Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍဟာ နိုင်ငံနဲ့နွေဦးတော်လှန်ရေးအတွက် များစွာအရေးကြီးဟု NUG ယာယီသမ္မတပြော

နိုင်ငံတော်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် အထူးစိုးရိမ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့ ဒီဇင်ဘာ ၁၈ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေး မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာရှိနေတဲ့ အခြေအနေကို ပြောပြခဲ့ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ၂၀၂၃ ဇူလိုင် ၂၆ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုအတွင်း တွေ့ရတဲံ ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံ။ ဓာတ်ပုံ- EPA

◾️စစ်တပ်ရွေးကောက်ပွဲအလွန် အကဲဆတ်တဲ့ နိုင်ငံရေးတိမ်းညွှတ်မှုတွေရှိလာနိုင်လို့ ကြိုပြင်ပြီး တန်ပြန်ဖို့ သတိပေး

ဒီဇင်ဘာ-၁၈၊ ၂၀၂၅။ ဆန်အောင်/People’s Spring

နိုင်ငံတော်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် အထူးစိုးရိမ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့ ဒီဇင်ဘာ ၁၈ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေး မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာရှိနေတဲ့ အခြေအနေကို ပြောပြခဲ့ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းဝေး ပထမရက်မှာ ယာယီသမ္မတက မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပြီး နိုင်ငံအတွက်အရေးကြီးတဲ့ ဒေါ်အောင်ဆန်းကြည်ဟာကျန်းမာဖို့၊ လွတ်မြောက်ဖို့ အခြေအနေတွေကို ထည့်သွင်းပြောကြားခဲ့တာပါ။

Public Service Announcement

Public Service Announcement

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး အခန်းကဏ္ဍဟာ နိုင်ငံအတွက်ရော၊ လက်ရှိ နွေဦးတော်လှန်

ရေးအတွက်ပါ အင်မတန်မှ အရေးကြီး တဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကျန်းကျန်းမာမာရှိဖို့ ကျွန်တော် အမြဲ စိတ်ဆန္ဒပြုပါတယ်။ တစ်ဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထုခေါင်းဆောင်တွေ၊ နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွတ်မြောက်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာကို ဆက်လက် အကူအညီတွေ တောင်းဆိုကြဖို့ တိုက်တွန်းလိုပါတယ်”လို့ ယာယီသမ္မတက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကူညီပေးဖို့ အမြဲတမ်း တွန်းတွန်းတိုက်တိုက်ပြောဆိုနှိုးဆော်တာရှိတယ်လို့ အသိပေးပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်ခေါင်းဆောင်တွေရဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းကနေ အမြန်ဆုံးလွတ်မြောက်ဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ ပြည်တွင်းကရော နိုင်ငံတကာ ကနေပါ ပုံစံမျိုးစုံနဲ့ တိုက်တွန်းစေ့ဆော်တာတွေကို လုပ်ဆောင်ကြဖို့ လေးနက်စွာ တိုက်တွန်းလိုပါ တယ်။”လို့ ယာယီသမ္မတက ပြောပါတယ်။

ယာယီသမ္မတရဲ့ မိန့်ခွန်းမှာ အစိုးရအဖွဲ့ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ၊ အားမလိုအားမရမှုတွေ ရှိတဲ့အပေါ် သိရှိကြောင်း ပြောပြခဲ့ပါတယ်။ များပြားစုံလင်တဲ့ လူမျိုးပေါင်းစုံ၊ ဒေသပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံကို လက်တွေ့ကျကျ ဆွဲစုပြီး၊ အရှိပကတိကို အခြေခံပြီး ပြုပြင် ပြောင်းလဲရေးလုပ်ရတာဖြစ်လို့ အကန့်အသတ်တွေ ရှိနေကြောင်း အသိပေးပါတယ်။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို လူထုရဲ့ ထောက်ခံမှု ထပ်မံရရှိအောင် အလုပ်နဲ့ သက်သေပြဖို့ ကြိုးစားမယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ယာယီသမ္မတ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ရာ စစ်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲ အလွန် အခင်းအကျင်းကာလအတွက် ကြိုပြင်ဖို့ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းဆောင်ရွက်ဖို့ ပြောဆိုခဲ့ပါတယ်။

“စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲအလွန် အခင်းအကျင်းကာလမှာ၊ အကဲဆတ်တဲ့ နိုင်ငံရေးတိမ်းညွှတ်မှုတွေ ပေါ်ထွက်လာနိုင်ချေရှိတာကို၊ ကြိုတင်ပြင်ဆင်ပြီး – တန်ပြန်လုပ်ဆောင်နိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေကို လေးလေးနက်နက် တိုက်တွန်းမေတ္တာ ရပ်ခံလိုပါတယ်”လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ကမ္ဘာ့နိုင်ငံရေးနဲ့ နိုင်ငံတကာနိုင်ငံရေးအခြေအနေဟာထင်ထား သလောက် မရိုးရှင်းဘူးလို့ ယူဆကြောင်း ပြောပါတယ်။

“ဒါ့အပြင် သမားရိုးကျနိုင်ငံရေးပလက်ဖောင်းပေါ်မှာ မြင်ရတဲ့ မြင်ကွင်းတွေထက် ပိုမိုရှုပ်ထွေးတာတွေကိုလည်း တွေ့ရပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ ပြည်တွင်းတော်လှန်ရေးအခင်းအကျင်းအပေါ်မှာ သက်ရောက်မှုရှိပါတယ်”လို့ ယာယီသမ္မတက ပြောပါတယ်။

ဒါ့ကြောင့် စစ်ကော်မရှင် ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင့်ရုံမျှနဲ့ လုံလောက်မှုရှိမှာ မဟုတ်ဘူးဆိုတာနားလည်စေချင်ကြောင်း ပြောပါတယ်။

“အတုအယောင်ရွေးကောက်ပွဲအလွန် အခင်းအကျင်းဟာ ပြည်တွင်းက တော်လှန် ရေးအင်အားစုတွေအနေနဲ့ စိန်ခေါ်ချက်တချိုကို သယ်လာနိုင်တာကို ထည့်တွက်ထားဖို လိုပါတယ်။ ဒါကို သတိရှိရှိနဲ့ အမြော်အမြင်ကြီးကြီး ရှုမြင်ပြီးတော့ ကျွန်တော်တိုအားလုံး နိုင်ငံရေးလက်ဦးမှု ရယူပြီး လုပ်ဆောင်နိုင်ဖို ကြိုတင်ပြင်ဆင် စဉ်းစားထားဖိုလည်း တိုက်တွန်းလိုပါတယ်”လို့ ယာယီသမ္မတက ပြောပါတယ်။

လက်ရှိ တော်လှန်ရေးအင်အားစုတွေအကြားမှာ လက်တွဲပူးပေါင်းမှုဟာ အင်မတန်မှ အရေးကြီးတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

“အထူးသဖြင့် လူထုကိုယ်စားပြုမှုကို တရားဝင်မှုရှိရှိ ရယူထားနိုင်တဲ့ လွှတ်တော်ရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အနေနဲ့လည်း တော်လှန်ရေးအင်အားစုအချင်းချင်း လက်တွဲချိတ်ဆက်မှုကို တဖန်အားစိုက်ပေးဖို့ ယနေ့ကျင်းပ ပြုလုပ်တဲ့ လွှတ်တော်အစည်းအဝေးမှာ ထပ်မံပြီး တိုက်တွန်းလိုပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့လည်း Federal Supreme Council ထွက်ပေါ်လာနိုင်ရေးအတွက် အထူးအားစိုက် နေပါတယ်”လို့ ယာယီသမ္မတက ပြောကြားပါတယ်။

NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း လွှတ်တော်အစည်းအဝေးမှာ မိန့်ခွန်းပြောကြားခဲ့ရာ စစ်တပ်ဟာ ရွေးကောက်ပွဲ ကို လိမ်ညာလှည့်စားမှုများစွာနဲ့ ပြုလုပ်ဖို့ လုံးပမ်းနေကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“တော်လှန်ရေးအင်အားစုတွေအနေနဲ့ အကြမ်းဖက်စစ်တပ်က ပြုလုပ်မဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို လက်မခံခြင်းဟာ ပြည်သူ့ဆန္ဒအမှန်ကို ထုတ်ဖော်ပြသခွင့်ရှိတဲ့ ရွေးကောက်ပွဲဆိုတဲ့ ဖြစ်စဉ်ကို ဆန့်ကျင်နေခြင်းမဟုတ်ဘဲ မိမိတို့မှာ ပြည်သူ့ဆန္ဒအမှန်ကို ထုတ်ဖော်ပြသခဲ့ပြီးသော ၂၀၂၀ ရွေးကောက်ပွဲရလဒ်တစ်ခု တည်ရှိပြီးဖြစ်ကာ အဆိုပါ ပြည်သူ့ဆန္ဒကို စစ်အာဏာရှင်တစ်စုက လက်နက်အားကိုးပြီး မတရား ချေဖျက်ရန် ကြိုးပမ်းနေခြင်းကြောင့်သာ လက်မခံကြခြင်းဖြစ်ကြောင်းကို နည်းလမ်းပေါင်းစုံနဲ့ ပြသကြဖို့ လိုအပ်နေတဲ့အချိန်ကာလလည်း ဖြစ်ပါတယ်” လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

ဒီလိုအချိန်မှာ ပြည်သူလူထုရဲ့ ဆန္ဒဖြစ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကနေတစ်ဆင့် ပေါ်ပေါက်လာတဲ့ ပြည်ထောင်စုလွှတ်တော်၊ တိုင်းနဲ့ပြည်နယ် လွှတ်တော်ကိုယ်စားပြုကော်မတီတွေနဲ့ ပြည်သူ့ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးရဲ့ တည်ရှိမှုနဲ့ အခန်းကဏ္ဍဟာလည်း အင်မတန်မှ အရေးကြီးကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

လက်ရှိ တော်လှန်ရေး အရှိန်အမြင့်ဆုံးကာလမှာ ပြည်သူ့ကိုယ်စားလှယ်တွေ အနေနဲ့ ပြည်သူကို ဆက်လက်ထိတွေ့ကာ ပြည်သူ့အသံများကို ဆက်လက်နားထောင်ပြီး ပြည်သူ့ဆန္ဒကို ပိုသိရအောင် ကြိုးစားဖို့ ၊ တော်လှန်ရေးရဲ့ ဖြစ်တည်တိုးတက်မှုတွေဟာ ပြည်သူ့ဆန္ဒကနေ သွေဖယ်သွားတာမျိုး မဖြစ်စေအောင် ကြိုးစားပေးကြဖို့ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက တိုက်တွန်းပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့(မဟန)ဆရာတော်ကြီးတွေ မေတ္တာရပ်ခံပေးဖို့ တောင်းဆိုစာပို့နိုင်ရေးအတွက် လက်မှတ်စုဆောင်းတဲ့ ကမ်ပိန်း ဂျပန်နိုင်ငံမှာ ပြုလုပ်ခဲ့တယ်လို့ ငြိမ်းချမ်းရေးကမ်းလက်များအဖွဲ့က ဥက္ကဌ ကတူးမာတင်က ပြောပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေက သားဖြစ်သူကိုထိန်လင်း စိတ်ပူသလိုပဲ အင်မတန်စိုးရိမ်စရာကောင်းတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

သတင်း

​​​ဒေါ်​အောင်ဆန်းစုကြည် ကျန်းမာ​ကြောင်း စစ်အုပ်စု ခိုင်မာတဲ့အ​ထောက်အထားမပြနိုင်

သတင်း

အာဏာသိမ်း စစ်ကောင်စီရဲ့ အဓမ္မ ဖမ်းဆီး ထိန်းသိမ်းမှုကို ခံထားရတဲ့ မြန်မာ အစိုးရခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူမသိလိုက်ရဘဲ ကွယ်လွန်သွားတာမျိုး ဖြစ်မှာကို အရမ်းစိုးရိမ်ကြောင်း သားဖြစ်သူက ပြောကြားခဲ့ပါတယ်။