ရှိန်း/People’s Spring
၁၀၂၇ စစ်ဆင်ရေးမှာအညာသားတွေအသက်သွေးချွေးစတေးပေးဆပ်ပြီးတိုက်ပွဲဝင်ခဲ့တဲ့ နယ်မြေ အချို့ကို အခုအခါမှာပြန်လည်လက်လွှတ်ခဲ့ရပါတယ်။
နောင်ချို၊သီပေါ၊ ကျောက်မဲ၊သပိတ်ကျင်း၊ မိုးကုတ် ၊မိုးမိတ်တို့ဖြစ်ပါတယ်။၁၀၂၇ စစ်ဆင်ရေးပထမလှိုင်း နဲ့ ဒုတိယလှိုင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့ နဲ့ တော်လှန်ရေးတပ်တွေကရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းက မြို့ပေါင်း ၂၇ မြို့အထိ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာပါ။ဒီအထဲက ရခိုင် ၊စစ်ကိုင်း ၊ကရင်နီ စတဲ့ဒေသတွေက မြို့တွေ သိမ်းတာမပါသေးပါဘူး။ ဒါပေမယ့် ၂၀၂၅ နှစ်ကုန်ပိုင်းရောက်လာတဲ့အခါ ၂၇ မြို့ထဲက ၇ မြို့ကို စစ်တပ်ကပြန်ထိန်းချုပ်နိုင်ခဲ့တာပါ။ ဒါအပြင် မတ္တရာမြို့နယ်အရှေ့ခြမ်းကိုလည်း လက်လွတ်ခဲ့ရပါတယ်။
ရှမ်းမြောက်နဲ့ မန်းတိုင်းထဲက ၂၇ မြို့ ဆုံးရှုံးခဲ့တာက ၇ မြို့ပြန်ထိန်းချုပ်နိုင်ခဲ့တာက စစ်တပ်က ကိုယ်ပိုင်အစွမ်းအစနဲ့တော့ မဟုတ်ပါဘူး။ တရုတ်အစိုးရအကူအညီနဲ့ဖြစ်ပါတယ် ။တရုတ်က စစ်တပ်ကို ငွေကြေး ၊လက်နက် ၊နည်းပညာ တွေပံ့ပိုးခဲ့တဲ့အပြင် တော်လှန်ရေးတပ်တွေကိုကြ ဖြတ်ငါးဖြတ်လုပ်ပြီး ကြိုးနဲ့ပါတုပ်သလိုလုပ်တာကြောင့် လားရှိုး ၊မိုးကုတ် ၊မိုးမိတ်မြို့တွေဆိုရင် ကျည်မဖောက်ရပဲ MNDAA နဲ့ TNLA ဆီက ပြန်ယူနိုင်ခဲ့တာပါ။

Public Service Announcement
“ နယ်မြေ ဆုံးရှုံးရင် အသက်ဆုံးရှုံးတာထပ်ပိုဆိုးတာပေါ့” လို့ အညာ ဒေသမှာအ ခြေချနေတဲ့ မန္တလေးသား တဦးဖြစ်တဲ့ ရဲဘော်ဒင်ကြီးကပြောခဲ့ပါတယ်။
တကယ်ပဲ ဒီလောက်ခံစားရသလားဆိုတာ ၁၀၂၇ စစ်ဆင်ရေးနဲ့ ရှမ်းမန်း စစ်ဆင်ရေးတိုက်ပွဲတွေမှာပါဝင်ခဲ့တဲ့ မန္တလေးသား အညာPDF ရဲဘော်ဒင်ကြီးက အဖြေပေးသွားပါတယ်။
ရဲဘော်ဒင်ကြီးက ရွှေဘိုခရိုင်( ၉၇၀၆) တပ်ရင်း (ဒေါင်းနီတပ်ဖွဲ့)ကဖြစ်ပါတယ်။ဒေါင်းနီတပ်ရင်းမှူး ဗိုလ်လက်ျာက ဒေါင်းနီတပ်ဖွဲ့ရယ်လို့ သန္ဓေတည်ကတည်းက ရဲဘော်ဒင်ကြီးက စပြီးပါဝင်ခဲ့ပါ။
အဲဒီတုန်းက ရဲဘော်ဒင်ကြီးရဲ့ အသက်က၁၆နှစ်ပဲရှိပါ သေးတယ်။
