ဧပြီ-၁၄၊၂၀၂၆။ဇော်ဝင်း/People’s Spring
မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်တဲ့ တရုတ်အစိုးရပိုင်ကုမ္ပဏီ China Southern Power Gridနဲ့ စစ်တပ်ရဲ့စွမ်းအင်ဝန်ကြီးတို့ တွေ့ဆုံမှုပြုလုပ်ခဲ့ပါတယ်။တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံမှုတွေအရ မြန်မာနိုင်ငံမှာဆောင်ရွက်နေတဲ့ ရေအား၊ ဆိုလာ၊ လေအားနဲ့ LNG သုံးဓာတ်အားပေးစက်ရုံစီမံကိန်းတွေ အရှိန်မြှင့်ဆောင်ရွက်မယ်လို့စစ်တပ်ထုတ်သတင်းတွေမှာ ဒီကနေ့(ဧပြီ ၁၄ရက်) ဖော်ပြပါတယ်။
China Southern Power Grid (CSG)က မြစ်ဆုံဆည်စီမံကိန်းအပါအဝင် မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ်စီမံကိန်းတွေက ထွက်ရှိတဲ့လျှပ်စစ်ဓာတ်အားကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ပြန်လည်တင်ပို့ဖို့ ရည်ရွယ်တဲ့ စွမ်းအင်စီမံကိန်းတွေမှာ ပတ်သက်နေတာဖြစ်ပါတယ်။
နိုင်ငံတကာမြစ်ကြောင်းများအဖွဲ့ရဲ့ အစီရင်ခံစာတစ်ခုအရ မြစ်ဆုံစီမံကိန်းလုပ်မယ့် တရုတ်နိုင်ငံ လျှပ် စစ်ဓာတ်အားရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း- CPI (ယခု State Power Investment Corporation SPIC)မှာ China Southern Power Grid (CSG)ကုမ္ပဏီ ပါဝင်ပါတယ်။

Public Service Announcement
မြန်မာနိုင်ငံမြောက်ပိုင်း ရေအားလျှပ်စစ်စီမံကိန်းတွေပြီးစီးပါက တောင်ပိုင်းဓာတ်အားသုံးစွဲတဲ့ဒေ
သတွေကို ဓာတ်အားပေးပို့နိုင်ဖို့အတွက် ဓာတ်အားလိုင်း ကွန်ရက်တည်ဆောက်ရေး ကြိုတင်အစီအမံပြုလုပ်ပြီး စီမံချက်ရေးဆွဲသွားဖို့ China Southern Power Gridက ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင်လာအို-မြန်မာနယ်စပ် မဲခေါင်မြစ်တစ်လျှောက်မှာ ရေအားလျှပ်စစ်စီမံကိန်းတွေစူးစမ်းလေ့လာမှု လုပ်ငန်းဆောင်ရွက်ဖို့ စီမံထားရှိမှု နဲ့ လာအို-မြန်မာဖြတ်ကျော်ဓာတ်အားလိုင်းတည် ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်မယ့်အခြေအနေတွေလည်း ပါရှိပါတယ်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နဲ့ (၂၃)မိုင်ဝန်းကျင်မှာရှိတဲ့ဧရာဝတီမြစ်ဖျားဒေသကမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော်နိုင်ဖို့ စစ်တပ်က လူထုတွေ့ဆုံစည်းရုံးမှုတွေ ခပ်စိပ်စိပ်လုပ်နေတယ်လို့လည်း ဒေသခံတွေနဲ့လူ့အခွင့်အရေးကာကွယ်ရေးအဖွဲ့တွေက ဆိုပါတယ်။
