Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကျင့်သုံးနေသော စနစ်နှင့် နည်းလမ်းများလက်မခံနိုင်၍ နတ်အိမ်တောင်စခန်းမှ တပ်ခွဲမှူးဗိုလ်ကြီးဇော်ဇော်အောင် ပြည်သူ့ရင်ခွင်ခိုလှုံ

ဘက်ပြောင်းလာသည့် သုခစခန်းတာဝန်ခံ ဗိုလ်ကြီးမျိုးဆွေဦးနှင့်ချိတ်ဆက်ပြီး ခိုလှုံလာခြင်းဖြစ်

ဗိုလ်ကြီးမျိုးဆွေဦး၊KNLA တပ်မှူး တစ်ဦးနှင့် ဗိုလ်ကြီးဇော်ဇော်အောင်တို့အတူ ရိုက်ကူးထားသည့် မှတ်တမ်းဓာတ်ပုံ။ ဓာတ်ပုံ - Myo Swe

“ပြည်သူ့ဘက်ကို လာရောက်ပူးပေါင်းလိုတဲ့ ဆန္ဒရှိရင် အချိန်မရွေး ခေါ်ပေးပါတယ်။ နောက်ထပ်လည်း ခေါ်ရမယ့်သူတွေရှိ ပါသေးတယ်။ အမြန်ဆုံး စဉ်းစားဆုံးဖြတ်ပြီး မှန်ကန်တဲ့ ဘက်ကနေရပ်တည်ပေးကြပါလို့ ဆန္ဒပြုပါတယ်ခင်ဗျာ”

— ဗိုလ်ကြီးမျိုးဆွေဦး

ဇူလိုင်-၁၃၊၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် မြန်မာ-ထိုင်းနယ်စပ်ရှိ နတ်အိမ်တောင်စခန်းမှ ဗိုလ်ကြီးဇော်ဇော်အောင် ပြည်သူ့ရင်ခွင် ခိုလှုံလာကြောင်း KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

နတ်အိမ်တောင်နှင့် အမြှောက်ကုန်း လှုပ်ရှားတပ်ခွဲ တပ်ခွဲမှူးဗိုလ်ကြီးဇော်ဇော်အောင်သည် စစ်ကောင်စီ၏ လက်ရှိကျင့်သုံးနေသော စနစ်နှင့် ဆောင်ရွက်နေသောနည်းလမ်းများကို လက်မခံနိုင်သဖြင့် ပြည်သူ့ရင်ခွင်သို့ ခိုလှုံခဲ့ခြင်းဟု ဖော်ပြသည်။

ဗိုလ်ကြီးဇော်ဇော်အောင် ဘက်ပြောင်းခိုလှုံရန်အတွက် ဇူလိုင် ၁ရက်တွင် KNU/KNLA တပ်မဟာ(၄)ထံ ဘက်ပြောင်းခိုလှုံလာသည့် ဗိုလ်ကြီးမျိုးဆွေဦး(ခ)စောမိုးဇက်နှင့် ချိတ်ဆက်ခဲ့ခြင်းဖြစ်သည်ဟုအသိပေးသည်။

Public Service Announcement

Public Service Announcement

ဗိုလ်ကြီးမျိုးဆွေဦးမှ တဆင့် တပ်မဟာ ၄၊ တပ်ရင်း(၁ဝ)သို့ဘက် ပြောင်းခိုလှုံ လာခြင်းအတွက် KNLA တပ်မဟာ(၄)မှ ဝမ်းမြောက်ဂုဏ်ယူကြောင်းနှင့်အတူ လှိုက်လှဲနွေးထွေးစွာကြိုဆိုကြောင်း ထုတ်ပြန်သည်။