ဒေါင်းနီတပ်ဖွဲ့ဟာ စစ်တပ်အာဏာသိမ်းပြီး လေးလအကြာ၂၀၂၁ခုနှစ် မေလကတည်းက အာဏာလုစစ်အုပ်စုကိုလက်နက်ဆွဲကိုင်တော်လှန်ဖို့စတင်တည်ထောင်ခဲ့တဲ့ ဝက်လက်နယ်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။
စတင်တော်လှန်ချိန်တုန်းကလက်လုပ်သေနတ်တွေ ၊လက်လုပ်မိုင်းတွေနဲ့သာတိုက်ပွဲဝင်ခဲ့ကြတာပါ။ လက်နက် ရရှိရေးအတွက်နည်းမျိုးစုံကြိုးပမ်းခဲ့သလိုထုတ်လုပ်ရေးကိုလည်းကြိုးစားခဲ့ကြပါတယ်။
ဝက်လက်နယ်က ဘုရားလေးကုန်းတိုက်ပွဲကျောင်းကုန်း၊သစ်ဆိမ့်စခန်းတိုက်ပွဲ၊ရွှေပန်းကုန်းစခန်းတိုက်ပွဲတွေမှာလည်း စစ်တပ်ကို လက်လုပ်သေနတ်တွေနဲ့ရင်ဆိုင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။
လက်နက်အင်အားမမျှတဲ့တိုက်ပွဲတွေရင်ဆိုင်ရပြီးတဲ့နောက် တိုက်ပွဲဝင်ဖို့အတွက် လက်နက်တပ်ဆင်ရေး အရေးကြီးလာတာကိုပိုသဘောပေါက်လာကြပါတယ် ။ ဒါကြောင့် လက်နက်ရရှိဖို့ ၊ စစ်ရေးအတွေ့အကြုံ စစ်ပညာရရှိဖို့ ၊ စစ်ပုံကျတဲ့ တပ်ဖွဲ့ထူထောင်နိုင်ရေး လက်တွေ့သင်ယူနိုင်ဖို့အတွက် ရှမ်းမြောက်ကို အညာသားတွေ ချီတက်ခဲ့ကြပါတယ်။
၂၀၂၃ခုနှစ်၊အောက်တိုဘာလမှာဒေါင်းနီတပ်ဖွဲ့ရဲ့ တပ်ရင်းမှူးဦးဆောင်ပြီး ဒုတပ်ရင်းမှူးကိုနဂါးလေးအပါအဝင်တပ်ဖွဲ့ဝင် ၅၀ ဟာ မိုးကုတ်ဗျူဟာနဲ့ချိတ်ဆက်ပြီး ထွက်လာခဲ့ပါတယ်။
ရောက်ပြီး ရက်ပိုင်းအကြာမှာတင် ပထမဆုံးတိုက်ပွဲကို တပ်ဖွဲ့ဝင်တွေအားလုံးဆင်နွှဲရပါတယ်။တပ်ဖွဲ့ဝင်တွေကို လူ ၁၀ ယောက်စီခွဲပြီး TNLAဦးဆောင်ကာ တခြားမဟာမိတ်ရဲဘော်တွေနဲ့ပါ ပူးပေါင်းပြီးတိုက်ပွဲဝင်ခဲ့ရပါတယ်။
မိုးကုတ်မြို့အနီးက မိုင်းလုံမြို့သိမ်းတိုက်ပွဲနဲ့ လယ်ကြီးစခန်းသိမ်းတိုက်ပွဲတွေကိုဆင်နွှဲရတာပါ။လေယာဥ်ပစ်ကူတွေကြားထဲ ကွန်မန်ဒါတွေရဲ့စကားကိုနားထောင်ပြီး မသေအောင်နေပြီးတိုက်ပွဲဝင်ခဲ့ကြပါတယ်။
ဒါပေမယ့် အဲဒီတုန်းက ကြမ်းတမ်းတယ်ထင်ခဲ့ရတဲ့တိုက်ပွဲဟာ ၁၀၂၇ ဒုတိယလှိုင်း ၊ ရှမ်းမန်းစစ်ဆင်ရေးကတိုက်ပွဲတွေနဲ့ နှိုင်းယှဥ်လိုက်တဲ့အခါ အသေးစားတိုက်ပွဲတခုလောက်ပဲရှိခဲ့ပါတယ်။
