ဖေဖော်ဝါရီ-၃၊၂၀၂၆။People’s Spring
အာဏာသိမ်း မြန်မာစစ်တပ်အပေါ် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု စွပ်စွဲချက်တွေနဲ့ တရားစွဲဆိုမှုကို အရှေ့တီမောအစိုးရက လက်ခံလိုက်ကြောင်း တရားလိုပြု တိုင်ကြားတဲ့ ချင်းလူ့အခွင့်အရေး အဖွဲ့ (CHRO)က ကြေညာခဲ့ပါတယ်။
CHROဟာ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်လောက်က အရှေ့တီမောရဲ့ မြို့တော်ဒီလီကို သွားရောက်ခဲ့ပြီး မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်လို့ တရားစွဲဆိုခွင့်ကို လျှောက်ထား အဆိုပြုခဲ့တာ ဖြစ်ပါတယ်။ CHROဟာ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်(Universal Jurisdiction)သတ်မှတ်ချက်အောက်ကနေ အခုလို တရားစွဲဆိုမှုမျိုးကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အခုအခါမှာတော့ အရှေ့တီမော တရားရေးဌာနက အမှုကိုကိုင်တွယ်စစ်ဆေးဖို့ လက်ခံထားပြီး အကြီးတန်းအစိုးရရှေ့နေတစ်ဦးကစွဲချက်တွေကို စတင် ဆန်းစစ် လေ့လာနေပြီလို့ CHROက ဖေဖော်ဝါရီ ၂ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement
CHROရဲ့ အမှုဆောင် ဒါရိုက်တာ ဆလိုင်းဒါအုတ်က တီမောအစိုးရရဲ့ ဆုံးဖြတ်ချက်ကိုကြိုဆိုကြောင်း ပြောကြားခဲ့ပြီး တီမောဟာ စစ်တပ်အုပ်စိုးမှုအောက်မှာ ဆိုးရွားတဲ့ အခြေအနေတွေ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေနဲ့ တစ်သားတည်းအတူ ရပ်တည်ကြောင်း ပြသခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ်အပေါ် လူ့အခွင့်အရေး အဖွဲ့တစ်ခုက တရားစွဲဆိုမှုကို အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အဖွဲ့ဝင် နိုင်ငံတစ်ခုက လက်ခံပြီး အမှုဖွင့်ခွင့် ပေးလိုက်တာဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာလည်း ချင်းတိုင်းရင်းသားတွေက စစ်တပ်ကို ဖိလစ်ပိုင် တရားရုံးတစ်ခုမှာ အမှုဖွင့်နိုင်ဖို့ ကြိုးစားဖူးပေမယ့် ပယ်ချ ခံခဲ့ရပါတယ်။
တရားစွဲဆိုမှုမှာအဓိက စွဲချက်တွေကတော့ ၂၀၂၂ ခုနှစ်တုန်းက ချင်းပြည်နယ်ရဲ့ မတူပီမြို့နယ်ထဲမှာ ကလေးတစ်ဦးနဲ့ သတင်းသမား တစ်ဦးအပါအဝင် စုစုပေါင်း လူ ၈ ဦးကို စစ်တပ်က လည်ပင်းလှီးဖြတ် သတ်ဖြတ်ခဲ့တာ၊ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးကို မုဒိမ်းကျင့်ခဲ့တာ၊ ခရစ်ယာန် သင်းအုပ်ဆရာ ၄ ဦးကို သတ်ဖြတ်ခဲ့တာ၊ မင်းတပ်မြို့နယ် ဆေးရုံနဲ့ ဘာသာရေး အဆောက်အအုံတွေ အပါအဝင် အရပ်ဖက် ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တာတွေ ဖြစ်ပါတယ်။
တရားစွဲဆိုမှုကို CHROက အဓိက လုပ်ဆောင်ခဲ့ပြီး Myanmar Accountability Project (MAP)၊ အရှေ့တီမော အခြေစိုက် Da Silva Teixeira & Associados Lda အဖွဲ့ရဲ့ ရှေ့နေတွေဖြစ်တဲ့ ဟိုဆေး တိုင်စီရာ၊ နူနို မာရာဇက်စ်တို့က ဝန်းရံ ပံ့ပိုးပေးခဲ့တာ ဖြစ်ပါတယ်။
CHROအတွက် တာဝန်ယူ လျှောက်ထားပေးမယ့် တိုင်စီရာက အရှေ့တီမော အတွက်တော့ တရားဥပဒေစိုးမိုးရေးဟာအထူးအရေးကြီးတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ပြီးတော့တရားစီရင် စစ်ဆေးမှုတွေဟာ လွတ်လပ်စွာဆောင်ရွက်မယ်လို့ ယုံကြည်ပြီး မြန်မာစစ်တပ်က သံတမန်ရေးအရ ဖိအားပေးနိုင်မှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။
MAPရဲ့ ဒါရိုက်တာဖြစ်သူ ခရစ္စဂန်းနက်စ်ကတော့ ဒီအမှုဟာ မြန်မာပြည်သူတွေအတွက် တရားမျှတမှုကို ရှာဖွေပေးရာမှာ အရေးပါတဲ့ ခြေလှမ်းတစ်ခု ဖြစ်လာဖို့ မျှော်လင့်ကြောင်း ဆိုပါတယ်။
ရှေ့ဆက်ရမယ့်ခရီးကခက်ခဲမှာဖြစ်ပေမယ့် အာဏာရှင် စနစ်ကို တွန်းလှန် တိုက်ဖျက်ရာမှာ တာဝန်ယူမှု၊ တာဝန်ခံမှုက အရမ်း အဓိကကျတယ်ဆိုတဲ့ သတင်းစကား တစ်ခုကိုတော့ ရှင်းရှင်းလင်းလင်း ပေးပို့နိုင်လိမ့်မယ်လို့ သူက မှတ်ချက်ပေးသွားပါတယ်။
CHROက အရှေ့တီမောနိုင်ငံမှာ စစ်တပ်ကိုတရားစွဲဆိုတာ ၊ တီမော သမ္မတ က CHRO ကိုယ်စားလှယ်တွေကို လက်ခံတွေဆုံခဲ့တာတွေကြောင့်
စစ်ကောင်စီက အရှေ့တီမော သံအမတ်ကို ဇန်နဝါရီလမှာ ခေါ်ယူကန့်ကွက်ခဲ့ပါသေးတယ် ။
ကိုးကား-CHRO


















































