Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်တွေထပ်မရှိအောင် ညီညွတ်စွာပူးပေါင်းလုပ်ဆောင်ဖို့ NUG၊ CRPHနဲ့ ချင်း၊ကရင်၊ ကရင်နီခေါင်းဆောင်တွေပြော

စစ်အာဏာရှင်စနစ်ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ညီညွတ်စွာလုပ်ဆောင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF) နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ခေါင်းဆောင်တွေက ပြောကြားပါတယ်။

(စစ်အာဏာရှင် အလိုမရှိကြောင်း နေပြည်တော်မှာ ၂၀၂၁ဖေဖော်ဝါရီ ၉ ရက်က ဆန္ဒပြစဥ်။ ဓာတ်ပုံ - AFP)

ဖေဖော်ဝါရီ-၂၀၊၂၀၂၆။ ထားမြတ်/People’s Spring

စစ်အာဏာရှင်စနစ်ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ညီညွတ်စွာလုပ်ဆောင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF) နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ခေါင်းဆောင်တွေက ပြောကြားပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၂၀ရက်မှာ ကျရောက်တဲ့ (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား မှာ သက်ဆိုင်ရာ ခေါင်းဆောင်အသီးသီးက စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းနိုင်ရေး ဆောင်ရွက် ဖို့ အခုလို ပြောကြားခဲ့တာပါ။

NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြည်ထောင်စုတည်ဆောက်ရေးမှာ ချင်းလူမျိုးတွေရဲ့ပါဝင်ဦးဆောင်မှုက အထူးအရေးပါကြောင်းပြောပါတယ်။ ဒါ့အပြင် ချင်းပြည်တရပ်လုံးမှာ ချင်းအမျိုးသားလွတ်မြောက်ရေးကို ဆုံးခိုင်းတိုင်အောင် ဖော်ဆောင်နိုင်ဖို့ အထူးလိုအပ်ပြီး အဲဒီအတွက် အရေးကြီးဆုံးက ညီညွတ်ရေးဖြစ်ကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

” အာမခံချက် ပြည့်၀တဲ့ ချင်းပြည် လွတ်မြောက် ရေးကို စစ်ရေးအရ နိုင်ငံရေးအရ တပြိုင်နက်တည်း ဖော်ဆောင်နိုင်ဖို့လည်းလိုပါတယ်။ အဲဒါက အရေးကြီးတာက အမျိုးသား ညီညွတ်ရေးကိစ္စဖြစ်ပါတယ်။ ချင်းလူမျိုးတွေ အချင်းချင်း တိုင်တိုင်ပင်ပင်ညှိညှိနှိုင်းနှိုင်း လုပ်နိုင်မှ ချင်းပြည်တည်ဆောက်ရေးဟာ အောင်မြင်မှာ ဖြစ်တယ်ဆိုတာ ယုံကြည်ပါတယ်။ ချင်းတွေအချင်းချင်း အင်အားတွေကို စုစည်းထားမှ ချင်းပြည်လွတ်မြောက်ရေးအတွက် အာမခံချက်ရှိမှာ ဖြစ်ပါတယ်”လို့လည်း ယာယီသမ္မတက ပြောပါတယ်။

စစ်အာဏာရှင်စနစ်အမြစ်ပြတ် ချုပ်ငြိမ်းအောင် တော်လှန်ပြီး ချင်းအမျိုးသားခေါင်းဆောင် အဆက်ဆက် လိုလားတောင့်တခဲ့ကြတဲ့ စစ်မှန်တဲ့ လွတ်လပ်ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရယူနိုင်ဖို့ ချင်းပြည်သူလူထုဆန္ဒနဲ့ ထပ်တူထပ်မျှရှိကြောင်းလည်း ယာယီသမ္မတက ပြောပါတယ်။

CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ကလည်း ဘုံရည်မှန်းချက်ပန်းတိုင်ကို သွားရာမှာ တဦးရဲ့အမြင်သဘောထားကို တဦးက တန်ဖိုးထား လေးစားပြီး ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းပြိး အဲဒီလို ဆောင်ရွက်နိုင်ခြင်းကသာ အဆုံးသတ်အောင်ပွဲဆီကို အရောက်တက်လှမ်းနိုင်မယ်လို့ ပြောပါတယ်။

” အခုလမ်းခုလတ်မှာ ယုံကြည်မှုမခိုင်မာတဲ့သူတွေ ပြည်သူ့သစ္စာကို မစောင့်ထိန်းတဲ့သူတွေ အဖွဲ့အစည်းတွေစသဖြင့်ကြုံဆုံနိုင်ပါတယ်။ ဒါတွေကိုလည်းပဲ မိမိတို့အနေနဲ့ အချင်းချင်းကြားမှာ ဉာဏ်ပညာကြီးစွာ ပိုမိုပြီးတော့အသိသတိထား စီမံဆောင်ရွက်ကြဖို့လည်း လိုအပ်လျက်ရှိပါတယ်”လို့ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

ချင်းပြည်ကောင်စီ ဥက္ကဋ္ဌလည်းဖြစ်သလို CNFရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ပူးဇင်ကျုံးက စစ်တပ်ကြီးစိုးတဲ့ စနစ်ကချင်းအမျိုးသားများရဲ့နိုင်ငံရေးစနစ်နဲ့ဆန့်ကျင်တဲ့အတွက် ပြည်သူ့ဆီမှာ အာဏာရှိတဲ့ ဒီမိုကရေစီ ရရှိတဲ့အထိ တိုက်ပွဲဝင်သွားကြရမှာဖြစ်ပါတယ်လို့ ပြောပါတယ်။

အာဏာရှင်စနစ်အဆုံးသတ်ဖို့ ဆန္ဒတူပေမယ့် အင်အားစုတွေ ကွဲပြားနေလို့ အောင်မြင်မှု နှောင့်နှေးနေကြောင်းလည်း သူက ပြောပါတယ်။

” အာဏာရှင်များကို အနိုင်ယူမယ်ဆိုရင် အဖွဲ့အစည်းလိုက် အောင်မြင်မှုထက်ပူးပေါင်းအောင်မြင်မှုကို ရည်မှန်းကြရပါမယ်။ ညီညွတ်မှုမရှိရင် အောင်မြင်မှု မရနိုင်သလို ညီညွတ်မှုရှိရင် အာဏာရှင်များ မရပ်တည်နိုင်ဘူးဆိုတာ နှလုံးသွင်းကြရပါမယ်”လို့ ပူးဇင်ကျုံးက ပြောပါတယ်။

နွေဦးတော်လှန်ရေးမှာ တူညီတဲ့ ရည်မှန်းချက်တွေ အဖွဲ့အစည်းတိုင်းမှာ ရှိနေကြောင်း အဲဒါတွေကတော့ အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေး၊ ၂၀၀၈ အခြေခံဥပဒေ အပြီးတိုင် ဖျက်သိမ်းရေး၊ အနာဂတ် တိုင်းပြည်ကို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်နဲ့ တည်ဆောက်ရေး၊ ပြည် သူလူထုထံသို့ အာဏာပြန်ပေးဖို့ စတာတွေ ဖြစ်ပြီး ဒီအချိန်ဟာ ရည်မှန်းချက်တွေ လက်တွေ့ အကောင်အထည်ဖော်ဖို့ အကောင်းဆုံးအချိန်ဖြစ်ကြောင်းလည်း ချင်းပြည်ကောင်စီ ဥက္ကဋ္ဌက ပြောပါတယ်။