” ပြည်သူ့ဘက်ကို လာရောက်ပူးပေါင်းလိုတဲ့ ဆန္ဒ ရှိရင် အချိန်မရွေး ခေါ်ပေးပါတယ်။ နောက်ထပ်လည်း ခေါ်ရမယ့်သူတွေရှိပါသေးတယ်။ အမြန်ဆုံး စဉ်းစားဆုံးဖြတ်ပြီး မှန်ကန်တဲ့ ဘက်ကနေရပ်တည်ပေးကြပါလို့ ဆန္ဒပြုပါတယ်ခင်ဗျာ”ဟုလည်း ဗိုလ်ကြီးမျိုးဆွေဦးက ဗိုလ်ကြီးဇော်ဇော်အောင်၊ KNLA တပ်မှူး တစ်ဦးတို့နှင့်အတူ ရိုက်ကူးထားသည့် မှတ်တမ်းဓာတ်ပုံကို လူမှုကွန်ရက်တွင် ယနေ့ ဖော်ပြခဲ့သည်။

နတ်အိမ်တောင်နယ်စပ်စခန်းမှ ဗိုလ်ကြီးဇော်ဇော်အောင်က စစ်ကောင်စီထံမှ ရုန်းထွက်ပြီး ပြည်သူ့ဘက်သို့ ကူးပြောင်းလာစဉ် စစ်ကောင်စီလက်အောက်ခံ ဗိုလ်ကြီးအောင်ကိုဟိန်း ဦးစီးသည့် စစ်ကြောင်းသည် နတ်အိမ်တောင်သို့ စစ်အင်အားဖြည့်တင်းရန် လာရောက်ရာ ဇူလိုင် ၁၁ရက်နှင့် ၁၂ရက်က KNLA ပူးပေါင်းတပ်၏ တိုက်ခိုက်မှုခံရပြီး စစ်ကြောင်းမှူး ဗိုလ်ကြီး အောင်ကိုဟိန်းတိုက်ပွဲအတွင်း သေဆုံးခဲ့သည်။ ဗိုလ်ကြီးအောင်ကိုဟိန်း အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦးထက်မနည်း သေဆုံးကာ လက်နက် ၂လက် သိမ်းရခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ယနေ့ တိုက်ပွဲသတင်းထုတ်ပြန် အသိပေးသည်။

KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားကလည်း စစ်ကောင်စီတပ်အတွင်း ကျန်နေသည့် တပ်မှူး၊ တပ်သားများအနေဖြင့်လည်း စစ်ကောင်စီလက်အောက်က အမြန်ဆုံး ရုန်းထွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောထားသည်။

” ဘာဖြစ်လို့လဲဆိုရင် စကစက အာဏာရှင်ဖြစ်တယ်။ စကစက ကျနော်တို့ ဗမာပြည်ရဲ့ ပြည်သူ့တပ်မတော်မှ မဟုတ်တာ။ ဒါကကျနော်တို့က သိထားရမယ်။ ဒီဗမာပြည်က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ဖြေရှင်းရမယ်။ လက်နက်ကိုင်စစ်အုပ်စုနဲ့ဖြေရှင်းလို့မရဘူး။ အဲဒါကြောင့် တိုင်းရင်းသားပြည်သူလူထုကိုမျက်နှာကြည့်ပြီးတော့ စစ်တပ်က အာဏာကို ပြန်အပ်ပေးပါ။ ပြီးမှ ကျနော်တို့ ဒီတိုင်းပြည်ကို နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ဖို့ အဖြေရှာမယ်။ ပြီးတော့ တပ်မတော်ကလည်း တပ်မတော်သစ် ပြန်ထူထောင်မယ်။ ပြည်သူလူထုကိုယ်စားပြုတဲ့ တပ်မတော်စစ်စစ်ကို ကျနော်တို့ တည်ထောင်ရမယ်။”ဟု ပဒိုစောအယ်နားက ပြောသည်။

စစ်ကောင်စီဘက်က ရပ်တည်ပါက မတရားသည့် လုပ်ရပ်၊ မမှန်သည့် လုပ်ရပ်လုပ်ဆောင်ခြင်းဖြစ်ဟု ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။