နိုဝင်ဘာ-၅၊ ၂၀၂၅။ဇော်ဝင်း/People’s Spring
ကရင်နီပြည်နယ်မှာ ပြည်သူနဲ့ စစ်ရှောင်တွေ စိုက်ပျိုးသီးနှံမရိတ်သိမ်းနိုင်ဖို့နဲ့ စားနပ်ရိက္ခာပြတ်လပ်စေဖို့ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRGက ဒီကနေ့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက စိုက်ကွင်းတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ စိုက်ပျိုးသီးနှံ့ရိတ်သိမ်းနေပြည်သူတွေကို ဒရုန်းဗုံးအသုံးပြုတိုက်ခိုက်တာတွေကြောင့် ထိခိုက်သေဆုံးတဲ့အရပ်သားတွေရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်နယ်ရဲ့ စိုက်ပျိုးရေးဧရိယာတွေကို ဦးတည်ပြီး စစ်ကြောင်းအလုံအရင်းနဲ့ တိုးလာတာကြောင့် စိုက်ပျိုးသီးနှံ့ စိုက်ပျိုးမှုလျော့နည်းလားပြီး လုံခြုံရေးအန္တရယ်တွေကြောင့် စိုက်ပျိုးထားတဲ့ သီးနှံ အားလုံး မရိတ်သိမ်းနိုင်တဲ့ အခြေအနေကိ ရင်ဆိုင်နေရတယ်လို့ ဖော်ပြပါတယ်။

Public Service Announcement
စပါးရိတ် ပြည်သူတွေ ဖမ်းဆီးခေါ်ဆောင်ခံရတာ၊ ဓါးစာခံအဖြစ် ဖမ်းဆီးခံရတာ၊ လူမဆန်စွာ နှိပ်စက်ခံရတာတွေ ကြုံတွေ့နေရတဲ့အတွက် ပြည်သူတွေအတွက် စိုက်ပျိုးသီးနှံ့ ရိတ်သိမ်းဖို့ အသက်လုံခြုံရေး အန္တရယ်ကို ရင်ဆိုင်နေရပြီး မိသားစုဝမ်းရေးအတွက် စိုးရိမ်ကြောင့်ကြမှု မြင့်တက်နေတယ်လို့ KnHRG က အသိပေးပါတယ်။
စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတာက လူထုနဲ့ စစ်ရှောင်တွေ ဝင်ငွေရရှိမှု ရပ်တန့်အောင်နဲ့ မိသားစုစားဝတ်နေရေးစိန်ခေါ်မှုတွေကနေပြီး ရေရှည်မှာ “အငတ်ဘေး” ကြုံအောင် စစ်ကောင်စီက လုပ်ဆောင်နေတာလို့ ဆိုပါတယ်။
အောက်တိုဘာအတွင်း ကရင်နီပြည်နယ်မှာစစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သား ၂၁ဦး ဒဏ်ရာရပြီး ခုနှစ်ဦးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
“ အခုအခြေအနေအရ ပြည်နယ်ရဲ့ စပါးစိုက်ခင်း တစ်ဝက်လောက်က ဒီးမော့ဆို အနောက်ခြမ်းမှာရှိတယ်။အဲဒီအခြေအနေကြောင့် စကစ ဘက်က မြေပြင်က စစ်ကြောင်းထိုးတာ။ဒရုန်းနဲ့ဗုံးကြဲတာကို ဆက်တိုက်လုပ်နေတယ်။တချို့က အရဲစွန့်ပြီး ရိတ်တယ်။တချို့ကလည်း ကြောက်လို့ လယ်ထဲမဆင်းရဲဘူး” လို့ ကရင်နီဒေသခံတစ်ဦးက ပြောပါတယ်။
ကရင်နီပြည်နယ်ကို စစ်ကောင်စီတပ်က အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာလို့ ပြည်နယ်ထဲ တိုက်ပွဲဖြစ်ပွားမှု မြင့်တက်လာပြီး စစ်ရှောင်လူဦးရေလည်း များလာတယ်လို့ KnHRG က အသိပေးပါတယ်။
ဇူလိုင် နဲ့ သြဂုတ်ကတည်းက ရွှေ့ပြောင်းလာကြရတဲ့ စစ်ဘေးရှောင်တွေကို လုံလောက်တဲ့အကူအညီမပေးနိုင်တဲ့အပြင် အောက်တိုဘာမှာ စစ်ရှောင်အရေအတွက် ထပ်တိုးလာလို့ အရေးပေါ်စားနပ်ရိက္ခာအကူအညီနဲ့ အမိုးအကာ လိုအပ်မှုက ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်နေတယ်လို့ ဆိုပါတယ်။
“ စစ်ရှောင်စခန်း တချို့ စားနပ်ရိက္ခာပြတ်တာ တစ်ပတ် နှစ်ပတ်လောက်ရှိတဲ့ အခြေအနေတွေ ဖြစ်လာတယ်။ဖယ်ခုံ၊မိုးဗြဲ ဘက်အပြင် ဒီးမော့ဆို အနောက်ခြမ်းမှာအကုန်အခက်အခဲ ရှိတယ်။စစ်ရှောင်ကနေ နောက်ထပ်တကြိမ်စစ်ရှောင်ရတာဆိုတော့ ပိုပြီး ခက်ခဲကြရတာ” လို့ ကရင်နီစစ်ရှောင်အရေးကူညီ နေသူက ပြောပါတယ်။
လူဦးရေသုံးသိန်းဝန်းကျင်ရှိတဲ့ကရင်နီပြည်နယ်မှာ ပြည်သူ နှစ်သိန်းကျော်က စစ်ရှောင်နေရတဲ့ အကြပ်အတည်းကို အရေးပေါ်အ ခြေအနေအဖြစ် သတ်မှတ်ပေးဖို့ နဲ့ ချိုးဖောက်ခံနေရတဲ့ လူ့အခွင့်အရေးတွေလျော့စေရေး ကူညီပေးဖို့ KnHRGက နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုပါတယ်။



















































