မတ်- ၅ ရက်၊ ၂၀၂၆။ဇေအောင်/People’s Sleing
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ မော်တော်ယာဥ် တွေကို ငွေညှစ်ဖို့ထွက်လာတဲ့ ပျူစောထီးအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ရာ တစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း MONYWA DYNAMITE (STF)အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
မတ်လ ၃ ရက် နေ့လယ် ၂နာရီ ၄၀မိနစ်ခန့်က မုံရွာမြို့နယ်၊ တောပုကျေးရွာမှ အင်အား ၂၀ခန့်နဲ့မုံရွာ – ချောင်းဦးလမ်းမပေါ် ဆက်ကြေးကောက်ဖို့နဲ့ ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ ပျူစောထီးအဖွဲ့ကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း MONYWA DYNAMITE (STF)အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“ဆက်ကြေးကောက်မိုင်းရှာဖို့ထွက်လာတဲ့ ပျူတွေကို မိုင်းကြီးတစ်လုံးနဲ့တိုက်တာ။ ၄ ကောင်ဒဏ်ရာရပြီး တစ်ကောင်သေတယ်။”လို့ ၎င်းတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အဲဒီ ညနေပိုင်းမှာ စစ်အုပ်စုဝင်တွေဟာ ကြေးမုံကျေးရွာက နေအိမ်တစ်အိမ်ကိုဝင်ပြီး Surf အမျိုးအစား မော်တော်ယာဉ်တစ်စီးနဲ့ ငွေကြေးများကို အဓမ္မလုယက်ယူဆောင်သွားခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။
ဒါ့အပြင် အနီးပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်လို့ ပြည်သူတစ်ဦး သေနတ်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
တောပုပျူစောထီးကျေးရွာက ပျူတွေကို BRAVE HEART ARMY (BHA)၊ MONYWA DYNAMITE (STF)၊ CHINDWIN FIGHTER GROUP (CFG) နှင့် MONYWA Special – ဒိတ်ဒိတ်ကြဲ အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တောပုရွာဟာ မုံရွာ-မန္တလေးလမ်းမအနီးမှာရှိပြီး အဆိုပါရွာက ပျူစောထီးတွေကို စစ်တပ်က လက်နက်တပ်ဆင်ပေးထားတာကြောင့် ခရီးသွားတွေကို နေ့စဥ် စစ်ဆေးငွေညှစ်လေ့ရှိပါတယ်။
ဒီကနေ့ မတ်လ ၅ရက်မှာလည်း မုံရွာ-မန္တလေးလမ်းပေါ်မှာ စစ်အုပ်စုက ပြည်သူတွေကို မိုင်းဆင်းရှာခိုင်းတာတွေ ပြုလုပ်နေပြီး လမ်းပိုင်းကိုလည်း ယာယီပိတ်ထားခဲ့တယ်လို့ ခရီးသွား အချို့က ပြောပါတယ်။




















