သူတို့အညာPDF တွေဟာရှမ်းပြည်နယ်ကမိုင်းလုံမြို့သိမ်းတိုက်ပွဲ နဲ့ မိုးကုတ်မြို့နယ်၊လယ်ကြီးစခန်းသိမ်းတိုက်ပွဲတွေအပြီး TNLAတပ်ဆီမှာစစ်သင်တန်းသုံးလတက်ခဲ့ရပါတယ် ။စစ်သင်တန်းဆင်းပြီးနောက်မှာတော့နောင်ချိုမြို့နယ်စစ်ဆင်ရေးစတင်ခဲ့ပါတယ်။ပထမဆုံးက ဘန့်ဘွေးရွာ၊အဲဒီနောက် သရက်ကုန်းတိုက်ပွဲတွေ စတင်ခဲ့ပါတယ်။
စစ်သင်တန်းပြီးတဲ့အချိန်က ၁၀၂၇ဒုတိယလှိုင်းကို အညာသား PDF တွေ ဝင်နွှဲကြရပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး( MDY PDF)နဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်ခဲ့ရတာပါ။
၁၀၂၇ဒုတိယလှိုင်းမှာ အပြင်းထန်ဆုံးဖြစ်ခဲ့တဲ့ နောင်ချိုမြို့အနီးက စစ်တပ်ရဲ့အမှတ်(၁၁၄) ခြေလျင်တပ်ရင်း (ခလရ-၁၁၄) ၊ အမှတ်(၁၁၅) ခြေလျင်တပ်ရင်း (ခလရ-၁၁၅) စခန်းသိမ်းတိုက်ပွဲ တွေမှာ ရဲဘော်ဒင်ကြီးပါဝင်ခဲ့ပါတယ်။
သူပြန်ပြော ပြခဲ့တဲ့ အမှတ်ရဆုံးတိုက်ပွဲက တော့ ၂၀၂၄ခုနှစ်အတွင်းသပိတ်ကျင်းမြို့နယ်က တိုက်ပွဲတွေပါ။အကြမ်းတမ်းဆုံးဖြစ်ခဲ့တဲ့ သပိတ်ကျင်းမြို့နယ်က မန်စိန်ကုန်းတိုက်ပွဲအကြောင်းကို သူပြန်ပြောပြပါတယ်။မန်စိန်၊ကွင်း၃၀ ကနေ ၇မိုင်အထိတိုက်ခိုက်ခဲ့ရတာပါ။ သပိတ်ကျင်းမြို့ကိုစစ်တပ်ပြန်ထိန်းချုပ်နိုင်ပေမယ့် ၇ မိုင်မှာ အခုထိတိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပါတယ်။
ပထမဆုံး မန်စိန်ရွှေလုပ်ကွက်မှာ အရေးပါတဲ့ ဗျူဟာကုန်း ၂ ကုန်းကိုရဖို့ တော်လှန်ရေးတပ်ပေါင်းစုတွေထိုးစစ်ဆင်ရပါတယ်။အဲဒီဗျူဟာ ကုန်းတွေကို မန်စိန်ကုန်း(ဗျူဟာကုန်း)နဲ့ နဂါးရုံကုန်းလို့ခေါ်ကြပါတယ်။
ဒီကုန်းတွေကိုထိုးစစ်ဆင်ဖို့ မန္တလေးPDFက တပ်ရင်းတွေနဲ့တပ်ပေါင်းစုကလည်း အင်အားအများအပြားသုံးတိုက်ခဲ့ကြပါတယ်။ပထမဆုံးဝင်ရောက်ရတဲ့ ဗျူဟာကုန်းတွေရဲ့အောက် ကျွန်းတောရွာမှာ တိုက်ပွဲစတင်ပြီး ဗျူဟာကုန်းကိုတက်ရပါတယ်။
အဲဒီဗျူဟာကုန်းတွေရဲ့ထိပ်တွေမှာ စစ်ကောင်စီတပ်တွေထိုင်ထားပါတယ်။
“ အဓိကလိုချင်တာကဗျူဟာကုန်းပေါ့။ဗျူဟာကုန်းရရင် နဂါးရုံကုန်း နဲ့ အောက်ကရွှေဆိုဒ်တွေကို ကျွန်တော်တို့ကအပေါ်စီးကပစ်ရုံပဲလေ” လို့ ရဲဘော်ဒင်ကြီးက ဇန်နဝါရီလကပြောပါတယ်။