” ကျနော်တို့ ရည်မှန်းချက်တွေ ပြည့်မြောက်ဖို့ ပထမအဆင့်မှာ စစ်အာဏာရှင် ပပျောက်အောင် တိုက်ဖျက်ဖို့ လိုအပ်ပါတယ်”လို့ ဥက္ကဋ္ဌ ပူးဇင်ကျုံးက ပြောကြားပြီး စစ်အာဏာရှင်ကို တိုက်ဖျက်ချေမှုန်းဖို့ လုံလောက်တဲ့ အင်အားရှိသလို ပြည်သူ့ထောက်ခံမှုလည်း ရှိကြောင်း ပြောပါတယ်။

” ဒါကြောင့် အဖွဲ့အစည်းတိုင်း လူမျိုးတိုင်း ဒေသတိုင်း ဒီတူညီတဲ့ ရည်မှန်းချက်အောက်မှာ နိုင်ငံရေး စစ်ရေး စုဖွဲ့မှု ပြုလုပ်ပြီး မဟာမိတ်များအဖြစ် ခိုင်မာစွာရပ်တည်ကာ စစ် အာဏာရှင် စနစ်ကို အမြစ်ပြတ်ချေမှုန်းမယ့် အဆုံးသတ် တိုက်ပွဲကို ဆင်နွှဲကြဖို့ လိုအပ်ပြီဖြစ်တယ်”လို့ ပူးဇင်ကျုံးက ပြောပါတယ်။

KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကလည်း အခု ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်တိုင်းရင်းသားလူမျိုးတွေနဲ့အတူ မြန်မာအမျိုးသားတွေလည်း စစ်အာရှင်စနစ် အုပ်ချုပ်မှု အဆုံးသတ်ရေးအတွက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ အတူတကွ တော်လှန်တိုက်ပွဲဝင်ခဲ့ရာ အထူးသဖြင့် လူငယ်များရဲ့ တော်လှန်တိုက်ပွဲဝင်မှု အရှိန်အဟုန်နဲ့ ဖြစ်ပွားနေကြောင်း ပြောပါတယ်။

တဖက်မှာ စစ်တပ်က ၂၀၀၈ ဖွဲ့စည်းပုံကို သူတို့ အာဏာတည်မြဲရေးအတွက် ခံတပ်အဖြစ် ထားရှိပြီး နည်းပေါင်းစုံနဲ့ လုပ်ဆောင်လျက်ရှိတယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲကျင်းပပြီး ရွေးကောက်ပွဲမှာ စစ်တပ်ရဲ့စီစဉ်မှုနဲ့ ကြံ့ခိုင်ရေး ပါတီက မဲအနိုင်ရဖို့ လုပ်ဆောင်ခဲ့တာကို မီးမောင်းထိုးပြပါတယ်။

” စစ်တပ်က အရာရှိတွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးမှာ ဝင်ရောက်အရွေးခံပြီး အနိုင်ရရှိအောင် ဆောင်ရွက်ခဲ့ပါတယ်။ စစ်တပ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံကို ကာကွယ်ပြီးထာ၀ရ အာဏာရရှိရေးအတွက် မသမာနည်းနဲ့ လုပ်ဆောင်နေတယ်ဆိုတာ အထင်အရှားဖြစ်ပါတယ်။၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ နိုင်ငံကို စစ်တပ်ကနေ စစ်အာဏာရှင်စနစ်အဖြစ် အုပ်ချုပ်နိုင်ဖို့ ပြဌာန်းတဲ့ အခြေခံဥပဒေ ဖြစ်တဲ့အတွက် လုံး၀ ဥဿုံ ဖျက်ဆီးရမှာ ဖြစ်ပါတယ်”လို့ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုအခြေခံပြီး လူမျိုးစုများ တရပ်လုံးရဲ့ လွတ်လပ်ရေး၊ တန်းတူညီမျှမှု ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စုဖက်ဒရယ် ဒီမိုကရေစီစနစ်ကို အခြေပြုရမှာ ဖြစ်ကြောင်း ပြောပါတယ်။ ဒါတွေ အာမခံ ချက်ရှိတဲ့ ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေကို အစားထိုး ရေးသားရမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

” ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတည်ဆောက်ဖို့အတွက် ချင်းအမျိုးသားအပါအဝင် လူမျိုးစု ပြည်သူအားလုံး တော်လှန်ရေးအင်အားစုများအားလုံး နိုင်ငံရေးအင်အားစု အစုအဖွဲ့များအားလုံး စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှသာရရှိနိုင်မှာဖြစ်ပါတယ်”လို့ KNU ဥက္ကဋ္ဌ က ပြောပါတယ်။

ချင်းအမျိုးသား တိုင်းချင်းအမျိုးသားစိတ်ဓာတ်နဲ့ ပြည်ထောင်စုစိတ်ဓာတ် အပြည့်အ၀ ရှိပြီး ပြည်ထောင်စုကိုဘ၀တူ လူမျိုးစုများ၏ တောလှန်ရေးအင်အားစုတွေနဲ့ အတူတိုက်ပွဲဝင် တည်ဆောက်ဖို့ တိုက်တွန်းပါတယ်။

KNPP ဥက္ကဋ္ဌ ခူဦးရယ်က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဟာ မျှော်မှန်းချက် သပ်သပ်ထက် ပိုသာတဲ့ အနေအထားကို တဆင့်ပြီး တဆင့် ချဉ်းကပ်နေပြီလို့ ပြောပြပါတယ်။

” ကျနော်တို့ရဲ့ ဖွဲ့စည်းပုံ အသစ်ဟာ လူထု သဘောထား ဆန္ဒနဲ့အညီ တရားမျှတမှုနဲ့ အာဏာကို စနစ်တကျ ခွဲဝေထားတဲ့ ဖွဲ့စည်းပုံပဲဖြစ်ရပါလိမ့်မယ်”လို့ ခူဦးရယ်က ပြောပါတယ်။

ပြည်နယ်တွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင် ဘဏ္ဍာရေးအာဏာ လူ့အခွင့်အရေးကို ဖွဲ့စည်းပုံအရ အာမခံခြင်း၊ အာဏာကန့်သတ်မှုတွေကို စနစ်တကျ တိုင်ပင်စုစည်းတည်ဆောက်ခြင်းကနေတဆင့် အနာဂတ် မျိုးဆက်သစ်တွေမှာ လက်ရှိ မျိုးဆက်တွေ ကြုံနေရသလို မခံစားရအောင် စစ်အာဏာရှင်တွေ ထပ်မံ မရှိတော့အောင် ဆက်လက်ညှိနှိုင်းဆောင်ရွက်ကြရမယ် လို့ ခူဦးရယ်က ပြောပါတယ်။

“ဖက်ဒရယ်စနစ်ဆိုတာဟာ ကျနော်တို့လို စုံလင်ကွဲပြားသော တိုင်းပြည်အတွက် နိုင်ငံရေးထွက်ပေါက်ဖြစ်သလို လူထုအသက်များအားလုံးကို စနစ်တကျ အကာအကွယ် ပေးနိုင်မယ့် ဖွဲ့စည်းပုံဆိုင်ရာ အာမခံချက် အသက်ကယ်ဆေးလည်းဖြစ်ပါတယ်” လို့ ဥက္ကဋ္ဌ ခူဦးရယ်က ပြောပါတယ်။

NUG၊ ကရင်၊ ကရင်နီ၊ ချင်း ခေါင်းဆောင်တွေနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)တို့ဟာ တော်လှန်ရေးကို အောင်မြင်စွာ အ ဆုံးသတ်နိုင်ရေးနဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီတရပ် ဖွဲ့စည်းနိုင်ရေး အတူတကွဆွေးနွေးညှိနှိုင်းလျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)မှာ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားပြီး အဲဒီ ကော်မတီမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့က စစ်ရေးခေါင်းဆောင် ၂ဦးစီ စုစုပေါင်း ၁၀ဦး ပါဝင်တယ်လို့ SCEF အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။