ဒီဇင်ဘာ-၁၆၊၂၀၂၅။ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ကျေးရွာနှစ်ရွာနဲ့ တော်လှန်ရေးစခန်း မီးရှို့ပြီးပြန်လာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၃ဦးသေဆုံးကြောင်း သတင်းရရှိပါတယ်။
မနေ့က ဒီဇင်ဘာ ၁၅ရက် မနက် ၁၁နာရီခန့်က မုံရွာမြို့နယ်တောင်ပိုင်း၊ စွမ်းရည်ထက်ဆီဆိုင်အနီးက ထွက်လာတဲ့ အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းဟာ နဂါးတွင်းရွာနဲ့ ပေါက်ပင် ကျေးရွာက အိမ်ခြေ ၅၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မုံရွာပကဖက ပြောပါတယ်။
မီးရှို့ဖျက်ဆီးပြီး ထွက်လာတဲ့ အဲဒီစစ်ကြောင်းကို မုံရွာမြို့နယ်ပကဖ- တိုက်နယ် (၃) ပကဖနဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့များ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် ၃ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိတဲ့သူတွေများတယ်လို့ မုံရွာပကဖက ဆိုပါတယ်။

Public Service Announcement
“တော်လှန်ရေးစခန်းတစ်ခုလည်း မီးရှို့ခံရတယ်ကြားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဘယ်အဖွဲ့ရဲ့စခန်းမီးရှို့ခံရတယ်ဆိုတာတော့ မသိရသေးပါဘူး။
အလားတူစစ်ကိုင်းတိုင်း၊ရွှေဘိုမြို့အမှတ်(၄၂)ခြေလျင်တပ်ရင်းကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုပကဖက ပြောပါတယ်။
ဒီဇင်ဘာ ၁၆ရက် နေ့လယ် ၂ နာရီခွဲခန့်က အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ် (တမခ-၃၃) လက်အောက်ခံအမှတ်(၄၂)ခြေလျင်တပ်ရင်းအထိုင်စခန်းကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုပကဖက ပြောပါတယ်။
“စုစုပေါင်း လေးလုံးချတာ။တပ်ဝင်းအတွင်းထဲချတာပါ။”လို့ ရွှေဘိုပကဖတာဝန်ရှိသူက ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ်ပကဖလက်ရုံးတပ်ဖွဲ့(တိုက်ခိုက်ရေးအဖွဲ့ -PDO)နဲ့ တိုက်နယ် (၅)ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ ရွှေဘိုမြို့နယ် တိုက်နယ်(၅)ပကဖ Fixed Wings Droneအဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
မုံရွာမြို့မှာတော့ ဒီကနေ့ မနက်ပိုင်းမှာလည်း မုံရွာမြို့နယ်အတွင်းကကျောက်စစ်ပုံမြောက်ရွာ၊အောင်သာရွာ၊ လယ်ဇယ်ရွာနဲ့ သက္ကကျင်းကျေးရွာတွေကို စစ်ကြောင်းထိုးနေလို့ ဒေသခံတွေ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။




















