တောင်ကုန်းပေါ်တက်ဖို့လမ်းကမရှိ တော့လမ်းဖောက်ပြီးတော့ တောင်ပေါ်ထိပ်ကစစ်တပ်အထိုင်ကို သိမ်းရမယ့်စစ်ဆင်ရေးဖြစ်ပါတယ်။ရဲဘော်တွေအကုန်ကိုယ့်လမ်းကိုဖောက်ပြီးတောင်ပေါ်တက်ရပါတယ်။တောင်ကုန်းဆိုတော့ ကိုယ်တက်မယ့်လမ်းကခြုံ တွေကြားကိုတကိုယ်စာရှင်းရင်း စစ်ကောင်စီမမြင် အောင်တိုးတက်ရပါတယ်။
တော်လှန်ရေးတပ်တွေတက်လာမှန်းသိတဲ့စစ်တပ်ကလည်း ဗျူဟာမျိုးစုံနဲ့ပြန်လည်ခုခံပါတယ်။တခါတလေဆို ရဲဘော်တွေကြားထဲစစ်သားတွေရုတ်တရက်ပေါ်လာပြီးကိုယ့်ရင်ဘတ်ကိုသူ့သေနတ်ထောက်၊သူ့ရင်ဘတ်ကိုကိုယ့်သေနတ်ထောက်ပုံစံမျိုးနဲ့တောင် စစ်သားတွေကို ချေမှုန်းခဲ့ရတယ်လို့ဆိုပါတယ်။
“ ရန်သူနဲ့အနီးကပ်ဆုံးကို ကပ်ရတဲ့အချိန်မှာအရမ်းသတိကပ်ရတယ်။ကြောင်သွားတဲ့သူကခံရတာပဲ” လို့ ရဲဘော်ဒင်ကြီးကပြောပါတယ်။
သူကိုယ်တိုင်လည်း နှစ်ကြိမ်တိုင်ထိပ်တိုက်တွေ့ဆုံတာဖြစ်ခဲ့ပြီး နောက်မှာပါတဲ့ရဲဘော်တွေရဲ့သတိပေးချက်ကြောင့်ဟာ အသက်ရှင်ခဲ့တာလို့ဆိုပါတယ်။
တစ်လလောက်ဒီတိုက်ပွဲကြာခဲ့ပြီးတဲ့နောက် စစ်တပ်စခန်းက စစ်သားအကုန်လုံးကိုချေမှူန်းနိုင်ခဲ့ပြီး ဗျူဟာကုန်းကို သိမ်းယူနိုင်ခဲ့ပါတယ် ။တော်လှန်ရေး တပ်ဖွဲ့တွေမှာလည်းအကျအဆုံးလည်း များခဲ့တယ်လို့သူကပြောပါတယ်။
တခါမှတိုက်ပွဲကြီးတွေမကြုံတွေ့ဘူးအညာသားတွေဟာ အသက်ဘေး၊အငတ်ဘေးကြုံရတဲ့အချိန်မှာတောင် အိမ်ကိုလွမ်းလှပေမယ့် သူတို့ရည်မှန်းချက် ပြည့်မြောက်ဖို့ အိမ်ပြန်ချင်စိတ်မပေါ်ခဲ့ဘူးလို့ဆိုပါတယ်။
“ ကျွန်တော်တို့က ရည်ရွယ်ချက်တခုအတွက်လာတာမို့ အိမ်ပြန်ချင်စိတ်တော့မရှိဘူး။ပင်ပန်းတာဘာညာလောက်ပဲရှိတာ” လို့ ရဲဘော်ဒင်ကြီးကအတွေ့အကြုံကို ပြောပါတယ်။
စစ်ဆင်ရေး တွေအပြီး ထိုက်သင့်တဲ့ လက်နက်ခွဲ ဝေမှု အတူတွဲတိုက်ခဲ့တဲ့ တပ်ဖွဲ့တွေ ဆီကရခဲ့ပါတယ်။၂၀၂၄ခုနှစ် ဒီဇင်ဘာလမှာ ရဲဘော်ဒင်ကြီး ရှေ့တန်းကနေ ဌာနအ ခြေစိုက်ရာ အညာ မြေကို ပြန်ရောက်ခဲ့ပါတယ်။
တပ်အပေါ်သစ္စာရှိမှုနဲ့ တိုက်ခိုက် ရေးမှာထူးချွန်တဲ့ ရဲဘော်ဒင်ကြီးဟာ အသက်၂၀အရွယ် ၂၀၂၅ ခုနှစ် ၊နှစ်အစပိုင်းမှာထောက်ရေးဗိုလ်အဖြစ် ရာထူးတိုးခဲ့ပါတယ်။ရှမ်းမန်းပြန် အညာသား တွေကိုစစ်ကောင်စီရဲ့ တပ်မ(၃၃)ကလည်း ချက်ချင်း သွေးတိုးစမ်းခဲ့ပါတယ်။
