ဖေဖော်ဝါရီ-၇ရက်၊ ၂၀၂၆။ ထားမြတ်/People’s Spring
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB)ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်း ကွယ်လွန်ခြင်းအပေါ် ဝမ်းနည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)တို့က ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့ပြီး ဒေါက်တာစိန်ဝင်းရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုနဲ့ နိုင်ငံအပေါ် ထားရှိတဲ့ သစ္စာတရားတို့ကိုဂုဏ်ပြုကြောင်း လေးစားကြောင်း ဖော်ပြထားပါတယ်။
အာဇာနည်ခေါင်းဆောင်ကြီးတဦးဖြစ်တဲ့ ဦးဘဝင်းရဲ့သားဖြစ်သလို ဗိုလ်ျချုပ် အောင်ဆန်းရဲ့ တူတော်စပ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကိုတဝမ်းကွဲ တော်စပ်သူ ဒေါက်တာ စိန်ဝင်းဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး၊ တရားမျှတမှု၊ အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့အတွက် ဘဝတစ်သက်တာလုံး ကိုယ်ကျိုးစွန့် အနစ်နာခံဆောင်ရွက် ခဲ့တဲ့ သမိုင်းဝင်ခေါင်းဆောင်ဖြစ်တယ်လို့ NUG ရဲ့သဝဏ်လွှာမှာ ဖော်ပြပါတယ်။
ဒေါက်တာစိန်ဝင်းဟာ အာဏာရှင်စနစ်အောက်မှာ အသံမထွက်နိုင်တဲ့ မြန်မာပြည်သူတို့ရဲ့ အသံ၊ ပြည်သူတို့ရဲ့ဆန္ဒနဲ့ မြန်မာ့ဒီမိုကရေစီအရေးကို နိုင်ငံတကာစာမျက်နှာမှာ တာဝန်ယူကိုယ်စားပြုဖော်ဆောင်ခဲ့တဲ့ အရေးပါတဲ့အခန်းကဏ္ဍကို ဆယ်စုနှစ်နှစ်ခုကျော်ကြာထမ်းဆောင်ခဲ့တာဖြစ်တယ်လို့ ပါရှိပါတယ်။

Public Service Announcement
ပြည်ပရောက် တော်လှန်ရေးအစိုးရတစ်ရပ်ကို ခက်ခဲကြမ်းတမ်းသော အခြေအနေတွေကြားက အောင်မြင်စွာ ဦးဆောင်နိုင်ခဲ့တာ၊ ပြည်ပရောက် အမျိုးသားညွန့်ပေါင်းအစိုးရကို ဦးဆောင်စဉ် ကာလအတွင်း ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) ကို တည်ထောင်နိုင်ခဲ့တာနဲ့ နိုင်ငံတကာအစိုးရတွေနဲ့၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ထောက်ခံမှုကို ရယူနိုင်ခဲ့ကာ ထိရောက်တဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်ဖို့ ဆောင်ရွက်နိုင်ခဲ့ခြင်းတွေဟာ မြန်မာ့ဒီမိုကရေစီသမိုင်းမှာ မော်ကွန်းထိုးရမယ့် အောင်မြင်မှုတွေဖြစ်ကြောင်း ဖော်ပြထားပါတယ်။
အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် အလျှော့မပေးတဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ ယနေ့နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြတဲ့မျိုးဆက်သစ်တွေအတွက် အမြဲ လေးစား အတုယူဖွယ်စံနမူနာဖြစ်တယ်လို့ NUG ရဲ့ သဝဏ်လွှာမှာ ပါရှိပါတယ်။
ဒေါက်တာစိန်ဝင်းရဲ့ “နိုင်ငံရေးအရ တရားဝင်မှု” (Political Legitimacy) ကို လက်ကိုင်စွဲကာ အမှန်တရားဘက်မှ ရပ်တည်ခဲ့တဲ့ လုပ်ရပ်တွေဟာ ယနေ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တော်လှန်ရေးအင်အားစုတွေ လျှောက်လှမ်းနေတဲ့ လမ်းကြောင်းအတွက် ခိုင်မာသော အခြေခံအုတ်မြစ်တွေ ဖြစ်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
NUCCရဲ့ ဝမ်းနည်းကြောင်း သဝဏ်လွှာမှာလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရတဲ့ နိုင်ငံရေးသမား၊ ပညာရှင် တစ်ဦးအနေနဲ့ ပြည်သူလူထုအတွက် ရပ်တည်ခဲ့သော ဒေါက်တာစိန်ဝင်းရဲ့ စွမ်းဆောင်မှုတွေကို လေးစား အသိအမှတ်ပြုကြောင်း ပါရှိပါတယ်။
ဒေါက်တာစိန်ဝင်းဟာ လက်ရှိ NUCC အဖွဲ့ဝင် ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (MPU)ရဲ့ ဥက္ကဋ္ဌလည်းဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေမှာ အရေးပါသော အခန်းကဏ္ဍမှ က ပါဝင်ခဲ့သူ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
နိုင်ငံရေးနယ်ပယ်တွင်သာမက၊ ပညာရေးနယ်ပယ်တွင်ပါ ထူးချွန်တဲ့ ဒေါက်တာစိန်ဝင်းရဲ့ တိုင်းပြည် အတွက် စွန့်လွှတ်အနစ်နာခံမှုတွေ၊ ဒီမိုကရေစီအတွက် ရပ်တည်မှုတွေဟာ မြန်မာနိုင်ငံ သမိုင်းမှာမှတ်တမ်းတင်ကျန်ရစ်နေမှာဖြစ်ကြောင်းနဲ့ ဒေါက်တာစိန်ဝင်း ကွယ်လွန်ခြင်းအပေါ် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြောင်း NUCCက သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။


















