“အခုလက်ရှိမှာ စစ်တပ်ဦးဆောင်တဲ့အစိုးရက မြစ်ဆုံစီမံကိန်းဖြစ်မြောက်ရေးအတွက်ပြည်သူလူထုကို ခပ်စိပ်စိပ်တွေ့ဆုံနေကြတယ်။သူတို့ရဲ့ စစ်တပ် အသိုင်းအဝိုင်း၊သူတို့ကို ထောက်ခံတဲ့သူတွေ နဲ့ နီးစပ်သူတွေနဲ့ပါဆွေးနွေးမှုလုပ်နေကြတယ်လို့ ကြားသိရတယ်”လို့ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (KHRW)က ပြောရေးဆိုခွင့်ရှိသူ ကိုဂျေကော့ကမြေပြင်အခြေအနေကိုပြောပါတယ်။
အာဏာသိမ်းဒုခေါင်းဆောင် စိုးဝင်းက ၂၀၂၅ ဒီဇင်ဘာ ၁၆ ရက်မှာ မြစ်ကြီးနားကို လာရောက်ပါတယ်။သူက ရေအားလျှပ်စစ်ဟာ ကုန်ကျစရိတ် အသက်သာဆုံးဖြစ်တယ်ဆိုပြီးမြစ်ဆုံစီမံကိန်းပြန်စဖို့ပြောဆိုစည်းရုံးပါတယ် ။
သူပြီးတော့၂၀၂၆ဇန်နဝါရီလနဲ့ဖေဖော်ဝါရီလတွေမှာ စစ်ကောင်စီဝန်ကြီးတွေ မြစ်ကြီးနားကို ထပ်ရောက်လာပြီး လူထုတွေ့ဆုံပွဲဆိုပြီးလုပ်ကာ မြစ်ဆုံစီမံကိန်းကို လက်ခံဖို့ စည်းရုံးရေးထပ်ဆင်းကြပါတယ်။
စစ်ကောင်စီဝန်ကြီးတွေ၊စစ်တပ်ခန့်ကချင်ပြည်နယ် အစိုးရခေါင်းဆောင်တွေက ဇန်နဝါရီလကုန်ပိုင်းမှာလူထုတွေ့ဆုံပွဲ ၂ကြိမ် ၊ ဖေဖော်ဝါရီ ၂၀ရက်မှာ ၁ကြိမ် စုစုပေါင်း မြစ်ကြီးနားမှာ လူထုတွေ့ဆုံပွဲ သုံးကြိမ်လုပ်ပြီး မြစ်ဆုံဆည်စီမံကိန်းစဖို့ ပြောဆိုစည်ရုံးကြပါတယ်။
ဒီတွေ့ဆုံပွဲတွေဟာစီမံကိန်းကို ဒေသခံလူထုသဘောတူကြတယ်ဆိုပြီး ပြချင်လို့ စီမံကိန်းကိုမကန့်ကွက်လောက်သူတွေကိုခေါ်ပြီးလုပ်နေတာလို့မြစ်ကြီးနားမြို့နယ် ဒေသခံကပြောပါတယ်။
တဖက်မှာလည်း ဒေသခံ ပြည်သူတွေအပြင် ပညာရှင်တွေကလည်း မြစ်ဆုံဆည်လုပ်ရင်ကြုံရနိုင်တဲ့ စိုးရိမ်ဖွယ်ရာ အခြေအနေတွေကို မီးမောင်းထိုးပြသပြီး စစ်အုပ်စုလုပ်ရပ် ရပ်တန်းကရပ်ဖို့ သတိပေးခဲ့ပါတယ်။စစ်ကောင်စီကမြစ်ဆုံဆည်စီမံကိန်းလုပ်ဖို့ပြင်ဆင်လာတဲ့အပေါ် ကမ္ဘာအရပ်ရပ်မှာဘူမိသိပ္ပံပညာရပ်နဲ့အသက်မွေးဝမ်းကြောင်းပြုနေတဲ့ မြန်မာဘူမိသိပ္ပံပညာရှင်တွေကဇန်နဝါရီ ၁၅ရက်မှာ ကြေညာချက်ထုတ်ပြန်ပြီး စီမံကိန်းလုပ်ရင် မြန်မာတနိုင်ငံလုံး ဆိုးကျိုး အန္တရာယ် ကျရောက်နိုင်ခြေတွေကိုအလေူအနက်သတိပေးခဲ့ပါတယ်။
မြစ်ဆုံဒေသဟာ ဒေသခံ တိုင်းရင်းသား ပေါင်းစုံတို့ရဲ့ ရိုးရာအမွေအနှစ်နဲ့ သဘာဝအမွေအနှစ်များ ဖြစ်တဲ့အပြင် ဧရာဝတီမြစ်ကြီးရဲ့ မြစ်ဖျား ခံရာ နေရာလည်းဖြစ်လို့ဘယ်အရာနဲ့မှ တန်ဖိုးမဖြတ်နိုင်ကြောင်းဖော်ပြပြီးပညာရပ်ဆိုင်ရာအချက်အလက်တွေအရ မြစ်ဆုံဆည်ဆောက်လုပ်ဖို့လုံး၀မသင့်