၂၀၂၅ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ရွှေဘို လေ့ကျင့်ရေး (၈)က စစ်ကြောင်းတကြောင်းနဲ့ စစ်ကိုင်းမြို့တပ်မ (၃၃) ကထွက်လာတဲ့ စစ်ကြောင်းနှစ်ကြောင်းတို့ ဝက်လက်မြို့နယ်ထဲကို တပြိုင်ထဲဝင်လာခဲ့ပါတယ်။
ဇန်နဝါရီလ၅ ရက်နေ့မှာ ရွှေဘိုကထွက်လာတဲ့ စစ်ကြောင်းဟာ ဝက်လက်မြို့နယ်၊မှတ်ထိရွာ နဲ့ မင်းကုန်းရွာကြား အရောက်မှာ တော်လှန်ရေးတပ် တွေရဲ့ ကြားဖြတ် တိုက်ခိုက်မှုကိုခံခဲ့ရပါတယ်။စစ်သား၇၇ ဦးပါတဲ့ စစ်ကြောင်းဟာ ၄၇ဦးသေပြီး ၆ဦး အရှင်အဖမ်းမိခဲ့တယ်လို့ တော်လှန်ရေး တပ်တွေကထုတ်ပြန်ခဲ့ပါတယ်။ဒါ့အပြင် တော်လှန်ရေး တပ်တွေဘက်ကလက်နက်၄၄လက်အထိရခဲ့ပါတယ်။အဲဒီလိုပဲ စစ်ကိုင်းကထွက်လာတဲ့စစ် ကြောင်းဟာ အုန္နဲပုတ်ရွာမှာ တပ်ပျက်ထွက် ပြေးခဲ့ရပါတယ်။
ဒီလိုတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ရာကနေ ဇူလိုင်လကတည်းက ရွှေဘိုခရိုင်ကို စစ်တပ်က စစ်မှုထမ်းအင်အားသုံးကာ နေ့စဉ် စစ်ကြောင်းထိုးနေတာမို့ ရဲဘော်ဒင်ကြီးလည်း အညာ မြေ ရှေ့တန်းကနေမခွာရတော့ပါဘူး။
နိုဝင်ဘာလ၂၈ရက်နေ့မှာ (၉၇၀၆)တပ်က ရှမ်းမန်းစစ်ဆင်ရေးမှာ အတူတိုက်ပွဲဝင်ခဲ့တဲ့ ဒုတပ်ရင်းမှူးကိုနဂါး လေးနဲ့အတူ ရဲဘော်ဒင်ကြီးဟာဝက်လက်နဲ့ ရွှေဘိုမြို့နယ်ကြားက စစ်ကြောင်းကို တိုက်ဖို့ဖြစ်လာပါတယ်။
နိုဝင်ဘာ ၂၈ ရက်နေ့က ဝက်လက်မြို့နယ်အစပ်က စိုင်နိုင် လေးမှာ အင်အား၁၀၀ကျော်နဲ့ အထိုင်ချထားတဲ့ စစ်တပ်အထိုင်စခန်းကို ဝင်တိုက်ခဲ့ပါတယ်။စစ်တပ်က ရွှေဘိုမြို့နယ်၊ဘုန်းဘွဲ့ရွာဘက်ကို ဆုတ်သွားလို့ ဆက်လက်လိုက်တိုက်ခဲ့ကြပါတယ်။
နိုဝင်ဘာ ၂၉ ရက်နေ့မှာ ရွှေဘိုမြို့ကနေ စစ်ကား၈ စီး အင်အား အပြည့်နဲ့ထွက်လာပြီး စစ်တပ်ကအင်အားထပ်တိုးလို့ လမ်းမှာဖြတ်တိုက်ခဲ့ရာမှာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။စစ်တပ်က အထိခိုက်များလာချိန် Y-12 တွေနဲ့ လေ ကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ဒါ့အပြင် ရွှေဘိုမြို့ဘက်က နေ ဟောင်ဝစ်ဆာ တွေဆက်တိုက်ပစ်ခတ်ခဲ့ပါတယ်။
