ဒီဇင်ဘာ-၁၅၊၂၀၂၅။People’s Spring
အာဏာသိမ်း စစ်ကောင်စီရဲ့ အဓမ္မ ဖမ်းဆီး ထိန်းသိမ်းမှုကို ခံထားရတဲ့ မြန်မာ အစိုးရခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူမသိလိုက်ရဘဲ ကွယ်လွန်သွားတာမျိုး ဖြစ်မှာကို အရမ်းစိုးရိမ်ကြောင်း သားဖြစ်သူက ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ အဲရစ်ကင်မ်က မိခင်ဖြစ်သူရဲ့ သတင်းကို မကြားရတာ နှစ်တွေနဲ့ချီကြာမြင့်နေပြီဖြစ်ကြောင်း၊၂၀၂၁အာဏာသိမ်းမှုမှာ အဖမ်းခံခဲ့ရပြီး ကတည်းက မိခင်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သတင်းတချို့ကို ပြတ်တောင်း ပြတ်တောင်းလောက်ပဲ လက်ခံရရှိခဲ့ကြောင်း ဆိုပါတယ်။အသက် ၈၀ အရွယ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျဉ်းချခံထားရတဲ့ နှစ်တွေအတွင်း နှလုံး၊ အရိုးနဲ့ သွားဖုံးဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ ခံစားနေခဲ့ရကြောင်း သတင်းတွေ ထွက်ပေါ်ဖူးပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မှာကျန်းမာရေး ပြဿနာတွေ ရှိနေကြောင်း၊ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း သူ့ကို ဘယ်သူမှ မတွေ့ခဲ့ရကြောင်း၊ မိသားစုရော၊ ဥပဒေ အကျိုးဆောငအဖွဲ့နဲ့ပါ အဆက်ဖြတ်ခံထားရကြောင်း၊ သူသဘောပေါက်ထားတာက မိခင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကွယ်လွန်ခဲ့ပြီးတာမျိုးတောင် ဖြစ်ကောင်း ဖြစ်နိုင်ကြောင်း အဲရစ်ကင်မ်က ဂျပန်နိုင်ငံ၊ တိုကျိုမြို့ကို ရောက်ရှိနေချိန် အင်တာဗျူး တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

Public Service Announcement
အဲရစ်ကင်မ်ကစစ်တပ်ဦးဆောင်ပြီးကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်ခဲ့ပေမယ့် အဲဒီရွေးကောက်ပွဲ အပြီးမှာ မိခင်ဖြစ်သူ ကြုံတွေ့နေတဲ့ ဆင်းရဲဒုက္ခတွေနဲ့ပတ်သက်ပြီးအပြောင်းအလဲတစ်ခုခု ရှိလာမယ်လို့လည်း မျှော်လင့်နေပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချဖို့ ကိုယ်ပိုင် စိတ်ကူး အကြံတစ်ခုခု ရှိနေမယ်လို့သူယူဆတယ်လို့လည်းပြောပါတယ်။ လာမယ့် ရွေးကောက်ပွဲ မတိုင်ခင်၊ ဒါမှမဟုတ် အပြီးလောက်မှာ မိခင်ဖြစ်သူကို လွှတ်ပေးတာ၊ ဒါမှမဟုတ် နေအိမ်အကျယ်ချုပ် ပြောင်းလဲ သတ်မှတ်တာမျိုး တစ်ခုခုနဲ့ လူထုကျေနပ်အောင်လုပ်တာမျိုးရှိကောင်းရှိနိုင်ကြောင်း၊ အဲဒီလို ဆိုရင်တောင် တစ်ခုခုတော့အကြောင်းထူးနိုင်ကြောင်း