အောက်တိုဘာ-၁၆၊ ၂၀၂၅။ ရှိန်း/People’s Spring
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားရဲစခန်းကနေ မြောက်ဘက်ကို စစ်တပ်စစ်ကြောင်းထိုးလာပြီး ဒေသခံ ၁၀၀နီးပါးကို ဖမ်းဆီးထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရှိမ်းမကားရဲစခန်းကနေ အောက်တိုဘာ ၁၅ ရက်ကတည်းက အင်အား ၁၀၀လောက်နဲ့ မြောက်ဘက်က အင်ဒေါင်းရွာဘက်ကို စစ်ကြောင်းထိုးတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်ဖို့ကြိုးစားတဲ့ ငါးတိုက်တောင်ရွာက ဒေသခံ ၅၀ ခန့်က မနေ့က ညနေပိုင်းမှာ စစ်ကြောင်းနဲ့ ထိပ်တိုက်တွေ့ပြီး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီနေ့မနက်ပိုင်းမှာလည်း အင်ဒေါင်းရွာကနေ တိမ်းရှောင်ဖို့ထွက်လာတဲ့ ဒေသခံပြည်သူတွေရဲ့ လှည်း ၅စီး လူ၄၀ လောက်ဟာ ရွာရဲ့ အနောက်ဘက်မှာ စစ်ကြောင်းနဲ့ ထိပ်တိုက်တွေ့ ပြီးဖမ်းဆီးခံလိုက်ရပါတယ်။

Public Service Announcement
“အဖမ်းခံရတဲ့သူတွေသတင်းတော့ အခုထိ ဘာမှ မကြားသေးဘူး။ တိုက်ပွဲဖြစ်သံလည်း မကြားဘူး။ မနက်ကတော့ စစ်ရှောင်တွေရှိတဲ့ဘက်ကို လေယာဉ်ဝဲတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီစစ်ကောင်စီတပ် စစ်ကြောင်းကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းက ကျေးရွာ ၅ရွာထက်မနည်း ထွက်ပြေး တိမ်းရှောင်နေကြပြီး စစ်ကြောင်းနဲ့ ဝေးတဲ့ရွာတွေကလည်း လေယာဉ်ကြဲမှာ ကြောက်ကာ ရွာအပြင်ထွက်နေကြတယ်လို့ သိရပါတယ်။


















