ပထမဆုံး ပစ်လိုက်တဲ့ဟောင်ဝစ်ဆာ(၉၇၀၆)တပ်ရင်းက ရဲဘော်တွေ ရှိတဲ့နေရာပါ။ လက်နက်ကြီးအကျမှာ မြေကြီးပေါ်မှာ မှောက် နေတဲ့ ရဲဘော်တွေ အန္တရာယ်ကင်း ပေမယ့် မတ်တပ်ရပ် နေတဲ့ ရဲဘော်ဒင်ကြီးက လည်ပင်းဖောက်မှန်ပြီး အသက်ဆုံးရှုံးခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေးအပြီး ၁ နှစ်အကြာမှာရှမ်းမြောက်နဲ့ မန္တလေူတိုင်းမှာနယ်မြေအချို့ ပြန်ဆုံးရှုံးနေချိန်မှာပဲ ရဲဘော်ဒင်ကြီးဟာ အညာမြေကို နှုတ်ဆက်သွားခဲ့ပါတယ်။
“ တော်လှန်ရေးကိုဆုံးခန်းတိုင် အောင်သွားမယ့်အမာခံဆုံးရဲဘော်ဖြစ်လို့တော်လှန်ရေးအတွက်လည်းများစွာအဆုံးရှူံးဖြစ်သလို တပ်ရင်းအတွက်လည်း အားထားရတဲ့ ရဲဘော်တ ယောက်ဆုံးရှုံးလိုက်ရတာပါ” လို့တပ် ရင်းမှူးဗိုလ်လက်ျာကပြောပါတယ်။
၂၀၂၁ခုနှစ်ကတည်းက လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့တဲ့ မန္တလေးသား ဒင်ကြီးဟာ မန္တလေးမြို့ရဲ့ မြစ်တဖက်ကမ်း စစ်ကိုင်းတိုင်းမှာပဲ အာဏာသိမ်းစစ်တပ်ကို ငါးနှစ်နီးပါးမရပ်မနား တော်လှန်ရင်းသူ့အသက်ကိုပေးလှူသွားခဲ့ပါတယ်။ဒင်ကြီးလိုအညာသားPDF တွေက နိုင်ငံနဲ့ ပြည်သူတွေ စစ်ကျွန်ဘဝကလွတ်မြောက်ဖို့ အတွက် တိုက်ပွဲဝင်နေတာဖြစ်တာမို့ အထက်မှာ ဆိုခဲ့သလို အသက်ဆုံးရှုံးမှာထက်နယ်မြေဆုံးရှုံးမှာကို ပိုစိုးရိမ်ခဲ့ကြတာဖြစ်ပါတယ်။ စစ်ဖိနပ်အောက်ကလွတ်မြောက်ချင်တာကြောင့်အညာသားPDF တွေဟာ၁၀၂၇ စစ်ဆင်ရေးမှာရော ၊ရခိုင်ပြည်နယ် ၊ချင်းပြည်နယ်စတဲ့ဒေသကတိုက်ပွဲတွေမှာ အသက်ကိုပဓါနမထားပဲ နယ်စည်းမထားဆိုရလောက်အောင်သွားရောက်တိုက်ခိုက်ခဲ့ကြပါတယ်။သူတို့ရဲ့ ရဲဝံ့တဲ့ပေးဆပ်မှုတွေကို အညာဒေသတခွင်က အုတ်ဂူနီနီလေးတွေက သက်သေပြနေပါတော့တယ်။
ရဲဘော်ဒင်ကြီးတစ်ယောက် ရွှေဘိုတိုက်ပွဲမှာ ရဲရဲဝံ့ဝံ့တိုက်ခိုက်ရင်းကျဆုံးသွားတဲ့နေ့ဟာ သူပါဝင်တိုက်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ မိုးကုတ်မြို့ကို TNLA က တရုတ်ဖိအားပေးမှုတွေအောက်က စစ်တပ်ကိုပြန်လွှဲခဲ့တဲ့နေ့ဖြစ်နေပါတယ်။ မိုးကုတ်မြို့ထဲ စစ်တပ်ပြန်ဝင်လာတာသိရင် အညာသားPDF ရဲဘော်ဒင်ကြီးတစ်ယောက်ဘာပြောလေမလဲ မသိနိုင်ပေ။ ။


















































