ဇန်နဝါရီ-၂၁၊၂၀၂၆။ဇော်ဝင်း/People’s Spring
ကရင်နီထောင်ကထွက်ပြေးသွားသူတချို့ကို ပစ်ခတ်ဖမ်းဆီးရမိထားတယ်လို့ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC တွဲဖက် အတွင်းရေးမှူး ဦးဗညားက လူထုနွေဦးကို ပြောပါတယ်။
ပစ်ခတ်ဖမ်းဆီးရတဲ့အခြေအနေတွေကြောင့် ထွက်ပြေးတဲ့စစ်သားတချို့လည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ ဆီမှာတော့ပစ်ခတ်မှုတွေ ရှိတယ်။အဲဒါကြောင့်အသေအပျောက်ရှိပါတယ်။အခုထိ ပြန်စုနေတုန်း။ဒါပေမယ့် သေချာတာတစ်ခုက တော့ တချို့ အနည်းအကျဉ်းတော့ ပြန်မိထားတာ ရှိပါတယ်။ကနဦး ပြောလို့ရပါတယ်”လို့ ဦးဗညားကပြောပါတယ်။

Public Service Announcement
ဒါပေမယ့်ပြန်ဖမ်းမိတဲ့သူအရေအတွက်နဲ့ ဘယ်သူတွေပါဝင်တယ်ဆိုတာကိုတော့ လတ်တလောအသေးစိတ်အချက်အလက် မရသေးဘူးလို့ သူက ဆက်ပြောပါတယ်။
မနေ့က(ဇန်နဝါရီ ၂၀ ရက်)ထိုင်းသတင်းတွေရဲ့ ဖော်ပြချက်အရ ကရင်နီထောင်ကနေ ထွက်ပြေးတဲ့ စစ်ကောင်စီတပ်သား ၈၂ ဦးထဲက အယောက် ၃၀ က ထိုင်းနိုင်ငံဘက်ရောက်လာတယ်လို့ သိရပါတယ်။
“လောလောဆယ်ကတော့ဟုတ်ပါတယ်။ထိုင်းမှာက ၃၀ ဝင်သွားပြီဆိုတာက အတည်ပြုလို့ရတယ်။ကျွန်တော်တို့ အဲဒီဟာသိပါတယ်”လို့ IEC တွဲဖက် အတွင်းရေးမှူးက ပြောပါတယ်။
ကရင်နီ ပြည်နယ်၊မယ်စဲ့မြို့နယ်IEC အကျဥ်းထောင်ကနေ ထွက်ပြေးတဲ့သူတွေက တပ်မ ၆၆ လက်အောက်ခံ စစ်သုံ့ပန်းစစ်ကောင်စီတပ်သားတွေလို့သိရပါတယ်။
ထွက်ပြေးတဲ့သူတွေ ထဲမှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၉ ရက်ကဖမ်းမိခဲ့တဲ့ စစ်တပ်လေယာဥ်မှူး ဗိုလ်မှူး ခိုင်သန့်မိုး မပါဝင်ဘူးလို့ ဦးဗညားက People’s Spring ကိုအတည်ပြုပါတယ်။
ဇန်နဝါရီ ၁၈ ရက် မနက် ၁ နာရီခန့်က မယ်စဲ့ မြို့
နယ်မှာရှိတဲ့ IEC အကျဥ်းထောင်ကနေ စစ် သုံ့ပန်း စစ်ကောင်စီတပ်သား(၈၀)ဝန်းကျင်ထွက်ပြေးသွားတယ်လို့ IEC က ကနဦး ထုတ်ပြန်ထားပါတယ်။
ထွက်ပြေးအကျဥ်းသားတွေကလက်နက်ငယ်ကိုး လက်ကိုလည်းယူဆောင်သွားတယ်လို့ ဖော်ပြ ပါတယ်။ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ မယ်စဲ့မြို့နယ်ကို ကရင်နီတပ်ပေါင်းစုက ၂၀၂၃ နိုဝင်ဘာလဆန်းက အလုံးစုံ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။


















































