Connect with us

Hi, what are you looking for?

သတင်း

ကသာတိုက်ပွဲ မြို့ခံအများစု စစ်ဘေးရှောင်၊ စစ်တပ်က မြို့တွင်း လေကြောင်းကဗုံးကြဲနေ

စစ်ကိုင်းတိုင်း၊ ကသာမြို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲကတွေက တိုက်ခိုက်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေရာ မြို့ခံအများစုမှာ မြို့ကနေ တိမ်းရှောင်သွားကြောင်း ကသာမြို့ခံတဦးက ပြောပါတယ်။

ကသာမြို့ခံတွေ ဘေးလွတ်ရာ တိမ်းရှောင်ဖို့ထွက်ခွာနေကြစဉ်။ ဓာတ်ပုံ - CJ

ဇန်နဝါရီ ၁၊၂၀၂၆။ဆန်အောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကသာမြို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲကတွေက တိုက်ခိုက်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေရာ မြို့ခံအများစုမှာ မြို့ကနေ တိမ်းရှောင်သွားကြောင်း ကသာမြို့ခံတဦးက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကသာမြို့ အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေလို့ ၂၀၂၅ ဒီဇင်ဘာနောက်ဆုံးပတ်အတွင်း တိုက်ပွဲတွေ ပြင်းထန်နေသလို စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေဗုံးကြဲ တိုက်ခိုက်တာတွေ နေ့စဉ်လုပ်ဆောင်နေတာကြောင့် ဒေသခံတွေ မြို့ကို စွန့်ခွာနေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်တွေမှာ မြို့ခံတွေကို စစ်ကောင်စီတပ်ကထွက်ခွာခွင့်မပေးခဲ့ပေမယ့် တော်လှန်ရေးပူးပေါင်းတပ်က မြို့ကို ဝင်ရောက်လာနိုင်တဲ့ အခြေအနေမှာ ဒီဇင်ဘာ ၃၁ရက်ကစပြီး မြို့ခံတွေ စစ်ရှောင်ခွင့်ရခဲ့သလို ဒီကနေ့ ၂၀၁၆ ဇန်နဝါရီ ၁ရက်မှာ လွတ်လွတ်လပ်လပ် စစ်ရှောင်ခွင့်ရနေပြီလို့ ကသာမြို့ခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ မြို့လုံခြုံရေး အခြေအနေအရ နေလို့ရတယ်လို့ ယူဆပြီး စစ်မရှောင်သေးဘဲ ကျန်နေသူတွေရှိသလို ငွေကြေးမတက်နိုင်လို့ ဘေးလွတ်ရာမရှောင်သူတွေနဲ့ ဝန်ထမ်းတွေ ကျန်နေသေးတယ်လို့ ဒေသခံက ပြောပါတယ်။

စစ်ကောင်စီ ဌာနဆိုင်ရာ ဝန်ထမ်းတွေကလမ်းခရီးမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးမှု ခံရမှာဆိုးလို့ စစ်မရှောင်ကြတာဖြစ်လို့ တော်လှန်ရေးဘက်က လမ်းဖွင့်ပေးစေချင်တယ်လို့လည်း ကသာမြို့ခံက ပြောပါတယ်။

ဒေသခံအချို့က “ကသာမြို့ထဲ ဘုန်းကြီးကျောင်းလည်း မနေသင့်တော့ဘူး ထွက်ကြပါ။ ဒီထက်ပိုဆိုးလာမယ်”လို့ ကသာဒေသခံတွေ ပါဝင်စုဖွဲ့ထားတဲ့ လူမှုကွန်ရက်က ဂရုမှာ နှိုးဆော်ထားပါတယ်။

အဝေးရောက် ကသာဒေသခံတွေကလည်း မြို့မှာ ကျန်နေခဲ့တဲ့ မိသားစုဝင်တွေရဲ့ အခြေအနေတွေ မေးမြန်းတာ၊ စစ်ရှောင်တွေကို သွားလာနေထိုင်ရေး အကူအညီပေးဖို့ဖိတ်ခေါ်တာ၊ ဖုန်းဘီလ်လိုအပ်သူတွေကို ကူညီမယ်လို့ ဖိတ်ခေါ်တာတွေလည်း တွေ့ရပါတယ်။

ဒေသခံအချို့ကလည်း စစ်ရှောင်လို့ရတဲ့ အခြေအနေမှာ စစ်ရှောင်ကြဖို့နှိုးဆော်ထားတာကိုလည်း တွေ့ရပါတယ်။

ကသာမြို့ကနေ မြစ်ကြီးနားမြို့ဘက် စစ်ရှောင် သွားသူတဦးကလည်း လမ်းဘေးအိပ်ခဲ့ရပြီး စောင်တွေများစွာယူလာလို့ အအေးဒဏ်ကို ရင်ဆိုင်နိုင်ခဲ့တာဖြစ်ကြောင်း အတွေ့အကြုံကို ပြောပြထားပါတယ်။

