အောက်တိုဘာ-၂၄၊၂၀၂၅။တိုးနေဝင်း/People’s Spring
ပြည်သူတွေရဲ့ လူမှုရေးပြစ်ဒဏ်ခတ်(SP)ခံရထားရတဲ့ စစ်တပ်ထောက်ခံသူ ယုန်လေးက အာဏာသိမ်းကာလမှာ ပထမဆုံး ပြန်လည်ရိုက်ကူးခွင့်ရခဲ့တဲ့ ရုပ်ရှင်ရုံတင်တော့မယ့်အကြောင်း အသိပေးထားပါတယ်။
ဇာတ်ကားနာမည်က Street Gang ဖြစ်ပြီး နိုဝင်ဘာ ၁၄ ရက်မှာ ရုံတင်မယ်လို့ သိရပါတယ်။
ဒီရုပ်ရှင်ကို Hunk Film Production ကထုတ်လုပ်ပေးတယ်လို့ဆိုပါတယ် ဒီထုတ်လုပ်ရေးကရုပ်ရှင် ၂ ကားပဲရိုက်ရသေးပါတယ်။ ဒီထုတ်လုပ်ရေးကို ဘယ်သူတွေလုပ်နေတယ်ဆိုတာအသေးစိပ်မသိရသေးပေမယ့် ပြည်သူတွေက လူမှုရေးပြစ်ဒဏ်ခတ်ထားသူ ၊သပိတ်မှောက်ထားသူတွေကို သာမာန်ရုပ်ရှင်ထုတ်လုပ်ရေးတွေက အရှုံးပေါ်မှာကြောက်လို့ မရိုက်ကူးပေးရဲတာမို့ စစ်တပ်နဲ့ နီးစပ်သူတွေကပဲ ယုန်လေးအတွက် ငွေထုတ်ပေးရိုက်ခိုင်းတာဖြစ်မယ်လို့ ရုပ်ရှင်လောကသားတဦးကပြောပါတယ် ။

Public Service Announcement
ဒီရုပ်ရှင်မှာ ယုန်လေးနဲ့အတူ LGBT တွေကိုလှောင်တဲ့ ဇာတ်ရုပ်ဆို မရိုက်ဘူးဆိုပြီးမာယာကျားဆိုတဲ့ LGBT တွေကိုလှောင်တဲ့ဇာတ်ရုပ်ကို ရိုက်ကူးခဲ့တဲ့ တိုင်ရွန်၊ စည်ပင်ရွေးကောက်ပွဲမှာရှုံးခဲ့ပြီးအနုပညာလောကထဲ ပြန်လည်ရောက်ရှိလာတဲ့ထက်ထက်ထွန်းတို့လည်း ပါဝင်ပါတယ်။ ထက်ထက်ထွန်းကလည်း အာဏာသိမ်းကာလအစောပိုင်းမှာစစ်အာဏာသိမ်းမှုအပေါ် ဆန္ဒပြတာတွေမှာပါခဲ့ပေမဲ့ လက်ရှိ စစ်တပ်ရဲ့ရွေးကောက်ပွဲမှာ မဲပေးမယ်လို့ဆိုထားပါတယ် ။
သူတို့တွေအပြင် Shune၊ အောင်လေး၊ရာဝန၊ စစ်နိုင်၊ဘိုချမ်း၊ဝင်းထွဋ်ဝင်း စတဲ့ အဆိုတော် သရုပ်ဆောင်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။
ထူးခြားတာက ယုန်လေးရိုက်တဲ့ကားတိုင်းနီးပါး ပါဝင်လေ့ရှိတဲ့ မြင့်မြတ်နဲ့ခင်လှိုင် နှစ်ဦးလုံး ပါဝင်လာခြင်းမရှိပါဘူး။ ယုန်လေးရဲ့ ရုပ်ရှင်သက်တမ်းတလျှောက်လက်တွဲညီခဲ့ကြတဲ့ မြင့်မြတ်ဟာ အာဏာသိမ်းကာလအတွင်းမှာတော့ ယုန်လေးနဲ့ ခပ်ကင်းကင်းနေခဲ့တာကို တွေ့ရပါတယ်။
ယုန်လေးဇာတ်ကားရုံတင်မယ့်အပေါ် Bo Bo Entertainment ကဘိုစန်း၊ဂျွန်လွင်၊ထူးခြားတို့ကလည်း ဝန်းရံထားတာ တွေ့ရပါတယ်။
