မတ်-၁၆၊ ၂၀၂၆။သော်ဟန်/People’s Spring
ပြည်ထောင်စုလွှတ်တော် နဝမအကြိမ်အစည်းအဝေးကို ဒီနေ့ခေါ်ယူတာဟာ ပြည်သူကအပ်နှင်းထားတဲ့ ဆင့်လွှဲအာဏာကို ထပ်လောင်း အတည်ပြုခြင်း၊ ဒီမိုကရေစီကို ကာကွယ်ခြင်း ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။
ဒီနေ့ အာဏာသိမ်းစစ်ကောင်စီ ဦးဆောင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကနေ တက်လာတဲ့ စစ်တပ်လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးကို ခေါ်ယူချိန်မှာပဲ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို ခေါ်ယူခဲ့တာပါ။ အာဏာသိမ်းစစ်ကောင်စီ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို ပြည်တွင်းတော်လှန်ရေးအင်အားစုတွေနဲ့နိုင်ငံတကာကအတုအယောင်ရွေးကောက်ပွဲအဖြစ် သတ်မှတ်ခဲ့ကြပြီး NLD အစိုးရလက်ထက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို စစ်တပ်၊ စစ်တပ်ကျောထောက်နောက်ခံပြုပါတီ ပြည်ခိုင်ဖြိုးနဲ့ စစ်အာဏာသိမ်းဖို့ တောင်းဆိုခဲ့ကြတဲ့ နိုင်ငံရေးပါတီအနည်းငယ်ကလွဲလို့ ပြည်တွင်းနဲ့ နိုင်ငံတကာက လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
ဒီနေ့ မတ်လ ၁၆ရက် ပြည်ထောင်စုလွှတ်တော် နဝမအကြိမ်အစည်းအဝေးခေါ်ယူရတာဟာ အထက်ပါ ရည်ရွယ်ချက်နှစ်ရပ်အပြင် တော်လှန်ရေးအင်အားစုတွေကို ဖြိုခွဲပြီး အာဏာရှင်သက်ဆိုးရှည်စေမယ့် လမ်းကြောင်းကို တရားဝင်တဲ့ ပြည်သူ့ ဆင့်လွှဲအာဏာနဲ့ တားဆီးနေခြင်း ဖြစ်တယ်လို့ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

Public Service Announcement
“ကျွန်တော်တို့အနေနဲ့ ပြည်သူ့ဆန္ဒကို အခြေမခံတဲ့ စစ်အာဏာသိမ်းမှုကို မတားဆီးနိုင်တဲ့ ဘယ်လို နိုင်ငံရေးအစီအမံကိုမျှ လက်မခံသလို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် အာမခံချက်ရှိတဲ့ နိုင်ငံရေးစနစ်ကို ထူထောင်တည်ဆောက်သွားနိုင်ရေးအတွက် တော်လှန်ရေးအင်အားစု အသီးသီးနဲ့ ဆက်လက်လက်တွဲကြိုးပမ်းသွားမှာ ဖြစ်ပါတယ်”လို့ CRPH ဥက္ကဋ္ဌက ဆက်ပြောပါတယ်။
ပြည်သူလူထုက အပ်နှင်းထားတဲ့ ဆင့်လွှဲအာဏာနဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ တရားဝင် အသိအမှတ်ပြုမှုတွေကို ကိုင်စွဲပြီး ဒီရည်မှန်းချက်တွေ ပြည့်မီဖို့ လွှတ်တော်ကဏ္ဍကနေ ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်း CRPH ဥက္ကဋ္ဌက ပြောပါတယ်။
ရှုပ်ထွေးကျယ်ပြောလာတဲ့ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းတွေနဲ့အတူ မြန်မာပြည်သူအားလုံးရဲ့ ပြဿနာဟာ စိန်ခေါ်မှုတွေ ပိုများလာတယ်လို့ ထင်ရပေမယ့် လက်ရှိပြဿနာအရပ်ရပ်ရဲ့ အဓိကတရားခံဖြစ်တဲ့ စစ်အာဏာရှင်တွေကို ဖြိုချနိုင်မယ်ဆိုရင် ကျန်တဲ့ကိစ္စရပ်တွေကို အားလုံး တိုင်ပင်ညှိနှိုင်းဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်း ဦးအောင်ကြည်ညွန့်က ပြောပါတယ်။
ပြည်ထောင်စုလွှတ်တော် နဝမအကြိမ်အစည်းအဝေးကို တက်ရောက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလကလည်း ဒီနေ့ ဒီလိုအချိန်မျိုးမှာမှ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးကို ပြတ်ပြတ်သားသား မလုပ်ဆောင်နိုင်ဘူးဆိုရင် နောင်အချိန်တွေမှာ တော်ရုံမျှော်လင့်နိုင်ဖို့ မလွယ်ကူကြောင်း သတိချပ်ကြဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် လက်ရှိ တော်လှန်ရေးအင်အားစုတွေ ဝိုင်းဝန်းလုပ်ဆောင်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီဦးဆောင်ကောင်စီ ပုံစံလိုမျိုး ဖြစ်မြောက်အကောင်အထည်ပေါ်လာရေးကို အားသွန်ကြိုးပမ်းကြဖို့ NUG ယာယီသမ္မတက တိုက်တွန်းပါတယ်။ ပြည်ထောင်စုလွှတ်တော်အနေနဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးမှာ နောက်ထပ် ခြေလှမ်းသစ်ဖြစ်လာမယ့် ဖက်ဒရယ်ဒီမိုကရေစီဦးဆောင်ကောင်စီလိုမျိုး ဖြစ်မြောက်လာရေး အားလုံးဝိုင်းဝန်းပြီး လက်တွဲတည်ဆောက်သွားနိုင်ဖို့ ပံ့ပိုးကူညီစေလိုကြောင်း ဆက်လက် တိုက်တွန်းပါတယ်။
နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းကြီးတွေအကြား မဟာမိတ်ပေါင်းစည်းမှုဖြစ်ပေါ်လာဖို့အတွက် အားသွန်ကြိုးပမ်းနေကြကြောင်းလည်း NUG ယာယီသမ္မတက အသိပေးပါတယ်။
ဒါ့ကြောင့် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် အခြေခံ အုတ်မြစ်ကောင်းဖြစ်အောင် ဝိုင်းဝန်း ထမ်းရွက်ကြဖို့ လေးနက်စွာ တိုက်တွန်းလိုကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ NUG အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေးကိုလည်း ရဲရဲဝံ့ဝံ့၊ စနစ်တကျ လုပ်ဆောင်ခဲ့သလို ဆက်လက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ထပ်တိုး လုပ်ဆောင်စရာ လုပ်ငန်းစဉ်တွေလည်း ရှိနေပြီး ဖြစ်တယ်လို့ အသိပေးပါတယ်။
တဖက်မှာအာဏာသိမ်းစစ်ကောင်စီရွေးကောက်ပွဲကနေ တက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို ဒီနေ့ နေပြည်တော်မှာ ခေါ်ယူခဲ့ပြီး စစ်ဗိုလ်ချုပ်ဟောင်း ဦးခင်ရီက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခံရတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ် စစ်တပ်အာဏာသိမ်းချိန်မှာ ဦးခင်ရီလည်း ဝန်ကြီးတစ်နေရာ ရခဲ့ပြီး ၂၀၂၂ခုနှစ် သြဂုတ်မှာ ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးသန်းဌေး အနားပေးခံရတာကြောင့် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ဦးခင်ရီက နေပြည်တော်၊ ဇေယျသီရိမြို့နယ်ကနေ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ သူ့ဇာတိ ဧရာဝတီတိုင်း၊ မြောင်းမြကနေ ဝင်ရောက်ယှဥ်ပြိုင်တာမှာ NLD အမတ်လောင်းကို မဲအပြတ်အသတ်နဲ့ ရှုံးနိမ့်ခဲ့သလို ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာလည်း ရန်ကုန်တိုင်း ဆိပ်ကြီးခနောင်တိုကနေ ဝင်အရွေးခံတာမှာလည်း NLD အမတ်လောင်းကို ထပ်မံရှုံးနိမ့်ခဲ့ပါတယ်။
အတုအယောင်ရွေးကောက်ပွဲလို့ သတ်မှတ်ခံရတဲ့ စစ်ကောင်စီရွေးကောက်ပွဲမှာ ဦးခင်ရီက အနိုင်ရတဲ့အပြင် အနိုင်ရပါတီ ပြည်ခိုင်ဖြိုးရဲ့ ဥက္ကဋ္ဌ ဖြစ်ပေမယ့် နိုင်ငံတော်သမ္မတတော့ ဖြစ်မလာခဲ့ပါဘူး။ နိုင်ငံတော်သမ္မတနေရာက အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက်ဖြစ်တယ်လို့ နေပြည်တော်သတင်းရင်းမြစ်က ပြောပါတယ်။
စစ်ခေါင်းဆောင်က မင်းအောင်လှိုင်က သမ္မတနေရာကို သူ့ကိုယ်သူ ပြန်ခန့်အပ်မှာ ဖြစ်သလို ကျန်တဲ့ နိုင်ငံ့ထိပ်ပိုင်းနေရာအားလုံးကိုလည်း သူပဲ နေရာချ ခန့်အပ်နေတာ ဖြစ်တယ်လို့ စစ်တပ်အရာရှိကြီးဟောင်းတစ်ဦးက ပြောပါတယ်။ မင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေကို စစ်တပ်တွင်းက မကြိုက်ကြပေမယ့်လည်း ဘယ်သူကမှ ထုတ်ဖော်မပြောရဲ၊ မဝေဖန်ရဲဘူးလို့ သူက ဆက်ပြောပါတယ်။
ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးခင်ရီကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနေရာ ခန့်အပ်လိုက်ပြီး ဗိုလ်ချုပ်ဟောင်း ဦးမောင်မောင်အုန်းကို ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ နေရာခန့်အပ်ခဲ့ပါတယ်။
စစ်ကောင်စီရွေးကောက်ပွဲက တက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အမျိုးသားလွှတ်တော်ကို မတ်လ ၁၈ရက်မှာ ခေါ်ယူမှာဖြစ်ပြီး အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ကသူ့လူယုံ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးကို အမျိုးသာလွှတ်တော်ဥက္ကဋ္ဌနေရာခန့်အပ်မယ်လို့သိရပါတယ်။

























































