သြဂုတ်-၃၊ ၂၀၂၅။ People’s Spring
အာဏာသိမ်းစစ်ကောင်စီအနေနဲ့ သူတို့ ထိန်းချုပ်နိုင်ခြင်းမရှိတဲ့ ဒေသတွေကို စစ်အုပ်ချုပ်ရေး ကြေညာမှုဟာ သူတို့ရဲ့ ဂုဏ်သိက္ခာမဲ့မှုကိုရှင်းလင်းစွာ ဖော်ပြခြင်းသာဖြစ်ပြီး စစ်အုပ်စုရဲ့ ခြိမ်းခြောက်မှုတွေကို စောင့်ကြည့်နေမယ်လို့ အာရက္ခတပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားလိုက်ပါတယ်။
စစ်ကောင်စီဟာ AAသိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည်နယ်မှာရှိတဲ့ မြို့နယ် ၁၄မြို့နယ် နဲ့ ချင်းပြည်နယ်က ကန်ပက်လက်မြို့နယ်အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့နယ် ၆၃ မြို့နယ်ကို အရေးပေါ် အခြေအနေ ကြေညာလိုက်တယ်လို့ ဇူလိုင် ၃၁ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။ အဲဒီ အပေါ် AA ပြောရေးဆိုခွင့်ရှိသူက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
“ကိုယ်မထိန်းချုပ်နိုင်တော့တဲ့ နေရာတွေကို စစ်အုပ်ချုပ်ရေးကြေညာတယ်ဆိုတာ ကတော့ သူတို့အကြမ်းဖက်စစ်ကောင်စီရဲ့ ဂုဏ်သိက္ခာမဲ့မှုကို ရှင်းလင်းကွက်ကွင်းစွာ ဖော်ပြနေတာဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့ကတော့ သူတို့ အကြမ်းဖက်စစ်ကောင်စီ ရဲ့ ပြည်သူတွေ အပေါ်မှာ ခြိမ်းခြောက်မှုဟူသမျှကို အသေအချာစောင့်ကြည့်နေပါတယ်။ လိုအပ်ရင် လိုအပ်သလို တုန့်ပြန်ဆောင်ရွက်သွားမှာဖြစ်ပါတယ်”လို့ ဦးခိုင်သုခက People’s Spring ကိုပြောပါတယ်။

Public Service Announcement
ဒါအပြင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ကောင်စီကို ဖျက်သိမ်းပြီးနိုင်ငံတော်လုံခြုံရေးနဲ့အေးချမ်းသာယာရေးကော်မရှင်(နလအ) ကို ဖွဲ့စည်းလိုက်တဲ့ လုပ်ရပ်ဟာလည်း ဘာမှမထူးလို့ ဦးခိုင်သုခက မှတ်ချက်ပြုပါတယ် ။
“ဝိုင်အဟောင်းကို ဝိုင်ပုလင်းအသစ်မှာပြောင်းထည့်လိုက်ရုံနဲ့ အဲဒီ့ဝိုင်ရဲ့ နဂိုမူလအရသာပြောင်းလဲသွားမှာမဟုတ်ပါဘူး။ အခုလည်း အလားတူ မျက်လှည့်ပြတဲ့ သဘောပါပဲ။ စစ်ယူနီဖောင်းတစ်ဝက် အရပ်ဝတ်တစ်ဝက် ဖားတစ်ပိုင်း ငါးတစ်ပိုင်း လဲဝတ်လိုက်ရုံနဲ့ သူတို အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာ ကောက်ကျစ် အောက်တန်းကျတဲ့ မူဝါဒတွေ ဘာမှပြောင်းလဲသွားမှာမဟုတ်ပါဘူး။ အရင်ကလည်း စစ်အုပ်ချုပ်ရေး အခုလည်းစစ်အုပ်ချုပ်ရေးပါပဲ”ဟု ဦးခိုင်သုခက ပြောပါတယ်။
စစ်အုပ်စုဟာ အမည်မပြောင်းလဲမီကလည်း တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ မြို့ရွာတွေက ပြည်သူလူထုတွေကို လေကြောင်း၊လက်နက်ကြီး ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေ အစုလိုက်အပြုံလိုက် သေဆုံးထိခိုက်မှုတွေ မကြာခဏ ရှိခဲ့ပါတယ် ။အခု နလအ အမည်ပြောင်းပြီးတော့ စစ်အုပ်စုက ဗုံးတွေဆက်ကြဲနေတာကြောင့် ပြည်သူတွေသေဆုံးထိခိုက်မှုတွေ ဆက်ရှိနေပါတယ် ။
ဇူလိုင်၃၁ရက်မှာ စစ်ကောင်စီကိုဖျက်သိမ်းတယ်လို့ ယာယီသမ္မတအဖြစ် ကိုယ်တိုင်ခန့်အပ်ထားတဲ့အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က တိုင်းဒေသကြီးနဲ့ ပြည်နယ် စုစုပေါင်း ၉ ခုကမြို့နယ်ပေါင်း ၆၃မြို့နယ်ကို စစ်အုပ်ချုပ်ရေးအမိန့် သုံးလကြေညာတယ်လို့ထုတ်ပြန်ခဲ့တာပါ။
ကချင်ပြည်နယ်က ၅ မြို့နယ် ၊ကယားပြည်နယ်က ၃ မြို့နယ် ၊ကရင်ပြည်နယ်က ၂ မြို့နယ် ၊ချင်းပြည်နယ်က ၇မြို့နယ် ၊စစ်ကိုင်းတိုင်းက ၉ မြို့နယ် ၊မကွေးတိုင်းက ၅ မြို့နယ် ၊မန္တလေးတိုင်းက ၃ မြို့နယ် ၊ရခိုင်ပြည်နယ်က ၁၄ မြို့နယ် ၊ ရှမ်းပြည်နယ်က ၁၅ မြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့တာပါ။


















































