အောက်တိုဘာ-၁၁၊၂၀၂၆။ဇော်၀င်း/People’s Spring
ရှမ်းပြည်နယ်တောင်ပိုင်း၊မိုးဗြဲမြို့နယ်အတွင်းက တိုက်ပွဲတနေရာမှာ ရဲဘော် ၁ဦးကျဆုံးခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ဒီကနေ့ ထုတ်ပြန်ပါတယ်။
မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၊ ၁၀၀၁ တပ်ရင်း၊တပ်ခွဲအမှတ်(၁)လင်းယုန်တပ်ခွဲက တပ်စုမှူးအလက်ဇန္ဒားဟာအောက်တိုဘာ ၈ရက် တိုက်ပွဲအတွင်းမှာကျဆုံးခဲ့တာလို့သိရပါတယ်။
ရဲဘော်တပ်စုမှူး အလက်ဇန္ဒားရဲ့ ကျဆုံးမှူအတွက် ကျန်ရစ်သူမိသားစုတွေနဲ့အတူ ဝမ်းနည်းကြေကွဲရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Public Service Announcement
ဒါ့အပြင် ရဲဘော်ရဲ့ စွန့်လွှတ်အနစ်နာခံမှုနဲ့ ပေးဆပ်ခဲ့တဲ့ အသက်ကိုလေးစားဂုဏ်ပြုလျှက် အမှန်တရားအတွက်အသက်ပေးလှူခဲ့တဲ့ အာဇာနည်သူရဲကောင်းတစ်ဦးအ ဖြစ် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က မှတ်တမ်းတင်တယ်လို့ အသိပေးပါတယ်။
“မိုးဗြဲအနောက်ခြမ်းက စစ်တပ်ကာကင်းတွေ ကို ထိုးစစ်ဆင်ရင်း ကျဆုံးခဲ့တာ”လို့ တပ်စုမှူးအလက်ဇန္ဒားကျဆုံးမှုနဲ့ပတ်သက်လို့မိုးဗြဲအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့၀င်တစ်ဦး က ပြောပါတယ်။
အခုအောက်တိုဘာ ၇ ရက်ကတည်းက လွယ်ယင်းတောင်ခြေကျေးရွာမှာ တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ စစ်တပ်အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတာလို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က အခုအောက်တိုဘာ ၉ ရက်က ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲဖြစ်ပွားပြီး အထိနာနေတဲ့ စစ်တပ်က လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ်တွေနဲ့ အကြိမ်ပေါင်းများစွာလာရောက်ကြဲချတာ ရှိတယ်လို့ အသိပေးပါတယ်။
စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မိုးဗြဲဒေသက စစ်ရှောင် ၂ဦးလည်း အောက်တိုဘာ ၈ ရက်က သေဆုံးခဲ့ရပါတယ်။လေယာဉ်အန္တရာယ်နဲ့ပတ်သတ်လို့ စစ်ရှောင်ပြည်သူတွေအနေနဲ့ သတိရှိစွာနေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေက တိုက်တွန်းထားပါတယ်။
ဒါ့အပြင်တော်လှန်ရေးတပ်ပေါင်းစုနဲ့ စစ်တပ်အကြားအချိန်မရွေးတိုက်ပွဲထပ်မံဖြစ်ပွားလာနိုင်တာကြောင့် ကန့်သတ်ထားတဲ့နယ်မြေအတွင်းကို ဖြတ်သန်းသွားလာတာမလုပ်ကြဖို့လည်း သတိပေးထားပါတယ်။
အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက မိုးဗြဲမြို့ပေါ်ကို ပြန်လည်ထိန်းချုပ်နိုင်ပေမယ့် မြို့ပြင်ဒေသတဝိုက်ကို တော်လှန်ရေးတပ်တွေက စိုးမိုးထားပြီး မကြာခဏ တိုက်ပွဲတွေ ဖြစ်နေပါတယ်။



















