အဲရစ်ကင်မ်က ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ကတော့ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ် အာဏာသိမ်းမှုမှာ ထိန်းသိမ်း ခံရတဲ့နောက် အဂတိမှု၊ ရွေးကောက်ပွဲ မဲလိမ်မှုတွေ အပါအဝင် မတရားစွပ်စွဲချက် ပေါင်းစုံနဲ့ ထောင်ဒဏ် ၂၇ နှစ် ချမှတ် ခံထားရပါတယ်။
မိခင်ဖြစ်သူဟာ နေပြည်တော်မှာအကျဉ်းချ ခံထားရတယ်လို့ ယုံကြည်ရကြောင်း အဲရစ်ကင်မ်က ဆိုပါတယ်။ မိခင်ဖြစ်သူဆီက နောက်ဆုံးရခဲ့တဲ့ စာဟာ လွန်ခဲ့တဲ့ ၂ နှစ်တုန်းကဖြစ်ပြီး အကျဉ်းခန်းထဲမှာ အရမ်းပူတဲ့အကြောင်း ရေးသားထားတယ်လို့လည်း သိရပါတယ်။
ကမ္ဘာအနှံ့မှာ စစ်ရေးပဋိပက္ခတွေ ပျံ့နှံ့ ဖြစ်ပွားနေတဲ့နောက် ကမ္ဘာကြီးက မြန်မာနိုင်ငံအကြောင်း မေ့လျော့နေမှာကိုလည်း သူ့အနေနဲ့ စိုးရိမ်မိကြောင်း အဲရစ်ကင်မ်က ဖွင့်ဟခဲ့ပါတယ်။
စစ်တပ်က ဦးဆောင်ကျင်းပဖို့ကြံစည်နေတဲ့လာမယ့် ရွေးကောက်ပွဲဟာ လုံးဝ မမျှတဘူး၊ လွတ်လပ်မှု မရှိဘူးဆိုတာ အားလုံး သဘောပေါက်ထားကြပြီး ဖြစ်ကြောင်း၊ ဒါပေမဲ့ သူကတော့ မိခင်နဲ့ ပတ်သက်လို့ လူးသာလွန့်သာ ဖြစ်စေမယ့် အခွင့်
အရေးလေး တစ်ခုအဖြစ် မျှော်လင့်မိကြောင်း အဲရစ်ကင်မ်က ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာ အသိုက်အဝန်းရဲ့ လေးစားမှုကို ခံခဲ့ရပေမယ့်လည်း ရခိုင်မှာ ဖြစ်ပွားခဲ့တဲ့ အကျပ်အတည်း ပြဿနာတွေက သူ့ရဲ့ ကောင်းသတင်း ကျော်ဇောမှုကို ထိခိုက်သွားစေခဲ့တယ်လို့လည်း အဲရစ်ကင်မ်က ပြောကြားခဲ့ပါတယ်။
ဂျပန်ကို ရောက်ရှိနေစဉ်အတောအတွင်း သူဟာ ဂျပန် နိုင်ငံရေးသမားတွေ၊ အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံရင်း မြန်မာစစ်တပ်အပေါ် ပိုပြီး တင်းတင်းမာမာ ဆန့်ကျင်ရပ်တည်ပေးဖို့နဲ့ ရွေးကောက်ပွဲကို အသိအမှတ် မပြုဖို့လည်း တောင်းဆိုခဲ့ပါတယ်။
ဒီလို ကိစ္စတွေ သူလုပ်နေမှန်းသိရင်သူ့မိခင်က စိတ်မကောင်း ဖြစ်နေမယ်လို့ ထင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကို (မြန်မာ့နိုင်ငံရေး ကိစ္စတွေမှာ)ဘယ်တုန်းကမှဝင်မပါစေချင်ခဲ့ကြောင်း၊ ဒါပေမဲ့ လက်ရှိ အနေအထားအရ သူ့မှာတခြားရွေးချယ်စရာလည်း မရှိကြောင်း၊သားဖြစ်တဲ့သူကိုယ်တိုင်က ဝင်မပါရင် ဘယ်သူမှလည်း ဒီကိစ္စတွေကို လုပ်ကြလိမ့်မယ် မထင်ကြောင်း အဲရစ်ကင်မ်က ပြောကြားသွားပါတယ်။
ကိုးကား-Reuters

















































