Connect with us

Hi, what are you looking for?

သတင်း

ဘုံရန်သူချေမှုန်းနိုင်ရေး လက်တွဲကြဖို့ ကချင်တော်လှန်ရေးနေ့သို့ CRPH၊ NUGနဲ့ CNF သဝဏ်လွှာပေးပို့

ကချင်တော်လှန်ရေးနေ့ အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ချင်းအမျိုးသားတပ်ဦး(CNF) တို့က သီးခြားစီသဝဏ်လွှာပေးပို့ခဲ့ရာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ဘုံရန်သူကို ချေမှုန်းနိုင်ဖို့ လိုအပ်ကြောင်း ဖော်ပြခဲ့ကြပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်လပ်ရေး တပ်မတော် (KIO/KIA)က ရဲဘော်တွေ။ ဓာတ်ပုံ - အေပီ

ဖေဖော်ဝါရီ ၅၊ ၂၀၂၆။ ဆန်အောင်/People’s Spring

ကချင်တော်လှန်ရေးနေ့ အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ချင်းအမျိုးသားတပ်ဦး(CNF) တို့က သီးခြားစီသဝဏ်လွှာပေးပို့ခဲ့ရာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ဘုံရန်သူကို ချေမှုန်းနိုင်ဖို့ လိုအပ်ကြောင်း ဖော်ပြခဲ့ကြပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၅ရက်ဟာ (၆၅) နှစ်မြောက် ကချင်တော်လှန်ရေးနေ့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ (၆၅)နှစ်တာအတွင်း အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးတို့ အတွက် တိုက်ပွဲဝင်ရင်း ကချင်အမျိုးသားတို့ရဲ့ အသက်၊ သွေး၊ ချွေးများစွာ ပေးဆပ်စွန့်လွှတ်ခဲ့ရမှုတွေ၊ နစ်နာဆုံးရှုံးမှုတွေအပေါ် ဦးညွတ်အလေးပြုကြောင်း NUG ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမြန်မာ့နွေဦးတော်လှန်ရေးမှာ ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်လပ်ရေး တပ်မတော် (KIO/KIA) အနေနဲ့ ရှေ့တန်းမှ ဦးဆောင်ပါဝင်နေပြီး ခိုင်မာတဲ့ မူဝါဒရှိတဲ့ တော်လှန်ရေးအဖွဲ့အဖြစ် အသိအမှတ်ပြုကြောင်း NUG သဝဏ်လွှာမှာ ပါရှိပါတယ်။

ကချင်တမျိုးသားလုံးရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ပန်းတိုင်သို့ ရောက်တဲ့အထိ မဟာမိတ်ကချင်တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ လက်တွဲပြီး ဆုံးခန်းတိုင် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း NUG က ကတိပြုပါတယ်။

CRPHက ပေးပို့တဲ့ သဝဏ်လွှာမှာလည်း KIA စတင်ဖွဲ့စည်းခဲ့တဲ့ ၁၉၆၁ ခုနှစ်မှ ဒီကနေ့အထိ (၆၅) နှစ်တိုင်တိုင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ရည်မှန်းချက်ကို စွဲစွဲမြဲမြဲလက်ကိုင်ထားကာ အသက်၊ သွေး၊ ချွေး ပေးဆပ်ခဲ့ကြတဲ့ ကချင်အမျိုးသားခေါင်းဆောင်ကြီးတွေ၊ အာဇာနည်သူရဲကောင်းအပေါင်းနဲ့ စစ်ဘေးဒဏ်ကို ကြံ့ကြံ့ခံရင်း ရည်မှန်းချက်ကို ပံ့ပိုးကူညီပေးနေတဲ့ ကချင်ပြည်သူလူထုတစ်ရပ်လုံးအား ဂုဏ်ပြု ဦးညွှတ်ကြောင်း ဖော်ပြထားပါတယ်။

