■စစ်သားသစ်များတိုက်ပွဲအတွင်း အသေမခံဘဲ PDFထံ လက်နက်ချရန် စစ်မှုထမ်းမိသာစုဝင်များတိုက်တွန်း
ဇော်ဂျီ(ဧရာဝတီ)/People’s Spring
ဧရာဝတီတိုင်းအတွင်း စစ်ငွေ့သန်းလာချိန်တွင် အာဏာသိမ်းဒုတိယခေါင်းဆောင်ဦးဆောင်သည့် စစ်ဘက်ရေးရာ ထိပ်တန်းအရာရှိများ ပုသိမ်မြို့သို့ရောက်ရှိလာပြီး စစ်မှုထမ်းသင်တန်းဆင်းများနှင့်တွေ့ဆုံ၍ စည်းရုံးခဲ့သည်။
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဦးဆောင်သည့် ကြည်း၊ ရေ၊ လေ ထိပ်ပိုင်းခေါင်းဆောင်များက ဒီဇင်ဘာ ၂၇ရက်တွင် ပုသိမ်မြို့သို့လာရောက်ခြင်းဖြစ်ပြီး စစ်မှုထမ်းသင်တန်းဆင်းများတာဝန်ကျေရန် ဦးစားပေးပြောသွားသည်။
အာဏာသိမ်း ဒုတိယခေါင်းဆောင်က သင်တန်းဆင်းစစ်သားသစ်များနှင့် တွေ့ဆုံစဉ် ဂုဏ်သိက္ခာမကျအောင် ထိန်းသိမ်းကြရန်၊ တာဝန်ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ စစ်ရေး တာဝန်များထမ်းဆောင်ရန်၊ ရဲရဲတက်၊ရဲရဲတိုက်၊ရဲရဲချေမှုန်းရန် စသဖြင့် ပြောဆိုသွားသည်။
ထို့အပြင် ရခိုင်ပြည်နယ်တိုက်ပွဲများ၌ ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံသည်ကိုလည်း လက်ရှိအခြေအနေနှင့် ကွဲလွဲ၍ သတင်းထုတ်ပြန်သွားသည်ကိုတွေ့ရသည်။ တိုက်ပွဲများတွင် ဒဏ်ရာရရှိသည်ဟုမပြောဘဲ ရောဂါအခြေအနေကို လိုက်လံ မေးမြန်းသွားသည်ဟု စစ်ကောင်စီက ထုတ်ပြန်သွားသည်။
ယခုခရီးစဉ်တွင် လုံခြုံရေးအင်အား ယခင်ကလောက်မများဟု ဒေသခံများကပြောသည်။
“စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်တော်နည်းနေတော့ လုံခြုံရေးတောင် အရင်လို မများဘူး။ စစ်မှုထမ်းနဲ့ အခေါ်ခံရတဲ့ ကလေးတွေကို လာမြှောက်ပေးသွားတာ။ တိုက်ပွဲထဲ လက်နက်ချမှာစိုးလို့” ဟု ပုသိမ်မြို့ခံတစ်ဦးကပြောသည်။
ပုသိမ်လေယာဉ်ကွင်းမှ ART -42 500 လေယာဉ်ဖြင့် နေ့ချင်းပြန်သွားသည်ဟု တော်လှန်ရေးအင်အားစုများက ပြောသည်။
လက်ရှိတွင် ဧရာဝတီတိုင်းနှင့်နယ်စပ်ဖြစ်သည့် ရခိုင်ပြည်နယ် ဂွမြို့နယ်တွင်တိုက်ပွဲများပြင်းထန်နေသည်။ ရခိုင်ပြည်နယ်မှတိုက်ပွဲများကို စစ်ကောင်စီက ဧရာဝတီတိုင်းမှ စစ်ကူအများအပြားပို့ဆောင်ခဲ့သည်။ စစ်မှုထမ်းသင်တန်းဆင်းများပါဝင်သည့် စစ်ကိုစစ်ကြောင်းများကို AAက တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများပြားနေသည်။
ဂွမြို့သို့ စစ်ကူပို့ခံရသည် ဟင်္သာတမြို့အခြေစိုက် ခလရ (၁၈) တပ်ရင်း၊ အိမ်မဲမြို့အခြေစိုက် ခလရ (၆၃)၊ ခလရ (၅၁) နှင့် ရန်ကုန်၊ လှိုင်သာယာအခြေစိုက် ခမရ (၅၃၂)မှ စစ်ကောင်စီအင်အား ၂၀၀ နီးပါးကို ဂွမြို့နယ်၊သံခဲချိုင်ကျေးရွာကမ်းခြေအနီး နှင့်ကင်းပုံကျေးရွာအနီးတွင် နိုဝင်ဘာလ ၂၄ရက်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၂၀ကျော်သေဆုံးပြီး စစ်သုံ့ပန်းအချို့ဖမ်းဆီးရမိသည်ဟု AAက သတင်းထုတ်ပြန်ထားသည်။
ဧရာဝတီတိုင်းအတွင်း စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းခံရသူများသည် ရှေ့တန်းသို့ပို့ဆောင်ခံရပြီး သေဆုံးမှုများ ဆက်တိုက်ရှိသည်။