“မနေ့က မထွက်နိုင်ဘဲ ကသာမြို့ထဲ ပိတ်မိသွားတဲ့ အဖွဲ့တွေပါ အများကြီးထွက်နိုင်ခဲ့ပါတယ်။ စိတ်မပူကြပါနဲ့။”လို့လည်း မြို့ကနေ စစ်ရှောင်လာသူက လူမှုကွန်ရက်မှာ ဓာတ်ပုံမှတ်တမ်း၊ရုပ်သံမှတ်တမ်းတွေနဲ့ ဖော်ပြထားပါတယ်။

လက်ရှိမှာ ကသာမြို့ မြောက်ဘက်ခြမ်းမှာပစ်ခတ်မှုတွေ ဆက်ရှိနေပြီး စစ်ကောင်စီကလည်း Y12နဲ့ မြို့ အနီးဝန်းကျင်နဲ့ မြို့အနီး ကျေးရွာတွေ တွေကို ဗုံးကြဲတာတွေ မနက်တကြိမ်၊ ညနေတကြိမ်၊ ညတကြိမ် ပုံမှန်ပြုလုပ်နေကြောင်း ဒေသခံက ပြောပါတယ်။

ဒါ့အပြင် ကသာမြို့ကို စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ စစ်အင်အားဖြည့်တင်းစဉ် Y12 လေယာဉ် ဝဲတာ၊ ဗုံးကြဲတာတွေ လုပ်ဆောင်တယ်လို့ သိရကြောင်းလည်း ကသာမြို့ခံက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ် ကာကင်းတွေကို တော်လှန်ရေးဘက်က တိုက်ခိုက်နေတာရှိတယ်လို့သိရကြောင်းလည်း ပြောပါတယ်။

ကချင်စစ်ရေးသတင်းရင်းမြစ်တဦးကတော့ ဒီကနေ့ စစ်ရေး အခြေအနေတွေ ထူးတာမရှိသေးဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ရက်မှာ ကချင်စစ်ရေး သတင်းရင်းမြစ် ပြောပြတာက ဒီဇင်ဘာ ၂၈ရက်ကနေ ၃၀ရက်အတွင်း ကသာတိုက်ပွဲမှာ စစ်ကောင်စီတပ် ကာကင်းနေရာ ၅နေရာလောက်ကို သိမ်းရခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ကျော်ကို လက်နက်တွေနဲ့ ဖမ်းမိထားတယ်လို့ အသိပေးထားပါတယ်။

ကသာမြို့ထဲကို ဝင်ရောက်နိုင်ပြီး စစ်ကောင်စီရဲ့ ခမရ(၃၀၉)နဲ့ ခမရ(၁၀၆) တပ်ရင်းတွေ တပ်စွဲရာနေရာတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းနဲ့ ကသာမှာ စစ်ကောင်စီရဲ့ တပ်မ(၇၇) တပ်ဖွဲ့တွေ အပြင် ရှမ်းနီပြည်သူ့စစ်တွေလည်းရှိနေပြီး စစ်အင်အား ၆၀၀ ကျော်ကျန်နေသေးကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ဒီဇင်ဘာ ၃၀ရက်မှာ ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်ရဲ့ရေတပ်‌က‌နေပစ်တဲ့လက်နက်ကြီးကြောင့် စစ်ဘေးရှောင်နှစ်ဦးသေဆုံးသွားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်း၊ ချောင်းဦးမြို့နယ်မှာ စစ်ကောင်စီတပ်က ဖြတ်သန်းခွင့်ပိတ်ထားတာကြောင့် ယာဥ်တွေ ပိတ်မိနေကြောင်း သတင်းရရှိပါတယ်။

ဆောင်းပါး

အခုနှစ် မြန်မာနိုင်ငံရဲ့ ဆောင်းရာသီဟာ အရင်နှစ်တွေထက်ပိုပြီး ချမ်းအေးတယ်လို့ ခံစားနေရပြီး အေးတဲ့ကာလပိုကြာပါတယ်။ တကယ်​တော့မြန်မာအပြင် မြန်မာနိုင်ငံသားများစွာ​ရောက်ရှိနေတဲ့ထိုင်းအပါအဝင် ​ဒေသတွင်းနိုင်ငံ​တွေမှာပါအ​အေးပို​နေတာပါ။

သတင်း

စစ်ကိုင်းတိုင်း၊ ကသာမြို့ပေါ်မှာ ဖုန်းလိုင်းပြတ်တောက်သွားပြီး မနေ့က ရှော့တိုက်ဒုံးကျကာ မီးလောင်မှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။