ဖေဖော်ဝါရီ-၂၊၂၀၂၆။ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကောင်စီတပ်စခန်း နေရာတွေကို ဒီကနေ့ (ဖေဖော်ဝါရီ ၂ရက်) မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း ရရှိခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်တွေက အသိပေးပါတယ်။
” စခန်းတချို့က လက်လွတ်ထားရတာတွေ ပြန်သိမ်းတာ။ စခန်းတချို့က ရန်သူအထိုင်ချစခန်း သိမ်းရတာပါ” လို့ ကချင် စစ်ရေးသတင်းရင်းမြစ်က ဝိုင်းမော်ဒေသ တိုက်ပွဲမှာ စစ်ကောင်စီတပ်စခန်းတွေ သိမ်းရတဲ့ အခြေအနေကို ပြောပါတယ်။
ဒီကနေ့မှာ ဝိုင်းမော်မြို့နယ် မိုင်းနားဒေသက စစ်ကောင်စီတပ်စခန်း ၂ခုကို သိမ်းရခဲ့သလို ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာနားက စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် တပ်စွဲရာ နေရာ ၂ခုကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က အသိပေးထားပါတယ်။ မိုင်းနားကျေးရွာအနီး တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ရုပ်အလောင်း၊ စစ်သုံ့ပန်းနဲ့လက်နက် ၁၀လက် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement
အဲဒီ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ကချင်စစ်ရေး သတင်းရင်းမြစ်က “အတည်ပြုလို့ရပါတယ်။ ဒီနေ့ ၄ခုရပါတယ်” လို့ ပြောပါတယ်။
KIAဟာ ဖားကန့်နဲ့ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာလည်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေရှိခဲ့ပါတယ်။
ဖားကန့်ဒေသတိုက်ပွဲဟာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာဖြစ်ပြီး ဖေဖော်ဝါရီ ၁ရက်နဲ့ ဒီကနေ့ မနက်တိုက်ပွဲမှာ စစ်ကောင်စီတပ် အထိနာပြီး ပြန်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီ ၂ရက် ဖားကန့်မြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီတပ်က တပ်ရင်းမှူးအဆင့်ရှိ အရာရှိ သေဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် အင်းတော်ကြီးဒေသ တိုက်ပွဲမှာလည်း စစ်ကောင်စီရဲ့ ကာကင်းစခန်းတွေ သိမ်းရထားတယ်လို့ အသိပေးပါတယ်။ အင်းတော်ကြီးအိုင် အနောက်ဘက်ခြမ်းက လုံးတုံရွာ အနီးတိုက်ပွဲမှာ စစ်ကောင်စီ စခန်းအချို့ရထားသလို အင်းတော်ကြီးအိုင်အရှေ့ခြနမ်း ဟဲပါးရွာ တိုက်ပွဲမှာလည်း စစ်ကောင်စီ စခန်းအချို့ရထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ အင်းတော်ကြီးဒေသကို KIAက စစ်မျက်နှာ နှစ်ခုဖွင့်ပြီး စစ်ကောင်စီနဲ့ ရှမ်းနီ တပ်ဖွဲ့တွေတပ်စွဲရာနေရာတွေကို တိုက်ခိုက်ခဲ့တာလို့ ပြောပြပါတယ်။
ဝိုင်းမော်ဒေသတိုက်ပွဲ အချက်အလက်တွေနဲ့ပတ်သက်လို့ လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။ KIA သတင်းပြန်ကြားရေးတာဝန်ရှိသူဆီ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။

















































