တယ်။ မိမိရဲ့ အသက်ပေးဆပ်မှုတွေ ဘယ်သူ့မှ အကျိုးမရှိဘူး။ စစ်အုပ်စုတွေပဲ အကျိုးရှိတယ်။ အခုလောလောဆယ်မှာ စစ်ဗိုလ်တွေ စစ်သားတွေ ပြည်သူလူထုကိုချစ်မယ်ဆိုရင် ပြည်သူလူထုဖိနှိပ်ခံရတာကို ကိုယ်ချင်းစာပေးပါ။ ပြီးတော့ စစ်ကောင်စီ ရဲ့ လက်အောက်ခံဘ၀ကနေ ထွက်ခွာသွားပေးပါ။ ကျနော်တို့ တော်လှန်ရေးနဲ့ ပြည်သူလူထုနဲ့အတူ ရပ်တည်ပေးပါ။ အဲဒီလို တိုက်တွန်းချင်တယ်။ အဲဒါမှ ကျနော်တို့ မလိုလားတဲ့ စစ်အာဏာရှင် အချိန်တိုတိုလေးနဲ့ပြုတ်သွားမယ်” ဟု ပဒိုစောအယ်နားက ပြောသည်။

KNU မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄)သည် ဒေသတွင်း ပြည်သူကာကွယ်ရေးတပ်များ၊ အခြားတော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းပြီး စစ်ကောင်စီတပ်စခန်းများကို တခုပြီးတခု သိမ်းပိုက်လျက်ရှိရာ သုခစခန်း၊ငါးရံ့နီစခန်း၊ ဘောဒီစခန်း၊ ထီးခီးစခန်း၊ထီးထစခန်း စသည့် မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်ကောင်စီစခန်းများကို သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ် -ထားဝယ်ခရိုင် တပ်မဟာ(၄)က သိမ်းပိုက်ထားတဲ့ လယ်မူလား(ပုလော)မြို့နယ် လယ်ဖဒို (ကျောက်လုံးကြီး)ရွာက တပ်စခန်းကို အာဏာသိမ်းစစ်တပ်က ပြန်ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)နယ်မြေမှာ စစ်ကောင်စီ ရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို ဆက်လက်ပြုလုပ်လျက်ရှိကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ကိုအမြစ်ဖြတ်တိုက်ထုတ်ရန်ကရင်အမျိုးသားအစည်း အရုံး(KNU) မြိတ်-ထားဝယ်ခရိုင် ဥက္ကဋ္ဌ ပဒိုစောဖလိုစိုးဝင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်မဟာမှူးဗိုလ်မှူးချုပ်စောလေးထောက ယနေ့ ဩဂုတ် ၁၂ရက်က မြိတ်-ထားဝယ်ခရိုင်၌ ကျင်းပသည့် ကရင်အာဇာနည်နေ့ အခမ်းအနား၌ ပြောကြားခဲ့သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်-ထားဝယ်ခရိုင်တပ်မဟာ(၄) နယ်မြေတွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ စစ်ကောင်စီတပ်သား တစ်ဦး လက်နက်ခဲယမ်းများ ယူလာပြီး အလင်းဝင်လာကြောင်း KNU မြိတ်-ထားဝယ် ခရိုင်က ယနေ့(ဩဂုတ် ၁၀ရက်)တွင် သတင်းထုတ်ပြန်သည်။