Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးပန်းတိုင်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဉ်းအားလုံးလွတ်မြောက်ရေးအပြင် စစ်တပ်က ပြည်သူကိုအနိုင်ကျင့်မှုအပြီးတိုင် လွတ်မြောက်ရေးဟု NUG ထုတ်ပြန်

စစ်အာဏာရှင်တွေက မတရားဖမ်းဆီးထားတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့ မိသားစုနဲ့ ပြန်ဆုံဆည်းရတာကိုဝမ်းမြောက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဘောထား ထုတ်ပြန်ခဲ့ပြီး တော်လှန်ရေးပန်းတိုင်နဲ့ အောင်မြင်မှုတွေ ရရှိတဲ့အထိ တိုက်ပွဲဝင်မယ်လို့ ထုတ်ပြန်ပါတယ်။

■စစ်တပ် စစ်ရာဇဝတ်မှုကျူးလွန်မှုအရေးယူရေးအပါအဝင် ဘုံသဘောထား ၆ချက်ကို မပြောင်းပဲ ခိုင်မာစွာဆက်လက်ကိုင်ဆွဲသွားမယ်လို့ အသိပေး

ဧပြီ-၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

စစ်အာဏာရှင်တွေက မတရားဖမ်းဆီးထားတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့ မိသားစုနဲ့ ပြန်ဆုံဆည်းရတာကိုဝမ်းမြောက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဘောထား ထုတ်ပြန်ခဲ့ပြီး တော်လှန်ရေးပန်းတိုင်နဲ့ အောင်မြင်မှုတွေ ရရှိတဲ့အထိ တိုက်ပွဲဝင်မယ်လို့ ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်တပ်က မတရားဖမ်းဆီးထားတဲ့ သမ္မတဦးဝင်းမြင့် ဧပြီ ၁၇ရက်မှာ လွတ်မြောက်လာတဲ့ အခြေအနေနဲ့ပတ်သက်ပြီး NUGက ဒီကနေ့မှာ သဘောထား ထုတ်ပြန်ကာရပ်တည်ချက်တွေကိုထပ်လောင်းအသိပေးခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“နွေဦးတော်လှန်ရေး၏ အန္တိမပန်းတိုင်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူများအားလုံး ခြွင်းချက်မရှိ လွတ်

မြောက်ရေးဖြစ်သည့်အပြင် ခေတ်အဆက်ဆက် စစ်အာဏာရှင်လူတစ်စုက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကိုသာ အဦးမူ၍ တိုင်းပြည်နှင့်ပြည်သူလူထုအား နည်းမျိုးစုံ ဖိနှိပ်ချုပ်ချယ် အနိုင်ကျင့်လေ့ရှိသည့် အဆိုးကျော့သံသရာက အပြီးတိုင်လွတ်မြောက်ရေးဖြစ်သည်” လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုရဲ့ ပြည်သူလူထုတရပ်လုံးအပေါ် ရက်စက်ကြမ်းကြုတ်စွာ စဉ်ဆက်မပြတ် ကျူးလွန်ခဲ့၊ ကျူးလွန်ဆဲ စစ်ရာဇဝတ်မှုများနဲ့ နိုင်ငံတကာ လူသားချင်း စာနာမှု ဆိုင်ရာဥပဒေကို ကျူးလွန်ဖောက်ဖျက်မှုတွေအားအသွင် ကူးပြောင်းရေး ကာလတရားမျှတမှုရရှိရေး ဆောင်ကြဉ်းပေးနိုင်တဲ့ အခြေအနေရှိမှသာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အောင်မြင်မယ်လို့ မှတ်ယူကာ မမှိတ်မသုန် ဆက်လက်ချီတက် တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

