ဖေဖော်ဝါရီ-၇၊ ၂၀၂၆။ People’s Spring
စစ်အစိုးရကို ဆန့်ကျင်ခဲ့တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ (NCGUB)ရဲ့ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းဟာ ဇန်နဝါရီ ၆ ရက်မှာ အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်မှာ ကွယ်လွန်ခဲ့တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (မြန်မာနိုင်ငံ)က သတင်းထုတ်ပြန်ပါတယ်။
အဝေးရောက်ညွန့်ပေါင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်အဖြစ် လူသိများခဲ့သူ အသက် ၈၂ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဒေါက်တာစိန်ဝင်းဟာ အသက်အရွယ်အရ ကျန်းမာရေးမကောင်းတာကြောင့် မေရီလန်းပြည်နယ်က ဆေးရုံမှာ တက်ရောက်ကုသမှုခံယူရင်း ဒေသစံတော်ချိန်မနက် ၆ နာရီ ၄၅ မိနစ်မှာ ကွယ်လွန်သွားတာပါ။
အဝေးရောက် ညွန့်ပေါင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်း ကွယ်လွန် | People's Spring https://youtu.be/rjd9W4bIMuY
Posted by People's Spring on Friday 6 February 2026
ဒေါက်တာစိန်ဝင်းဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တူဖြစ်ပါတယ်။

Public Service Announcement
ဒေါက်တာစိန်ဝင်းရဲ့ ဖခင်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့အကိုကြီး ဦးဘဝင်း ဖြစ်ပါတယ်။ ဒါကြောင့် ဒေါက်တာစိန်ဝင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မောင်နှမတဝမ်းကွဲတော်စပ်ပါတယ်။
ဒေါက်တာစိန်ဝင်းရဲ့ဖခင် ဦးဘဝင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ကတော့ ၁၉၄၇ခုနှစ် ၊ ဇူလိုင် ၁၉ ရက်မှာ လုပ်ကြံခံခဲ့ရတာပါ။
၁၉၉၀ အထွေထွေရွေးကောက်ပွဲမှာ ဒေါက်တာစိန်ဝင်းဟာ တစ်ပါတီအာဏာရှင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို တည်ထောင်သူ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ဇာတိ ဖြစ်တဲ့ ပဲခူးတိုင်း ၊ပေါက်ခေါင်းမြို့နယ်က ဝင်ပြိုင်ရာမှာ လူထုက လွှတ်တော်ကိုယ်စားလှယ်အဖြစ် တင်မြှောက်ခဲ့ပါတယ်။
ဒါပေမဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သောင်ပြိုကမ်းပြို အနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကို စစ်တပ်က အာဏာမလွှဲပေးတဲ့အခါ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေ စုစည်းပြီး ၁၉၉၀ ခုနှစ် ၊ ဒီဇင်ဘာ ၁၈ ရက်မှာတော့ ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB)အဖွဲ့ ကို ကရင်အမျိုးသားအစည်းအရုံး(KNU)ဌာနချုပ် မာနယ်ပလောမှာ ဖွဲ့စည်းခဲ့တာပါ။
NCGUB ရဲ့ ခေါင်းဆောင် ဝန်ကြီးချုပ်အဖြစ် ဒေါက်တာစိန်ဝင်း ဖြစ်လာပါတယ်။ စစ်အစိုးရ လက်ထက်တလျှောက်လုံးမှာ NCGUB ဟာ ပြည်ပကနေ မြန်မာ့ဒီမိုကရေစီအရေးအတွက် လှုပ်ရှားဆောင်ရွက်ခဲ့ပါတယ်။
၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီ ရွေးကောက်ပွဲဝင်ပြိုင်ပြီးနောက်မှာတော့ ဆက်လက်တည်ရှိဖို့ မလိုအပ်တော့တာကြောင့် NCGUB ကို ဖျက်သိမ်းလိုက်တာပါ။
ဒေါက်တာစိန်ဝင်းဟာ NCGUBကို ဦးဆောင်ပြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ယူကာ အာဏာရှင်စနစ်အောက်မှာ အသံမထွက်နိုင်တဲ့ မြန်မာပြည်သူတို့ရဲ့အသံ၊ ပြည်သူတို့ရဲ့ဆန္ဒနဲ့ မြန်မာ့ဒီမိုကရေစီအရေးကို နိုင်ငံတကာစာမျက်နှာမှာ တာဝန်ယူကိုယ်စားပြုဖော်ဆောင်ခဲ့တဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို ဆယ်စုနှစ်နှစ်ခုကျော်ကြာ ဝင့်ထည်စွာ ထမ်းဆောင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ပါတယ်။
ဒေါက်တာစိန်ဝင်းရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုနဲ့ နိုင်ငံအပေါ် ထားရှိတဲ့ သစ္စာတရားတို့ကို အမျိုးသားညီညွတ်ရေးအစိုးရက အလေးအနက် မှတ်တမ်းတင် ဂုဏ်ပြုကြောင်း ဖော်ပြပါတယ်။
စစ်အစိုးရ လက်ထက်တလျှောက်လုံး မတရားအသင်းအဖြစ် သတ်မှတ်ကြေညာထားခံရတဲ့ NCGUB ကို NLD အစိုးရ လက်ထက် ၂၀၁၈ ခုနှစ်မှာမှ မတရားအသင်းကနေ ပယ်ဖျက်နိုင်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ အသက် ၇၅ နှစ်အရွယ်ဒေါက်တာစိန်ဝင်းဟာ နှစ်ပေါင်း ၃၀ နီးပါးအကြာ ၂၀၁၉ ခုနှစ်မှ မြန်မာနိုင်ငံကို ခေတ္တ ပြည်တော် ပြန် နိုင်ခဲ့ပါတယ်။
ပြည်တော်ပြန်ခရီးအတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်နေတဲ့ ညီမဖြစ်သူနဲ့ နေပြည်တော်မှာ သွားရောက်တွေ့ဆုံခဲ့ကြပါတယ်။
စစ်အစိုးရလက်ထက်မှာတော့ ဒေါက်တာစိန်ဝင်းဦးဆောင်တဲ့ NCGUB ကို ပြည်ပြေးအစိုးရ ၊ ပြည်ပြေးစိန်ဝင်း၊ အဖျက်လုပ်ရပ်လုပ်ကိုင်နေသူတွေအဖြစ် စစ်တပ်ဝါဒဖြန့် သတင်းစာတွေက ဝါဒဖြန့်ခဲ့ပါတယ်။
ဒေါက်တာစိန်ဝင်းဟာ ရန်ကုန်တက္ကသိုလ်ကနေသင်္ချာဂုဏ်ထူးတန်းနဲ့ ဘွဲ့ရခဲ့ပြီးနောက် ဂျာမဏီနိုင်ငံ ဟမ်းဘတ်တက္ကသိုလ်ကနေ သိပ္ပံပညာရပ်နဲ့ ဒေါက်တာဘွဲ့ ရခဲ့သူပါ။


















































