ဧပြီ-၂၆၊ ၂၀၂၆။ဟာနာဆန်/People’s Spring
မန္တလေးတိုင်း၊ မိတ္ထီလာမြို့ရှောင်လမ်းမှာ ညဘက်ဖြတ်သန်းသွားတဲ့ ယာဥ်တွေ အနုကြမ်းစီးခံနေရကြောင်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက် ည ၁၀နာရီခွဲခန့်က မိတ္ထီလာမြို့၊ မြို့ရှောင်လမ်းဆုံမှာ အိမ်စီးကားနဲ့စောင့်နေတဲ့ လူတစ်စုက ဖြတ်သန်းလာတဲ့ ယာဥ်တစ်စီးကို တားပြီး ယာဉ်မောင်းတစ်ဦးနဲ့ စပါယ်ယာတစ်ဦးထံကနေ ကျပ် ၁၀သိန်း တောင်းယူသွားကြောင်း ငွေတောင်းခံလိုက်ရတဲ့ နီးစပ်သူတွေက ပြောပါတယ်။
“ ဘာမပြောညာမပြောနဲ့ လက်ထိပ်ခတ်ပြီး ဒရိုင်ဘာပါ ကားအောက်ဆင်းခိုင်းကာ ငွေညှစ်အနုကြမ်းစီးနေသလို လူတယောက်ကို ငွေ၁၀သိန်းတောင်းတယ်။ မပေးနိုင်ရင်ခေါ်သွားမယ်ဆိုပြီး ခြိမ်းခြောက်လို့ တစ်ယောက်ကို ၅သိန်းစီနဲ့ စပယ်ယာနဲ့ ဒရိုင်ဘာ လူ၂ယောက်ကို

Public Service Announcement
ငွေ၁၀သိန်းပေးခဲ့ရပါတယ်” လို့ ငွေတောင်းခံရသူတွေနဲ့ နီးစပ်သူက လူမှုကွန်ရက်မှာ ရေးသားပါတယ်။
ဧပြီလဆန်းတုန်းကလည်း အဆိုပါနေရာမှာပဲ တောင်ကြီးမြို့ကနေဆင်းလာတဲ့ ကားတစ်စီးကို လူတစ်စုက တားဆီးစစ်ဆေးခဲ့ပြီးနောက် ကားဆရာထံကနေ ငွေကျပ်သိန်း ၃၀ တောင်းယူသွားကြောင်း ဒေသခံအချို့က ပြောပါတယ်။
ဒါ့အပြင် အဆိုပါလမ်းမှာပဲ လုယက်တာ၊ ပေါ်တာဆွဲတာတွေ မကြာခဏ အဖြစ်များနေကြောင်း၊ ငွေတောင်းသူတွေကတော့ လက်ထိပ်တွေပါ ပါရှိကြောင်း ဒေသခံတွေက ပြောပါတယ်။
အဆိုပါလုယက်မှု၊ ပေါ်တာဆွဲမှုတွေကို စစ်ကောင်စီလက်သပ်မွေးထားတဲ့ လက်နက်ကိုင် ပျူစောထီးတွေက ကျူးလွန်နေတာဖြစ်ကြောင်း ဒေသခံတွေက ဆိုပါတယ်။
“ အဲ့လမ်းက ပေါ်တာဆွဲနေတာပါ။ ကားသမားစပယ်ယာတွေပါတာမနည်းတော့ဘူး။ ငွေပေးရင်ရတယ်။ မပေးနိုင်ရင်သွားပဲ။” လို့ နယ်ခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေရှိပြီး စစ်တပ်ထောက်ခံသူတွေများတဲ့ မိတ္ထီလာမြို့နယ်မှာ ယခုလို ဖြစ်စဥ်တွေ ဖြစ်ပွားနေတဲ့အပေါ် တပ်ထောက်ခံသူတွေ မခံမရပ်နိုင်ဖြစ်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။



















