“ကျမ သားကို မဲနှိုက်ပြီးခေါ်သွားတာ။ ၅လရှိပြီ။ အခုထိ အဆက်အသွယ်မရတော့ဘူး။ တိုက်ပွဲကျသွားပြီလို့ သတင်းရပြီး ခလရ(၁၈)ထဲကို သွားစုံစမ်းတာလည်း အကျိုးအကြောင်းမသိရဘူး” ဟု ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ နိဗ္ဗာန်ရွာမှ အမျိုးသမီးတစ်ဦးကပြောသည်။
ဧရာဝတီတိုင်း မအူပင်မြို့ဒေသခံတဦးက”စစ်တပ်ကရှုံးနေတာ အသိသာကြီးပဲ။ ဒါက ပြည်သူပြည်သူချင်း ရန်တိုက်တဲ့ပွဲပဲ။ ကျနော့်တူတော်မောင် စစ်သားစုဆောင်းခံရတယ်။ ရှေ့တန်းမှာ PDFဆီ လက်နက်ချဖို့သေချာမှာလိုက်တယ်”ဟု ပြောသည်။
စစ်သားအင်အားလိုနေသည့်စစ်ကောင်စီတပ်က ဧရာဝတီတိုင်းအတွင်း ရပ်ကွက်နှင့်ကျေးရွာများတွင် ပြည်သူ့လုံခြုံရေးအဖွဲ့ဟူ၍ အရေးပေါ်ဖွဲ့စည်းနေသည်။ People’s Spring ၏ လေ့လာစုံစမ်းမှုများအရ ဧရာဝတီတိုင်းအတွင်းတပ်ရင်းတပ်ဖွဲ့များတွင်လည်း စစ်ကောင်စီအင်အားနည်းနေသည်။
ယခုအခါ အာရက္ခတပ်တော် AAက ဧရာဝတီတိုင်းနှင့်နယ်စပ်ဖြစ်သော ဂွမြို့ကို မြို့သိမ်းတိုက်ပွဲတိုက်ခိုက်နေပြီး မကြာခင်သိမ်းယူနိုင်မည်ဟု ထုတ်ပြန်ထားသည်။တချိန်တည်းတွင် ဧရာဝတီတိုင်းအတွင်း စစ်ရေးဖော်ဆောင်မှုများပြုလုပ်သွားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကထုတ်ပြန်ထားသည်။
AA ကဖမ်းဆီးထားသည့် စစ်သုံ့ပမ်းများအနက် နပခ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက “နေပြည်တော်မှာ ရှိတဲ့ ဗိုလ်ချုပ်မှူးကြီး အပါအဝင် ခေါင်းဆောင်တွေအနေနဲ့ တပ်မတော်က လက်အောက်ငယ်သားတွေရဲ့ အသက်တွေ ဘ၀တွေကို ငဲ့ညှာသောအားဖြင့် ရက္ခိုင်ပြည်နယ်မှာ စစ်ရှုံးနေတယ်ဆိုတာကို လက်ခံပေးပါ။” ဟု AA ထုတ်ပြန်သောရုပ်သံမှတ်တမ်းတွင် ပြောကြားသည်။
“လုပ်ဖော်ကိုင်ဖက် တပ်မှူး စစ်သည်တွေကိုတော့ ရက္ခိုင်ပြည်ရဲ့ ပထဝီဝင်အနေအထားအရ စစ်ကူတွေ အလွယ်တကူရောက်ရှိဖို့ ခက်ခဲတယ်ဆိုတာကို တိုက်ပွဲစဉ်တွေကနေ သိရှိပြီးဖြစ်ပါတယ်။ မင်းတို့တွေ အနေနဲ့ ခေါင်းဆောင်မှု မပီသသူတွေရဲ့ အောက်မှာ အသေခံပြီး တာဝန်ထမ်းဆောင်ခြင်းမပြုကြဖို့နဲ့ အာရက္ခတပ်တော်နဲ့ အမြန်ဆက်သွယ်ပြီး တော့ လက်နက်ချအလင်းဝင်ကြပါ။ တိုက်ပွဲတွေမှာလည်း အမြန်ဆုံး အလံဖြူထောင်ပြီးတော့ လက်နက်ချ ကြပါ” ဟု ဗိုလ်မှူးချုပ်ကျော်ကျော်သန်းက ရက္ခိုင်ရှိ လက်ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုတိုက်တွန်းခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)အောက်မှ တိုင်းစစ်ဌာန(ဧရာဝတီ)က ဧရာဝတီတိုင်းသို့ ထိုးဖောက်ဝင်ရောက်ရေးအတွက် မဟာမိတ် (EROs) များနှင့်ပူးပေါင်း၍တိုက်ပွဲဝင်လျက်ရှိကြောင်းဒီဇင်ဘာလ၁၂ရက်နေ့ကထုတ်ပြန်ထားသည်။
ထို့အပြင် ဧရာဝတီတိုင်း၏ တော်လှန်ရေးဗျူဟာအဖြစ် ဗျူဟာအမှတ်(၂၉) ကို MOD တောင်ပိုင်းစစ်ဒေသ ၊ အမှတ် (၂) စစ်ဒေသခွဲ ၊ တိုင်းစစ် ဌာနမှ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ယမန်နေ့ ဒီဇင်ဘာ (၂၇)တွင် ကြေညာထားသည်။ပဲခူးတိုင်းဘက်မှတိုက်ပွဲများ၊ AA၏ ဂွမြို့သိမ်းတိုက်ပွဲများတွင် ဧရာဝတီတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့ ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ရေး အတွေ့အကြုံယူနေကြောင်းလည်း သတင်းရရှိသည်။