ဒီဇင်ဘာ-၂၁၊၂၀၂၅။ဇော်ဝင်း/People’s Spring
ကရင်နီပြည်မှာ စစ်ကောင်စီရွေးကောက်ပွဲဝင်ပြိုင်သူ ကိုယ်စားလှယ်လောင်းတွေကို ကရင်နီအမျိုးသားသစ္စာဖောက် အဖြစ်သတ်မှတ်မယ်လို့ ကရင်နီပြည်လူငယ်ထုက ဒီကနေ့(ဒီဇင်ဘာ ၂၁ရက်)မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။
အဲဒီကြေညာချက်အတွက် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ KSCC ၊ကရင်နီပြည်လူငယ်ရေးရာကော် မတီ၊ကရင်နီပြည်ကြား ကာလအုပ်ချုပ်ရေးကောင်စီ၊ကရင်နီပြည်လူငယ်များသမဂ္ဂ၊အရပ်ဖက်လူငယ်အဖွဲ့အစည်း၊ကရင်နီပြည်ဌာနေတိုင်းရင်းသားလူမျိုးစုနဲ့ ကျောင်းသား လူငယ်ကိုယ်စားလှယ်တွေ စုပေါင်း ဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement
တွေ့ဆုံဆွေးနွေးမှုကို ဒီဇင်ဘာ ၁၈ ရက်ကနေ ၂၀ ရက်အထိ ကရင်နီမြေပြင်တနေရာမှာ ပြုလုပ်ခဲ့ပြီး တိုက်တွန်းမှု သဘောတူညီချက်ငါးချက် ရရှိခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ကရင်နီပြည််မှာ တပ်တစ်တပ်တည်းဖြစ်ဖို့ လူငယ်ထု တွေအားလုံးလက်ခံပြီး သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့တွေ အနေနဲ့လည်း ပြည်နယ်တပ်တစ်ခုတည်းဖြစ်ရေးနဲ့ အစိုးရတစ်ရပ်တည်းဖြစ်ဖို့ကိုလည်း ပြည်နယ်တွင်း အစုအဖွဲ့တွေက အမြန်ဆုံး အကောင်အထည်ဖော်ဖို့ တိုက်တွန်းပါတယ်။
စစ်ကောင်စီကလုပ်မယ့် ရွေးကောက်ပွဲကို လုံးဝကန့်ကွက်ပြီး လူထုအားလုံး ပူးပေါင်းတာမလုပ်ဖို့နဲ့ ကရင်နီပြည်နယ်မှာ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ကရင်နီအမျိုးသားသစ္စာဖောက်အဖြစ် သတ်မှတ်မယ်လို့ လည်း သိရပါတယ်။
ကရင်နီပြည်နယ်ရဲ့ အုပ်ချုပ်ရေး၊တရားစီရင်ရေးနဲ့ ဥပဒေပြုရေးမဏ္ဍိုင်တွေမှာ လူငယ်တွေပါဝင်ဆုံးဖြတ်နိုင်တဲ့ အခင်းအကျင်းကို သက်ဆိုင်ရာအစုအဖွဲ့တွေက ထားရှိပေးဖို့လည်း အသိပေးပါတယ်။
ဒါ့အပြင် လက်ရှိ ကရင်နီပြည်နယ်ရဲ့ နိုင်ငံရေး ၊စစ်ရေး အခြေအနေတွေနဲ့ ဒေသအလိုက်လူငယ်တွေရဲ့အခြေအနေ ၊လူငယ်တွေရဲ့ဘုံသဘောတူညီချက်တွေကိုပါ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီက ကရင်နီပြည်နယ် လွိုင်ကော် ၊ ဘောလခဲ ၊ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေမှာ ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာထားပါတယ်။
အဲဒီမြို့နယ်တွေမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မှတ်ပုံတင်ထားတဲ့ ကယားပြည်နယ်ပြည်သူ့ပါတီ KySPP၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)၊ တိုင်း ရင်းသားစည်းလုံးညီညွှတ်ရေးပါတီ(တစည)ပါတီတို့က ကိုယ်စားလှယ် ၈၇ ဦး ဝင်ပြိုင်မှာဖြစ်ပါတယ်။
“ စစ်ကော်မရှင်က လုပ်မယ့် ရွေးကောက်ပွဲကို ဝင်ပြိုင်မှာက ဗမာ တိုင်းရင်းသားတွေ ခပ်များများပါတယ်။ကရင်နီမှာရှိတဲ့သူက အနည်းအကျဥ်း ဖြစ်ပါတယ်။နိုင်ငံရေးနယ်ပယ်ထဲမှာ တွေ့ရတံသူတွေမဟုတ်ဘူး။အာဏာသိမ်းပြီးစစ်တပ်အလိုကျ ထောက်တိုင်တွေ ရေပေါ်ဆီလူတန်းစားခပ်များများ ပါ” လို့ ကရင်နီပြည်လူငယ်ထုရဲ့ပြန်ကြားရေးတာဝန်ခံ ကိုခွန်သောမတ်က ပြောပါတယ်။
ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေအားလုံးဟာ ပြည်သူ့ရှေ့မှောက်မှာ တရားစီရင်ခံရမယ်လို့လည်းသူက ဆက်ပြောပါတယ်။
“ စစ်ကောင်စီကလူထုတစ်ရပ်လုံးရဲ့ ဘုံရန်သူဖြစ်တယ်။ဘုံရန်သူကို အကျိုးရှိစေတာမှန်သမျှဟာလည်း ကျွန်တော်တို့ရဲ့ ရန်သူပဲ။ဘုံရန်သူကို ထောက်တိုင်ဖြစ်စေတာလည်း လူထုရဲ့ ရန်သူလို့ ကျွန်တော် တို့ မှတ်ယူတယ်” လို့ ကိုခွန်သောမတ်က ရွေးကောက်ခံမယ့် ကိုယ်စားလှယ်လောင်း ကိစ္စနဲ့ပတ်သက်ပြီး ရှင်းပြပါတယ်။
ကရင်နီပြည်လူထုအနေနဲ့ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပက်သတ်ပြီး မဲရုံနဲ့ မဲရုံအနီးအနားပတ်ဝန်းကျင်တွေမှာ နေထိုင်တာ၊ သွားလာတာမလုပ်ဖို့ ကရင်နီပြည်တပ်မတော် (KA)က သတိပေး ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၁၉ ရက်ကစပြီး ဇန်နဝါရီ ၅ ရက်အထိ ကရင်နီပြည်နယ်မှာ အရေးကြီးကာလအဖြစ်သတ်မှတ်ထားပါတယ်။
















































