ဖေဖော်ဝါရီ-၂၅၊၂၀၂၆။ ဇော်ဝင်း/Peoples Spring
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့အနီးမှာ စစ်တပ်စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်နေတယ်လို့ ရှမ်းတောင်(ကရင်နီ)တိုင်းစစ်ဌာန တာဝန်ရှိသူက ပြောပါတယ်။
မိုးဗြဲမြို့ရဲ့ အနောက်တောင်ဘက်ခြမ်းက လွယ်ယင်းမင်္ဂလာကျေးရွာဘက်ကို မြို့ အခြေစိုက် ခမရ(၄၂၂)တပ်ရင်းနဲ့ ပအိုဝ်းပြည်သူ့စစ်တို့ပူးပေါင်းပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်ရက်မှာ စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။
“ကာကင်း နေရာနှစ်ခုကို ခွာလိုက်ရတယ်။သူတို့ ဆက်မထိုးလာသေးဘူး။မနေ့ကနဲ့ ဒီနေ့မနက်ထိ တိုက်ပွဲ ပြန်ငြိမ်နေတယ်”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
လက်နက်ကြီးနဲ့ ဒရုန်းတွေကို စစ်တပ်က အလွန်အကျွံ အသုံးပြုခဲ့ပြီး မြေပြင်အင်အားလည်း တပ်ရင်း နှစ်ရင်း စာရှိတယ်လို့ သိရပါတယ်။
“တိုက်ပွဲကတော့ အချိန်မရွေးထပ်ဖြစ်နိုင်တယ်။သူတို့ ထပ်တိုး၊မတိုးပဲ စောင့်ကြည့်နေတယ်”လို့ မြေပြင်ရဲဘော်တစ်ဦးက ပြောပါတယ်။
၂၀၂၃နှစ်ကုန်ပိုင်းက မိုးဗြဲမြို့စောင့်တပ် ခမရ (၄၂၂)တပ်ရင်းကလွဲလို့ စစ်ကောင်စီတပ်စွဲတဲ့ စက်တော်ရာ ဗျူဟာကုန်းနဲ့ကင်းစခန်းရှစ်ခုကို ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်ပြီး မိုးဗြဲမြို့ကိုထိန်းချုပ်ခဲ့ဖူးပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့နှစ် ဇူလိုင်မှာ စစ်တပ်က အင်အား ရာနဲ့ချီသုံးပြီး ပြန်လည်ထိုးစစ်ဆင်ခဲ့တာကြောင့် တော်လှန်ရေးတပ်တွေ ပြန်ဆုတ်ခဲ့ရပါတယ်။
မိုးဗြဲမြို့ဟာ စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်ကို နာရီပိုင်းနဲ့ ရောက်နိုင်တဲ့ ပင် လောင်း-ဖယ်ခုံ -(မိုးဗြဲ)-လွိုင်ကော် လမ်းပိုင်းပေါ်မှာ ရှိပါတယ်။


















































