ဖေဖော်ဝါရီ-၄၊၂၀၂၆။ရွှေပြည်စိုး/People’s Spring
ဖားကန့်မြို့နယ်မှာ ဇန်နဝါရီလ ၂၄ရက်ကစပြီး တကျော့ပြန်တိုက်ပွဲ ဆက်လက်ပြင်းထန်နေတာမှာ ဒီနေ့ မနက်ပိုင်း စစ်တပ်က လေကြောင်းကနေ နှစ်ကြိမ်ဗုံးကြဲခဲ့သလို နောက်ထပ်လေကြောင်းပျံသန်းမှုတွေလည်းရှိနေပါတယ်။
တိုက်ပွဲအပြင်းထန်လုံးဖြစ်နေတဲ့ မရှီကထောင်ရပ်ကွက်အနီးက ဆုတောင်းကုန်းကို မနက် ၈နာရီ ၃၅မိနစ်ဝန်းကျင် နဲ့ မွန်းလွဲ ၁၂နာရီကျော်မှာ ဗုံးကြဲသွားတာဖြစ်ပါတယ်။ ဒါအပြင်မွန်းလွဲ ၁နာရီခွဲခန့်မှာလည်း ဖားကန့်ကောင်းကင်မှာ Y12 လေယာဉ်ပျံနေပါတယ်။
” ဒီမနက်မှာ ဂျက်ဖိုက်တာရော Y12ရောပါ သုံးပြီး ဗုံးကြဲနေတာ။နောက်ထပ် Y12တစ်စီးက ပတ် နေတာ အကြာကြီးပဲ။အင်းတော်ကြီးကိုပါ ပတ်ကြဲသွားတာ” လို့ ဖားကန့်ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement
မွန်းလွဲ ၁၂နာရီကျော်မှာ ကြဲသွားတဲ့ ဗုံးက မြေပြင်မှာရှိတဲ့စစ်ကောင်စီစစ်ကြောင်းပေါ်ကို ကြဲမိတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။ အဲဒီအချက်နဲ့ပတ်သက်လို့ People’s Spring ကသီးခြားအတည်ပြုလို့မရသေးပါဘူး။ စစ်တပ်ကလေကြောင်းကနေကင်းပတ်နေသလိုဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီးတွေမကြာခဏပစ်ခတ်နေပါတယ်။
မနက်ပိုင်းကမြေပြင်ထိတွေ့တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပေမယ့် နေ့လယ်ပိုင်းမှာ အခြေအနေ ငြိမ်သက်နေတယ်လို့ သတင်းရရှိပါတယ်။
ဖားကန့်မှာ ၂၀၂၅ နိုဝင်ဘာလက တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက်ပိုင်း စစ်ရေးအခြေအနေငြိမ်သက်.နေရာကနေ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဇန်နဝါရီလထဲမှာ စစ်တပ်စစ်ကြောင်းတွေထပ်မံဝင်ရောက်လာလို့ တိုက်ပွဲတွေပြန်ဖြစ်နေတာပါ။
ဇန်နဝါရီလ ၂၄ရက်ကစပြီး ဒီနေ့ဖေဖော်ဝါရီလ ၄ရက်အထိ နေ့စဉ်တိုက်ပွဲဖြစ်ခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာတော့ ပထမဆုံးအကြိမ်လေကြောင်းက နေ ဗုံးကြဲတာဖြစ်ပါတယ်။တိုက်ပွဲတွေက ယူမာရွာ၊ ထုံးဘိုရွာ၊ဆန်းကြွယ်နဲ့ ရှရော်ခရွာအနီးက ညောင်ပင်ကုန်း၊ မရှီကထောင်ရပ်ကွက်ပတ်ဝန်းကျင်တွေမှာ ဖြစ်နေတာပါ။
“ တပ်ခွဲမှူးပါသေထားတော့စစ်တပ်က မဲနေပြီ။ လက်နက်ကြီးတွေလည်းမကြာခဏဖြစ်နေပြီး လေကြောင်းကနေပါဗုံးကြဲလာတဲ့အထိ စစ်ရေးတင်းမာနေတဲ့အနေအထားပါ။ တိုက်ပွဲကြီးဖြစ်လာတော့မယ်ထင်တယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဖားကန့် တိုက်ပွဲအတွင်း ဖေဖော်ဝါရီလ၂ရက်နေ့က တိုက်ပွဲမှာ စာသင်ကျောင်းပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ကလေးငယ် ၂ဦး ဒဏ်ရာရခဲ့ပါတယ်။ အဲဒီနေ့က တိုက်ပွဲမှာခမရ(၃၈၁) တပ်ခွဲ မှူး ဗိုလ်မူး ဇာနည်အောင် သေဆုံးခဲ့ပါတယ်။ဒါကြောင့် စစ်ကောင်စီကလေကြောင်းနဲ့လက်နက်ကြီးအင်အားသုံးတုန့်ပြန်နေတာလို့ KIAနဲ့ နီးစပ်တဲ့စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။
ဒါအပြင်ဖေဖော်ဝါရီလ၃ရက်နေ့က စစ်ကောင်စီပစ်ခတ်တဲ့လက်နက်ကြီး နေအိမ်ပေါ် လက်နက်ကြီးကျလို့ ကလေး ၂ဉီး သေဆုံးပြီး ၁၄ဦး ဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီက ဗျူဟာကုန်းကနေ လက်နက်ကြီးတွေမကြာခဏပစ်ခတ်နေပြီး အရပ်သားပြည်သူတွေထဲကို ရည်ရွယ်ချက်ရှိရှိပစ်ခတ် နေတာလို့ ဒေသခံတချို့ကပြောပါတယ်။ တိုက်ပွဲတွေပိုမိုပြင်းထန်လာတဲ့အတွက် ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာကိုကြိုတင် ရှောင်ကြဖို့ စစ်ရေးအခြေအနေနဲ့နီးစပ်သူတချို့က သတိပေးနေကြပါတယ်။
တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲစစ်တပ်ကစစ်သား ၆ဦး ထွက်ပြေးလာပြီး အလင်းဝင်လာတယ်လို့ KIAနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကပြောပါတယ်။
ဖားကန့်ကို ရောက်ရှိနေတဲ့စစ်ကောင်စီစစ်ကြောင်းတွေမှာ ရှမ်းနီ(SNA)နဲ့ ပြည်သူ့စစ်တွေပါသလို စစ်မှုထမ်းဥပဒေအကြောင်းပြပြီးတော့ဖမ်းဆီးထားတဲ့ စစ်သင်တန်းဆင်း တွေလည်းပါပါတယ်။ ပြီးခဲ့တဲ့၂၀၂၅ အောက်တိုဘာလနဲ့ နိုဝင်ဘာလဆန်းကလည်း စစ်မှုထမ်းသင်တန်းဆင်း၄၀နီးပါး KIA၊KPDFထံ လက်နက်ချအလင်းဝင်ခဲ့ပါတယ်။ စစ်မှုထမ်းသင်တန်းဆင်းတွေအနေနဲ့ လက်နက်ချအလင်းဝင်ပြီး လူထုနဲ့ပူးပေါင်းဖို့ KIA၊KPDFက တိုက်တွန်းထားပါတယ်။ လက်နက်နဲ့အတူအလင်းဝင် ဆုကြေးငွေနဲ့ဂုဏ်ပြုမယ်လို့လည်းကမ်းလှမ်းထားပါတယ်။




















































