▪️ဖားကန့်မှာ ထိုးစစ်ဆင်လာတဲ့ စစ်တပ် အထိနာပြီး ပြန်ဆုတ်သွားဟု စစ်ရေးသတင်းရင်းမြစ်ပြော
ဖေဖော်ဝါရီ-၂၊ ၂၀၂၆။ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ဖားကန့်မြို့နယ်နဲ့ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွေမှာ ဒီကနေ့ (ဖေဖော်ဝါရီ ၂ရက်မနက်ကစတင်ပြီး တိုက်ပွဲတွေပြင်းထန်နေကာ စစ်ကောင်စီတပ်စွဲရာ နေရာအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ထားတယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီတပ်က ဖားကန့်မြို့နယ်ကို ဖေဖော်ဝါရီ ၁ရက်က ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ဝိုင်းမော်နဲ့ မိုးညှင်း အင်းတော်ကြီးဒေသမှာတော့ KIA ပူးပေါင်းတပ်က ထိုးစစ်ဆင်တာလို့ ဆိုပါတယ်။

Public Service Announcement
ဝိုင်းမော်မြို့နယ် အနောက်ဘက်ခြမ်းမှာ ၂၀၂၅ နှစ်ကုန်ပိုင်းက စစ်ကောင်စီတပ် ထိုးစစ်ဆင်လို့ လက်လွှတ်ခဲ့ရတဲ့ နေရာတွေ ပြန်ရဖို့ ဒီကနေ့ဖေဖော်ဝါရီ ၂ရက်မနက် ၅နာရီလောက်မှာ တန်ပြန်ထိုးစစ်ဆင်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
” အဲဒီနေရာတွေ ၃ခုလောက်ရှိတယ်။ အဲဒါအားလုံး ဒီမနက်ပြန်ရပြီ။ စခတွေ တော်တော်အထိနာသွားတယ်။အင်းတော်ကြီးဘက်မှာတော့ ဒီမနက်က စစ်မျက်နှာ နှစ်ခုဖွင့်ပြီးမှ ထိုးစစ် ဆင်တာ။ အင်းတော်ကြီးအိုင်ရဲ့အနောက်ဘက်က လုံးတုံရွာကိုလည်း ကျနော်တို့ ထိုးစစ်ဆင်တာ။ အင်းတော်ကြီးအိုင်ရဲ့ အရှေ့ဘက်မှာလည်း ကျနော်တို့ ထိုးစစ်ဆင်တာ”လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အင်းတော်ကြီးအိုင် အနောက်ဘက်ခြမ်း လုံးတုံဘက်မှာက ကာကင်း ၂ခုရထားပြီဟု သတင်းရကြောင်း ပြောပါတယ်။
” ရှမ်းနီ ပြည်သူ့စစ်တွေနဲ့ စခတွေ တော်တော် လေး ဒဏ်ရာရပြီးမှ နမ့်မွန်းဆေးရုံမှာ ပြည့်နေတယ်။ဒီမနက်က သုံးနေရာပေါ့။ ဖားကန့်၊ အင်းတော်ကြီး၊ ဝိုင်းမော်ပေါ့။ အခြေအနေကောင်းပါတယ်ဒီနေ့က။ ဝိုင်းမော်ဘက်က အရင် ၁၂လပိုင်းက ကျနော်တို့ လက်လွှတ်ခဲ့ရတဲ့နေရာအားလုံး ဒီမနက် ကျနော်တို့ ပြန်ရပြီ။ သူတို့ ရှေ့မတိုးနိုင်တော့ဘူး။ အင်းတော်ကြီးဘက်မှာတော့ လုံးတုံရွာဘက်မှာတော့ ကာကင်း ၂ခုရထားတယ်။ အရေးကြီးတဲ့နေရာပေါ့။ ပြီးတော့ဟဲပါးစစ်မျက်နှာ(အင်းတော်ကြီးအိုင် အရှေ့ဘက်ခြမ်း)ဘက်မှာ ကာကင်း ၂ခု ရပြီလို့ ပြောတယ်”လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အခြားသတင်းရင်းမြစ်တဦးကလည်း ဝိုင်းမော်၊ ဖားကန့်နဲ့ အင်းတော်ကြီးဒေသမှာ စစ်ရေးတင်းမာပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ သတင်းရရှိထားကြောင်း ပြောပါတယ်။
အင်းတော်ကြီးနဲ့ ဝိုင်းမော်ဒေသ တပ်စခန်းတွေ သိမ်းရတာအပါအဝင် ကချင်ဒေသ စစ်ရေး အခြေအနေတွေ မေးမြန်းဖို့ KIAသတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူဆီဆက်သွယ်ထားဆဲဖြစ်ပါတယ်။

















































