ဖေဖော်ဝါရီ-၂၄၊ ၂၀၂၆။ People’s Spring
ရန်ကုန်မြို့ရှိ ဖင်လန်နိုင်ငံသံရုံးဟာ ဒီလကုန် ဖေဖော်ဝါရီ ၂၈ ရက်မှာ စတင် ပိတ်သိမ်းမယ်လို့ ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။
ကောင်စစ်ဝန်ဆောင်မှုတွေ၊ ပတ်စ်ပို့၊ နေထိုင်ခွင့် လျှောက်လွှာဆိုင်ရာ နိုတြီထောက်ခံလက်မှတ်တွေအပါအဝင် ကောင်စစ်ဆိုင်ရာအလုပ်များအားလုံးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဖင်လန်သံရုံးကနေ ဆောင်ရွက်ပေးမယ်လို့ အသိပေးထားပါတယ်။
ဖင်လန်နိုင်ငံ ဗီဇာနဲဲ့သက်ဆိုင်တဲ့ ဝန်ဆောင်မှုတွေအတွက် ရန်ကုန်မြို့ရှိ ဂျာမနီနိုင်ငံသံရုံးက ကိုယ်စားပြုလုပ်ပေးမယ်လို့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Public Service Announcement
စစ်တပ်အာဏာသိမ်းပြီး ၅ နှစ်အကြာမှာ ဖင်လန်သံရုံးကို ဘာကြောင့် ပိတ်သိမ်းရတယ်ဆိုတာတော့ ဒီနေ့ ထုတ်ပြန်ချက်မှာ အသိပေးမထားပါဘူး။
ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတည်းက ဖင်လန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ လုပ်ငန်းလည်ပတ်မှုဆိုင်ရာနဲ့ မဟာဗျူဟာအကြောင်းပြချက်တွေကြောင့် အစ္စလာမာဘက်၊ ကာဘူးလ်နဲ့ ရန်ကုန်တို့ရှိ သံရုံးတွေကို သမ္မတအမိန့်နဲ့ ပိတ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာလို့ ထုတ်ပြန်ခဲ့ပါတယ်။
ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ မြန်မာနိုင်ငံတို့ရှိ နိုင်ငံရေးအခြေအနေ၊ အကန့်အသတ်ဖြစ်နေတဲ့ ကုန်သွယ်ရေး၊ စီးပွားရေးဆိုင်ရာ ဆက်ဆံရေးနဲ့ဆက်စပ်တဲ့ အပြောင်းအလဲတွေကြောင့် အခုလို သံရုံးတွေ ပိတ်သိမ်းဖို့ ဖြစ်လာတာလို့ သိရပါတယ်။
ဖင်လန်နိုင်ငံနည်းတူ နောဒစ်(Nordic)အဖွဲ့ဝင်ဖြစ်တဲ့ ဒိန်းမတ်နိုင်ငံကလည်း ရန်ကုန်မှာ ဖွင့်လှစ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးကို ၂၀၂၆ နှစ်ကုန်မှာ ပိတ်သိမ်းသွားမယ်လို့ ကြေညာထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေတွေ ဆိုးရွားလာတာကြောင့် အခုလို ပိတ်သိမ်းရခြင်းဖြစ်တယ်လို့ ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး လားစ်လော့ကီရပ်စ်မူဆန်က ၂၀၂၅ နှစ်ကုန်ပိုင်းမှာ ပြောကြားထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းချိန်ကစလို့ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုအခြေအနေမှာ သိသိသာသာဆိုးရွားနေခဲ့ပြီး လက်ရှိမှာလည်း ပြန်ကောင်းလာဖို့ မရှိဘူးလို့ သူက ပြောပါတယ်။ ဒါကြောင့် ဒိန်းမတ်ရဲ့နိုင်ငံခြားရေးမူဝါဒနဲ့ ကုန်သွယ်ရေးအကျိုးစီးပွား ပိုရှိစေမယ့် တခြားနေရာတွေမှာ ရင်းမြစ်တွေကို ပြန်လည်အသုံးချသွားဖို့ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ရပ်စ်မူဆန်က ဆိုပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီနဲ့ သံတမန်ဆက်ဆံကောင်းမွန်တဲ့ နိုင်ငံတချို့သာရှိပြီး အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအများစုဟာ သံတမန်ဆက်ဆံရေးအဆင့်လျှော့ချကာ စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုခဲ့ခြင်းမရှိတာ တွေ့ရပါတယ်။


















