သမ္မတ ဦးဝင်းမြင့်ဟာ ပြည်တွင်းပြည်ပတော်လှန်ရေးဖိအားတွေကြောင့် မိသားစုနဲ့ ပြန်လည်ဆုံဆည်းနိုင်ခဲ့တာ ဖြစ်ပြီး ဒါဟာပြည်သူလူထုရဲ့ တော်လှန်ရေးအောင်ပွဲ အစိတ်အပိုင်းတစ်ရပ်အဖြစ် အခိုင်အမာ ယုံကြည်ရှုမြင်ကြောင်း ဖော်ပြပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အနေနဲ့ အခုလို မိသားစုနဲ့ ပြန်လည်ဆုံတွေ့ရတဲ့အပေါ် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရတယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

“ ဒီလိုမျိုး မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး အမြန်ဆုံး မိသားစုတွေနဲ့ ပြန်လည်ဆုံတွေ့ကြဖို့လည်း တော်လှန်ရေးကို တစိုက်မတ်မတ် ဆက်လက်ပြီးတော့ ရုန်းကန်ဆောင်ရွက်သွားကြဖို့လိုမယ်လို့ယုံကြည်ပါတယ်။ အခုလိုမျိုး အကြမ်းဖက်စစ်တပ်ဘက်က လုပ်လာရတာဟာလည်း တော်လှန်ရေးဘက်က ကြိုးစားမှုတွေ နိုင်ငံတကာ ပြည်တွင်း ပြည်ပ ပေါ့နော် အားလုံးရဲ့ အဖက်ဖက်ကနေ ဖိအားပေးမှုတွေကြောင့် ဒီလို လုပ်ရတဲ့ သဘောရှိပါတယ်။ ဒီအတွက်ကြောင့် မို့လို့ ကျန်ရှိနေသေးတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အပါအဝင် ပေါ့နော်မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွတ်မြောက်ဖို့ကို တော်လှန်ရေးကို အရှိန်အဟုန်မပျက် တစိုက်မတ်မတ်ဆက်လုပ်ဖို့ လိုတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ တော်လှန်ရေး အင်အားစုများနဲ့ ပြည်သူများအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်အားဆက်လက်အသိအမှတ်ပြု ကိုင်စွဲထားသကဲ့သို့၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အားလည်း ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အရ ပြည်သူ့ရွေးကောက်ခံ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဆက်လက်အသိအမှတ်ပြုထားကြတယ်လို့ ထပ်လောင်းဖော်ပြပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်တွေကို ၂၀၂၄ ဇန်နဝါရီ ၃၁ ရက်မှာ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း မဟာမိတ်တိုင်းရင်းသားများနဲ့ ပူးတွဲထုတ်ပြန်ခဲ့တဲ့ ဘုံသဘောထား ရပ်တည်ချက်တွေအရ လည်းကောင်း၊ အခု ၂၀၂၆နှစ် မတ်လ ၃၀ရက်မှာ ဖွဲ့စည်းခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင် ကောင်စီရဲ့ ထုတ်ပြန်ချက်အရလည်းကောင်း ခိုင်မာစွာဆက်လက်ကိုင်ဆွဲသွားမယ့် ဘုံသဘောထား ၆ချက်ကို အသိပေးထားပါတယ်။

အဲဒါတွေကတော့ စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်၊ လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝ ထားရှိရန်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှု မှန်သမျှ တိုက်ဖျက်ရန် အချက်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် သက်ဆိုင်သူအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရန်၊ ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအသစ်အား တည်ဆောက်ရန်နဲ့ ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှု ရရှိရေး လုပ်ငန်းစဉ် ဖော်ဆောင်ရန်တို့ဟာ ဘုံရပ်တည်ချက်တွေဖြစ်ကြောင်း အသိပေးပါတယ်တယ်။