ယုန်လေးက အာဏာသိမ်းကာလမှာ ရိုက်ကူးရေးတွေ လာငှားကြပေမယ့် ယုန်လေး နာမည်တပ်ခွင့်မရတာကြောင့် မရိုက်ကူးဖြစ်ပဲ ဒီရုပ်ရှင်ထုတ်လုပ်ရေးကတော့ သူ့နာမည်ကို သုံးခွင့်ပြုတာကြောင့် ရိုက်ကူးခဲ့တာလို့ဆိုပါတယ်။
ဒီရုပ်ရှင်က အာဏာသိမ်းကာလမှာ ယုန်လေးအတွက် ဒုတိယမြောက် ရုံတင်ဇာတ်ကားဖြစ်ပါတယ်။ ပထမ ရုံတင်ခွင့်ရတဲ့ဇာတ်ကားကဝောာ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ ရုံတင်ပြသခဲ့တဲ့ အော်ရီဂျင်နယ် ဂန်းစတား ၃ ရုပ်ရှင်ပါ။ အဲဒီ့ဇာတ်ကားက ပုံမှန်ဆိုရင် ရုပ်ရှင်ရုံတွေပြန်ဖွင့်တဲ့ ၂၀၂၂ ကတည်းက ရုံတင်ပြသခွင့်ရတာဖြစ်ပေမယ့် အဲဒီ့ကာလမှာ ယုန်လေးကို လူထုက လူမှုရေးပြစ်ဒဏ်ချမှတ်ထားတာကြောင့် ရုံမတင်ရဲခဲ့တာပါ။
ယုန်လေးက ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီကာလမှာ စစ်တပ်ရဲ့ အစီအစဥ်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒီမိုကရေစီအစိုးရကို ခြိမ်းခြောက်တဲ့ Music Video ရိုက်ခဲ့တာကြောင့် လူထုရဲ့ဝေဖန်မှု ပြင်းပြင်းထန်ထန်ခံခဲ့ရတာပါ။
ဒါ့အပြင်အာဏာသိမ်းကာလမှာလည်းစစ်ကောင်စီရဲ့ပွဲတွေတက်ကာ ဝန်းရံသလို ပြည်သူဘက်ရပ်တည်ခဲ့တဲ့ အနုပညာရှင် ခံဝန်ထိုးဖို့ ကူညီဆောင်ရွက်ပေးတာတွေလည်း ရှိခဲ့တာ ကြောင့် လူထုရဲ့ သပိတ်မှောက်မှုကို ပြင်းပြင်းထန်ထန်ခံခဲ့ရတာပါ။
ယုန်လေးက လက်ရှိအချိန်အထိလည်းစစ်အုပ်စုရဲ့ ပွဲတွေမှာ တက်တက်ကြွကြွပါဝင် နေပြီး ပြီးခဲ့တဲ့ ရက်က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။
အော်ရီဂျင်နယ်ဂန်းစတား ၃ ရုပ်ရှင်ရုံတင်ချိန်က ရေဘေးကို အကြောင်းပြပြီး ရုပ်ရှင်ကိုလာရောက်အားပေးဖို့စည်းရုံးခဲ့တာတွေရှိပါတယ်။
လက်ရှိကာလမှာလည်း လူစိတ်ဝင်စားမှူ များတဲ့ လှိုင်သာယာက လူငယ်တွေ ရန်ဖြစ်တဲ့ကိစ္စ ၊ သူခိုးကိစ္စတွေနဲ့ပတ်သက်ပြီးယုန်လေးရဲ့ပေ့ခ်ျမှာ ဆက်တိုက်ရေးသားမှုတွေပြုလုပ်နေတာတွေ့ရပါတယ်။



















































