အောက်တိုဘာ-၂၊ ၂၀၂၅။ ကျော်ဇော/People’s Spring
တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ပလမြို့နဲ့ မင်းပြင်ရွာကြားကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။
ဒီနေ့ အောက်တိုဘာ ၂ ရက် နေ့လယ် ၁၂ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာတစ်စီးက မင်းပြင်ရွာအနီးကို ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
“မင်းပြင်ရွာအနီးမှာ လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်နဲ့ လက်နက်ကြီးပစ်ခတ်မှုရှိပါတယ်။ ထိတွေ့တိုက်ပွဲ မရှိ ငြိမ်နေတယ်”လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement
ဒီနေ့ လေကြောင်းတိုက်ခိုက်မှုအတွင်း တော်လှန်ရေးရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာရခဲ့ပြီး နေအိမ်အဆောက်အအုံတွေ ထိခိုက်မှုရှိ၊ မရှိ စုံစမ်းနေဆဲဖြစ်ပါတယ်။
ပုလောမြို့နယ်ထဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ပလမြို့တွင်းတိုက်ပွဲဆင်နွှဲနေတာ ပြီးခဲ့တဲ့ဇူလိုင်လကတည်းကဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ကုန်းကြောင်းနဲ့ ရေကြောင်းအပြင် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပါ အပြင်းအထန်ပြန်လည်ခုခံနေတာ ဖြစ်ပါတယ်။
ပလမြို့နဲ့ မင်းပြင်ရွာကြားကျေးရွာတွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းက နှစ်ဖက်ထိတွေ့မှုတွေရှိခဲ့ပြီး တိုက်ပွဲဧရိယာထဲက မျှော့အင်းရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၈ ရက်ညပိုင်းမှာ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်သားတွေ ရွာတွေကိုဝင်ရောက်ချိန်မှာ ဒေသခံပြည်သူ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားပြီး အခုထိ ပြန်လွှတ်ပေးခြင်းမရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပလမြို့အနီးကို စစ်တပ် လေကြောင်းတိုက်ခိုက် အောက်တိုဘာ-၂၊ ၂၀၂၅။ ကျော်ဇော/People's Spring တနင်္သာရီတိုင်း၊ ပုလောမြို့နယ်…
Posted by People's Spring on Thursday 2 October 2025
ရုပ်သံ – ဒေသခံ


















































