ဩဂုတ်-၁၂၊ ၂၀၂၅။ ထားမြတ်/People’s Spring
စစ်အာဏာရှင်စနစ်ကိုအမြစ်ဖြတ်တိုက်ထုတ်ရန်ကရင်အမျိုးသားအစည်း အရုံး(KNU) မြိတ်-ထားဝယ်ခရိုင် ဥက္ကဋ္ဌ ပဒိုစောဖလိုစိုးဝင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်မဟာမှူးဗိုလ်မှူးချုပ်စောလေးထောက ယနေ့ ဩဂုတ် ၁၂ရက်က မြိတ်-ထားဝယ်ခရိုင်၌ ကျင်းပသည့် ကရင်အာဇာနည်နေ့ အခမ်းအနား၌ ပြောကြားခဲ့သည်။
(၇၅)နှစ်ပြည့် ကရင့်အမျိုးသားအာဇာနည်နေ့ ဂုဏ်ပြုပွဲအခမ်းအနားကို မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄)ဌာနချုပ် မယ်သမီးခီး(ထီးခီး)တွင် ကျင်းပခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ခဲ့သည်။
အခမ်းအနား၌ခရိုင်ဥက္ကဋ္ဌ နှင့် တပ်မဟာမှူး တက်ရောက်ခဲ့ကြောင်း ဖော်ပြထားပြီးခရိုင်နှင့်တပ်မဟာခေါင်းဆောင်များ၏ပြောကြားချက်ကို တပ်မဟာ(၄) သတင်းရင်းမြစ်က ဘာသာပြန် ပြောပြပေးသည်။

Public Service Announcement
“တပ်မဟာမှူး ပြောသွားတာက အာဇာနည်ခေါင်းဆောင်တွေနဲ့ ပြည်သူတွေ မလိုလားတဲ့ဟာက စစ်အာဏာရှင်စနစ်နဲ့ မဟာလူမျိုးကြီးဝါဒဆိုတဲ့ နှစ်ခုကို ကျဆုံးသွားတဲ့ ကျနော်တို့ရဲဘော်တွေ အသက်ပေးသွားတဲ့ ကျနော်တို့ ရဲဘော်တွေ ခေါင်းဆောင်တွေက အဲဒါကို မလိုလားတော့ သူတို့ တိုက်ပွဲဝင်တယ် တော်လှန်ရေးလုပ်တယ် အသက်ပေးတဲ့အထိ သူတို့ လုပ်ဆောင်ခဲ့တဲ့အတွက် သူတို့ မလိုလားတဲ့အရာကို ကျနော်တို့ တိုက်ထုတ်ရမယ်ဆိုတဲ့ဟာပေါ့” ဟု တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောသည်။
ထို့ပြင် ခရိုင်ဥက္ကဋ္ဌမှ လက်ရှိ နိုင်ငံရေး အခြေအနေကို ပြောပြခဲ့ဟု ၎င်းက ဆိုသည်။
“သူပြောချင်တာက တော်လှန်ရေးတလျှောက်လုံး အသက်ပေးသွားတဲ့ ခေါင်းဆောင်သော်လည်းကောင်း ရဲဘော်သော်လည်းကောင်း ပြည်သူ လူထု သော်လည်းကောင်း လေးစား ဂုဏ်ပြုတဲ့အနေနဲ့ ပြောသွားတယ်။ လက်ရှိ နိုင်ငံရေး အခြေအနေ နိုင်ငံရေးပြောင်းလဲမှု ရှိသလို ကျနော်တို့ကလည်း စစ်အာဏာရှင်ကို အမြစ်ဖြတ်တော်လှန်ရမယ်ဆိုတဲ့အရာကို သူပြောသွားတာပေါ့” ဟု တပ်မဟာ(၄) သတင်းရင်းမြစ်က ခရိုင်ဥက္ကဋ္ဌ၏ ပြောကြားချက်ကို ပြောသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်နှင့် တပ်မဟာမှ ဌာနဆိုင်ရာခေါင်းဆောင်များ၊ တပ်ပိုင်းဆိုင်ရာခေါင်းဆောင်များ၊ ကရင်လူငယ်အစည်းအရုံး ခေါင်းဆောင်များနှင့်ဌာနဆိုင်ရာလူငယ်များ၊ ကရင်အမျိုးသမီးခေါင်းဆောင်များ၊ ပြည်သူလူထုများ အပါအဝင် လူဦးရေ ၄၀၀ ကျော်တက်ရောက်ခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်သည်။





















