ဒီလို ဇွဲ၊ သတ္တိနဲ့ စွန့်လွှတ်မှုတွေကြောင့်ပဲ ဒီကနေ့အချိန်မှာ တောင်တန်းနဲ့ မြေပြန့်အကြား သွေးစည်းမှု ပိုမိုခိုင်မာလာခဲ့ပြီး ဘုံရန်သူကို ချေမှုန်းရေး ရည်မှန်းချက်အောက်မှာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် KIO/KIA ဟာ တော်လှန်ရေးရဲ့ ရှေ့တန်းမှ မားမားမတ်မတ် ရပ်တည်ပေးခဲ့ရုံသာမက တော်လှန်ရေးအင်အားစုများအပေါ် ထားရှိတဲ့ နားလည်မှု၊ စာနာမှုနဲ့ လက်တွေ့ကျတဲ့ ပံ့ပိုးကူညီမှုတွေနဲ့ ခိုင်မာသော မဟာမိတ်စိတ်ဓာတ်ကို ဖော်ဆောင်ပေးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

“မိမိတို့အားလုံး၏ စုစည်းညီညွတ်မှုသည် မည်သည့် ဖိနှိပ်မှုကိုမဆို ဖြိုခွင်းနိုင်မည့် အကြီးမားဆုံး လက်နက်ဖြစ်ပြီး ညီညွတ်မှုအားနည်းသွားပါက ရန်သူက ကမ္ဘာကို လှည့်စားရန် အခွင့်အရေးရသွားလိမ့်မည် ဖြစ်ပါသည်” လို့ CRPHက သဝဏ်လွှာ ပေးပို့ခဲ့ပြီး တော်လှန်ရေးအင်အားစုတွေအားလုံး ဘုံရန်သူကိုအပြီးတိုင် ချေမှုန်းကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို မုချ တည်ဆောက်နိုင်ပါစေလို့ ဖော်ပြထားပါတယ်။

KIO/KIAနဲ့အတူ တိုက်ပွဲဝင်နေတဲ့မဟာမိတ်တပ်ဖွဲ့တခုဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF)ကလည်း ကချင်တော်လှန်ရေးနေ့သို့ သဝဏ်လွှာ ပေးပို့ခဲ့ရာ မပြီးဆုံးသေးတဲ့ တော်လှန်ရေးအတွက် ဆက်လက် ဦးဆောင် တိုက်ပွဲဝင်နေတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အား ဂုဏ်ယူလေးစားကြောင်း ဖော်ပြပါတယ်။

KIO/KIA အနေနဲ့ ကချင်အမျိုးသားတော်လှန်ရေး ရည်မှန်းချက်နဲ့ ပြည်ထောင်စု အတွင်း မှီတင်းနေထိုင်ကြကုန်သော တော်လှန်ပြည်သူတရပ်လုံးရဲ့ ရည်မှန်းချက်များ ပြည့်မြောက်တဲ့အထိ ဆက်လက်ဦးဆောင် တိုက်ပွဲဝင်နိုင်ပါစေလို့ CNFက ဆုတောင်းပေးထားပါတယ်။

CNF အနေနဲ့လည်း ကချင်အမျိုးသားတော်လှန်ရေး ရည်မှန်းချက်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်တွေ အောင်မြင်တဲ့အထိ အစွမ်းကုန် ကြိုးပမ်းမယ်လို့လည်း အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) တပ်ဦးချုပ်နဲ့ တပ်ဖွဲ့ဝင်တွေ ကျဆုံးမှုအပေါ် ဝမ်းနည်းကြောင်း ချင်းတော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF)က ဩဂုတ် ၂၂ရက်မှာ ထုတ်ပြန်ခဲ့ပြီး ကျန်ရစ်သူမိသားစုဝင်များ၊ CDF-အရှိုနဲ့တကွ တော်လှန်ရေးရဲဘော်ရဲဘက်များ အားလုံးနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြပါတယ်။

သတင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကိုယ်စားလှယ်အဖွဲ့ နဲ့ ထိုင်းလွှတ်တော်ကိုယ်စားလှယ်တွေဟာ ဩဂုတ် ၁၄ရက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အောက်လွှတ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ CRPH က ထုတ်ပြန်ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။