နိုဝင်ဘာ-၂၇၊ ၂၀၂၅။ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ခရီးသည်တွေထံ ငွေတောင်းခံနေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး စစ်သားတစ်ဦးသေဆုံးကြောင်း Area71 LPDF Monywa အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
မနေ့က နိုဝင်ဘာ ၂၆ ရက် မနက် ၈နာရီခွဲခန့်က မုံရွာ-မန္တလေးလမ်းပိုင်း၊ မုံရွာနဲ့ ချောင်းဦးမြို့နယ်ကြား၊ မြန်မာ့မဏ္ဍိုင်စက်သုံးဆီ အရောင်းဆိုင်အနီးမှာ ခရီးသွားကားတွေကို တားဆီးပြီး ခရီးသည်တွေဆီကနေ ငွေကြေးအဓမ္မ ကောက်ခံနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Area71 LPDF Monywa အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
တိုက်ခိုက်ချိန်မှာ ကင်းပုန်းဝပ်နေတဲ့စစ်အုပ်စုက ပြန်လည်ပစ်ခတ်တဲ့အတွက် ရဲဘော်တစ်ဦး ဒဏ်ရာအနည်းငယ်ရပြီး စစ်အုပ်စုဘက်က တစ်ဦး လဲကျသွားတယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
“ စကစ ဘက်က စခ တစ်ကောင်သေပြီး နှစ်ကောင်ဒဏ်ရာအပြင်းအထန်ရတယ်လို့ မျက်မြင်ပြည်သူတစ်ဦးထံမှ သိရပါတယ်” လို့ ၎င်းတာဝန်ရှိသူက ဆိုပါတယ်။
စစ်အုပ်စု တိုက်ခိုက်ခံရပြီးနောက် လမ်းကြောင်းတလျှောက် လုံခြုံရေးတင်းကြပ်ခဲ့ပြီး လမ်းပိုင်းလည်း ယာယီပိတ်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ဆင်ရေးကို Area71 LPDF Monywa အဖွဲ့၊ CHINDWIN DYANAMITE SALINGYI အဖွဲ့နဲ့ GOLDEN PEACOCK ATTACK FORCE အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
နိုဝင်ဘာ ၂၀ ရက်ကလည်း မုံရွာ-မန္တလေးလမ်းဘေးမှာရှိတဲ့ ချောင်းဦးမြို့နယ်၊ ရေပိုးစားရွာ ဘုန်းကြီးကျောင်း ဝင်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ထိခိုက်မှုတွေ ရှိခဲ့ပါသေးတယ်။














