အထူးသဖြင့် စစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ်ရက်စက်စွာ ကျူးလွန်ခဲ့တာတွေ အသွင် ကူးပြောင်းရေး ကာလတရားမျှတမှုရရှိရေး ဆောင်ကြဉ်းပေးနိုင်တဲ့ အခြေအနေရှိမှသာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အောင်မြင်သည်ဟု မှတ်ယူ၍ မမှိတ်မသုန် ဆက်လက်ချီတက် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ခေတ်ပြောင်းစနစ်ပြောင်းစေရန် ဦးတည်ဆောင်ရွက် နေတဲ့ နွေဦးတော်လှန်ရေးကို ရည်မှန်းချက်ပန်းတိုင် ရောက်သည်အထိ ဆုံးခန်းတိုင်အောင် ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ထုတ်ပြန်ချက်မှာ ဖော်ပြထားတဲ့ ရည်မှန်းချက် ၆ရပ် ရတဲ့အထိ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့ အဆိုးကျော့သံသရာ မလည်ဖို့ ရည်မှန်းချက်တွေ ရရှိတဲ့အထိ တော်လှန်ရေးဆက်လက်ဆောင်ရွက်ဖို့ NUG ကသံန္နိဋ္ဌာန် ချထားတယ်လို့ အသိပေးပါတယ်။

“ဒီသံန္နိဋ္ဌာန်က NUG တခုတည်းမဟုတ်ပါဘူး။ တော်လှန်ရေးအင်အားစု အများစု ဒါကို လက်ခံထား ပြီးဖြစ်တဲ့အတွက်ကြောင့် တော်လှန်ရေးက ဒီပုံစံအတိုင်းပဲ ဒီရည်မှန်းချက်တွေ မရောက်မချင်း ဆက်ပြီးတော့ သွားနေမှာ ဖြစ်ပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

ဆက်စပ်သတင်းများ

ကဗျာ

-​အောင်​စေ​နွေဦး အမေအို ကနိုင်ငံတော်ကိုနောက်တွဲဆံထုံးလေးလုပ်ပြီးထုံးထားတယ်၊အဲဒီ နောက်တွဲ ဆံထုံးလေးကိုပန်းလေးတွေ ချိတ်တွဲ ပန်ဆင်ပေးထားတယ်၊လှလှပပ မွှေးမွှေးပျံ့ပျံ့ သေသေသပ်သပ်နီနီရဲရဲ တင့်တင့်တယ်တယ် ကြွကြွရွရွသူမကျန်းမာပါစေသက်ရှည်ပါစေအနာကင်းပါစေမသူတော်ဘေး ဝေးပါစေ။ ၁၉၊ ဇွန်၊ ၂၀၂၆ Views: 49

ဆောင်းပါး

ကဖေး/People’s Spring သန့်ရှင်းသော ထိုဝန်းကျင်တွင် ပန်းရနံ့တို့ပိုသင်းပျံ့နေသည်။ ရွာဦးထိပ်က ယာယီစာသင်ကျောင်းဆီလှမ်းလာနေသော ကျောင်းဆရာမလေး၏ ဦးခေါင်းထက်မှာ နှင်းဆီပန်းနီနီရဲရဲက ဟန်ကျပန်ကျ လှပနေသည်။ ရွာလမ်းတလျှောက်တွေ့မြင်နေရသူတိုင်း၏ ဦးခေါင်းထက်မှာလည်း နှင်းဆီပန်းနှင့်အခြားသော အလျဉ်းသင့်ရာပန်းတွေ ပန်ဆင်ထားကြသည်။ ကြိုးသိုင်းလွယ်အိပ်လေးတွေ အဆင်ပြေသလိုလွယ်ထားကြသောကျောင်းသားကျောင်းသူလေးတွေလက်ထဲမှာလည်း နှင်းဆီပန်းလေးတွေ ကိုင်ထားကြပြန်သည်။ ပန်းရနံ့တို့သင်းထုံနေသောရွာလမ်းလေးအတိုင်းကျောင်းဆရာမလေး ဒေါ်နှင်းဆီ(အမည်လွှဲ)က ကျောင်း...

သတင်း

မြန်မာ့နိုင်ငံရေးပြဿနာများ ငြိမ်းချမ်းစွာပြေလည်စေရေးအတွက် အထူးဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး အဓိကထား ကြိုးပမ်း ဆောင်ရွက်ပေးကြဖို့ မိတ်ဆွေနိုင်ငံတွကို မေတ္တာရပ်ခံတိုက်တွန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့ ပြည်နယ်၊ တိုင်းလွှတ်တော်၊ အစိုးရတွေက ဒီကနေ့မှာ ပူးပေါင်း ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။