တော်ဘူးလို့ အကြံပြုထားပါတယ်။ငလျင်ဘေးကြုံရနိုင်တာ၊ ဆည်ကျိုးကျနိုင်တာ၊ မြေပြိုတာ၊ ဧရာ၀တီ မြစ်ကြောင်းတလျှောက်နဲ့ မြှစ်ဝှမ်းဒေသ စိုက်ပျိုးရေးထိခိုက်နိုင်တာ အပါအဝင်ပညာရပ် ဆိုင်ရာ အချက်၈ချက်ကိုဖော်ပြပြီး ဆည်မလုပ်သင့်ကြောင်း အကြံပြုခဲ့တာဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်ကစလို့ ယာယီဆိုင်းငံ့ထားခဲ့တဲ့မြစ်ဆုံ စီမံကိန်းကို စစ်တပ်က အမည်ခံအစိုးရဖွဲ့ပြီးနောက် အကောင် အထည်ဖော်ဖို့ကြိုးပမ်းနေတာလို့ အသိပေးပါတယ်။
ဂေဟစနစ်နဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ ပျက်စီးဆုံးရှုံးမယ့်အရေးနဲ့ ငလျင်ကြောပေါ်မှာရှိနေတဲ့ မြစ်ဆုံရေကာတာရဲ့ဘေးအန္တရာယ်တွေကြောင့် လူထုရဲ့ ကန့်ကွက်မှုတွေ ဆက်တိုက်ရှိနေပါတယ်။
ဒါပေမယ့် အာဏာသိမ်းစစ်တပ်က မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ ၂၀၂၄ကတည်းက မြစ်ဆုံ-မြစ်ညာစီမံကိန်းဆိုပြီး ဦးဆောင်အဖွဲ့ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ဧရာ၀တီမြစ်ဆုံစီမံကိန်းကို စစ်အာဏာရှင်ဟောင်း အာဏာရှင်ဦးသန်းရွှေလက်ထက် ၂၀၀၂ ကတည်းက လေ့လာရေးစလုပ်ခဲ့ပြီး တရုတ် CPI ကုမ္ပဏီနဲ့အကျိုးတူလုပ်ဖို့စီစဥ်ခဲ့တာဖြစ်ပါတယ်။
တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အားရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း (CPI) ကုမ္ပဏီက ၈၀ ရာခိုင်နှုန်း၊ မြန်မာအစိုးရက ၁၅ ရာခိုင်နှုန်းနဲ့ ကြားခံပွဲစား အေးရှားဝေါကုမ္ပဏီကငါးရာခိုင်နှုန်းစီအစုရှယ်ယာ ပိုင်ဆိုင်မှာဖြစ်ပါတယ်။
မဂ္ဂါဝပ်၆၀၀၀ထွက်နိုင်တဲ့(လက်ရှိမြန်မာနိုင်ငံလျှပ်စစ်သုံးစွဲမှုရဲ့ နှစ်ဆ) မြစ်ဆုံစီမံကိန်းအကျိုးအမြတ်ခွဲဝေမှုနဲ့ပတ်သက်လို့ ထုတ်ပြန်တယ်မရှိပေမယ့် စီမံကိန်းလေ့လာစောင့်ကြည့်တဲ့အဖွဲ့တွေရဲ့ မှတ်တမ်းအရ တရုတ်က ၇၀ ရာခိုင်နှုန်း၊ မြန်မာအစိုးရက ၂၀ ရာခိုင်နှုန်းနဲ့ အေးရှားဝေါကုမ္ပဏီက အကျိူးဆောင်ခ ၁၀ရာခိုင်နှုန်း ရရှိမှာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်းတရုတ်အစိုးရပိုင်ကုမ္ပဏီကို အာဏာသိမ်းစစ်တပ်အဖွဲ့ကမင်းဘူးမြို့နယ်မှာရေနံတူးဖော်ခွင့် ပေးထားပါတယ်။


















































