အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။
ဩဂုတ် ၃ ရက်နေ့က အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ထရမ့်က အီရန် အစိုးရဆီ ရည်ရွယ်တဲ့ အခုလို ခြိမ်းခြောက်မှုမျိုး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အီရန်နဲ့ အမေရိကန်ကြားက အပစ်ရပ် သဘောတူညီမှု ပျက်ပြယ်ခဲ့ပြီး တိုက်ခိုက်မှုတွေ ပြန်လည် စတင်လာပြီးတဲ့နောက် ထရမ့်က အီရန်မှာ အကြီးစား စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲတော့မယ်လို့ ပြောကြားလာခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ ဆွေးနွေးပွဲတွေ ပြန်စဖို့ အီရန်က တောင်းဆိုလာတဲ့အတွက် အဲဒီ တိုက်ခိုက်မယ့် ကိစ္စကို ဆိုင်းငံ့ထားကြောင်း၊ နှစ်ဖက် ညှိနှိုင်းမှုတွေဟာ ဩဂုတ် ၃ ရက်မှာတင် ပြန်စဖွယ်ရှိကြောင်း ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။
စစ်ပြေငြိမ်းရေးကိစ္စ ကြားဝင် ညှိနှိုင်းပေးနေတဲ့ ဆော်ဒီအာရေးဘီးယား၊ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)၊ ကာတာစတဲ့ နိုင်ငံတွေကလည်း အီရန်ကို အကြီးအကျယ် တိုက်ခိုက်မယ့် အစီအစဉ်ကို ရက်ရွှေ့ပေးဖို့ တောင်းပန်ခဲ့ကြကြောင်း ထရမ့်က ဆိုပါတယ်။

Public Service Announcement
ဩဂုတ် ၃ ရက်နေ့မှာ နှစ်ဖက် ဆွေးနွေးမှုတွေ ပြန်စမယ်ဆိုတဲ့ ထရမ့်ရဲ့ စကားကို အီရန်က နောက်ပိုင်းမှာ ငြင်းဆိုခဲ့ပေမယ့် ထရမ့်ကတော့ ဆွေးနွေးမှုတွေ ဆက်ရှိနေသေးတယ်လို့ အခိုင်အမာ ပြောပါတယ်။ ပြီးတော့ ဒါဟာ အီရန်အတွက်တော့ ခေါင်းဖြတ်မခံရဖို့ နောက်ဆုံး အခွင့်အရေးဆိုတာ နားလည်ထားဖို့လိုကြောင်း သူက ခြိမ်းခြောက်ခဲ့ပါတယ်။
လောလောဆယ်မှာ စကားပြောဆိုတာတွေ ရှိနေကြောင်း၊ ကောင်းမွန်တဲ့ သဘောတူညီမှု စာချုပ်စာတမ်း တစ်ရပ်ကို လက်မှတ်ရေးထိုးဖို့ အီရန်မှာ အခွင့်အလမ်းတွေ အများကြီး ရှိနေကြောင်း၊ ဦးခေါင်းကို မဖြတ်တောက်ခင် အီရန်အတွက် ဖြစ်နိုင်သမျှ နောက်ဆုံးအခွင့်အရေး အားလုံးကို သူ့အနေနဲ့ ပေးအပ်ချင်ကြောင်း ထရမ့်က ဆိုပါတယ်။ ဦးခေါင်း ဖြတ်တောက်တယ်ဆိုတဲ့ စကားဟာ အီရန် ခေါင်းဆောင်ပိုင်းကို ရှင်းလင်းပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုလို့ ယုံကြည်ရပါတယ်။
ဆွေးနွေးမှုတွေရဲ့ လက်ရှိ အဓိက ညှိနှိုင်းနေတဲ့ အပိုင်းကတော့ အီရန်က ပိတ်ဆို့ထားတဲ့ နိုင်ငံတကာ စွမ်းအင် တင်ပို့မှု အချက်အခြာ ရေလမ်းကြောင်းဖြစ်တဲ့ ဟောမုဇ် ရေလက်ကြားကို အလုံးစုံ ပြန်ဖွင့်နိုင်ရေး ဖြစ်တယ်လို့ ထရမ့်က ပြောပါတယ်။ ပြီးတော့ ဒီကိစ္စအတွက် အချိန်နည်းနည်းတော့ ယူရနိုင်တယ်လို့ သူက ဆိုပါတယ်။
အီရန်နဲ့ အမေရိကန်တို့ဟာ ဖေဖော်ဝါရီ လကုန်ကတည်းက စစ်ပွဲဖြစ်ပွားနေခဲ့ပြီး လက်ရှိ အချိန်ထိ စစ်ပြေငြိမ်းရေး သဘောတူညီမှု မရသေးပါဘူး။ ဒီအတောအတွင်း သံတမန်ရေး ညှိနှိုင်းမှုတွေ ရှိခဲ့သလို တိုက်ပွဲတွေလည်း ပြတ်တောင်းပြတ်တောင်း ဆက်လက် ပေါ်ပေါက်နေခဲ့တာ ဖြစ်ပါတယ်။
ကိုးကား: AFP

















































