မေ ၃၊၂၀၂၆။ထားမြတ်/People’s Spring
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်နေအိမ်မှာ အကျဉ်းကျခံစေဖို့ စစ်အုပ်စုကကြေညာတာ၊ သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးတာတွေဟာ စစ်အုပ်စုရဲ့ နိုင်ငံရေးလှည့်ကွက်ဖြစ်ပြီး တော်လှန်ရေးကိုဖြိုခွဲဖို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ချင်းညီနောင် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆလိုင်းယောမာန်က သတိပေးပြောကြားလိုက်ပြီးအချိန်မရွေး ပြန်လည်ဖမ်းဆီးတာ လုပ်ဆောင်နိုင်တယ်လို့ ပြောပါတယ်။
မနေ့က မေ ၂ရက်မှာကျင်းပတဲ့ ချင်းညီနောင်အတွက် ရန်ပုံငွေရှာဖွေပွဲမှာ ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) အထွေထွေအတွင်းရေးမှူးဖြစ်သူ ဆလိုင်းယောမာန်က အခုလို ပြောတာ ဖြစ်ပါတယ်။
“သူ့ရဲ့ နိုင်ငံရေးအကွက်တခုလို မြင်ပါတယ်။သူ့နိုင်ငံရေးအကွက်ကတော့ ဒီ တော်လှန်ရေးကို ဖြိုခွဲဖို့ပါပဲ” လို့ ဆလိုင်းယောမာန်က စစ်အုပ်စုရဲ့ သမ္မတဦးဝင်းမြင့်ကို မိသားစုနဲ့ ပြန်ဆုံစည်းစေမှု၊ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တခုကို ရွေ့ပြောင်းကြောင်း ကြေညာမှု တွေအပေါ် မှတ်ချက်ပြုပါတယ်။

Public Service Announcement
ဒီလို စစ်အုပ်စုက လုပ်ဆောင်တဲ့အခါ တော်လှန်ရေးအင်အားစုတွေကြားမှာ လက်နက်ကိုင်တော်လှန်ရေး မလုပ်တော့ဘဲ နိုင်ငံရေးနည်းနဲ့ပြန်သွားလို့ရမလား ဆိုတဲ့အတွေး ဖြစ်စေချင်သလို တဖက်မှာလည်း စစ်အုပ်စုက ဟန်ပြငြိမ်းချမ်းရေးကို ဖိတ်ခေါ်နေဟု ဆလိုင်းယောာမန်က ပြောပါတယ်။
” ဆိုတော့ တော်လှန်ရေးဆက်လုပ်တဲ့သူတွေ တော်လှန်ရေးလုပ်နေတဲ့သူတွေက မငြိမ်းချမ်းချင်တဲ့သူတွေပေါ့ ပြည်သူလူထုရဲ့ အိုးအိမ်တွေ ပျက်စီးအောင်လုပ်နေတဲ့ သူတွေပေါ့ အဲဒီလိုမျိုး ပုံသွင်းချင်တာလည်း ပါမှာပေါ့”လို့ ဆလိုင်းယောမာန်က ပြောပါတယ်။
တော်လှန်ရေးကို ဖြိုခွဲဖို့ စစ်အုပ်စုမှာ အကွက်ပေါင်းစုံ နည်းလမ်းမျိုးစုံ ရှိနေ လုပ်နေကြောင်း ပြောပါတယ်။
” သမ္မတဦးဝင်းမြင့်ဘာပြောမလဲဆိုတာ သူတို့ စောင့်ကြည့် နေမှာပဲ။ ဦးဝင်းမြင့်ပြောတဲ့ စကားတလုံးက တော်လှန်ရေးကို အားဖြစ်စေတယ် တော်လှန်ရေးကို စုစည်းစေချင်တယ်ဆို ချက်ချင်း ပြန်ဖမ်းလိုက်မှာပဲ။ သူတို့က လုပ်ချင်သလို လုပ်လို့ရတယ်” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဖြစ်စဉ်မှာလည်း မင်းတို့ ငါ့ကိုဘယ်လောက်မုန်းတယ်ပြောပြော ငါ့ဆီပဲလာတောင်းရတာ မဟုတ်လားဆိုတဲ့ အချိုးမျိုး စစ်အုပ်စုက လုပ်ဆောင်ပြနေတာလို့ ပြောပါတယ်။
“မြန်မာနိုင်ငံတခုလုံးကငါတို့ စိတ်တိုင်းကျစီမံသလိုဖြစ်နေတယ်ဆိုတာ နားလည်ဖို့လိုတယ် မင်းတို့ သိဖို့လိုတယ်ဆိုတဲ့ Massage ကိုလည်း သူတို့ ပေးသလိုလည်းဖြစ်မှာပေါ့။” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။
စစ်ကောင်စီက ပြည်သူတွေ ပျော်စေချင်ရင် ပျော်အောင်လုပ်လို့ရသလို စိတ်ညစ်စေချင်ရင်စိတ်ညစ်အောင်လုပ်လို့ရတယ်ဆိုတဲ့ ပုံစံကို လုပ်ဆောင်နေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
“သူတို့က အခြေအနေ သုံးသပ်မှာပဲ ။ သွေးတိုးစမ်းမှာပဲ။ မထိတထိလေး လျှော့ပေးခြင်းလုပ်ပေးခြင်းအားဖြင့် တော်လှန်ရေးအဖွဲ့တွေကြားထဲမှာ ဘယ်လိုမျိုးအက်ကြောင်းများပေါ်လာနိုင်သလဲပေါ့။” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။
စစ်အုပ်စုဟာလူထုရဲ့ တောင်းဆိုတဲ့ ကမ်ပိန်းတွေကို ဂရိုက်မစိုက်ဘဲ သူတို့ဟာဖိအားပေးမှုကိုသာ နားလည်ကြောင်း၊ အခုသမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို အသုံးချနေတာဟာ စစ်အုပ်စုရဲ့ နိုင်ငံရေးကလင်ဒါကျသူတို့ ရည်မှန်းချက် တခုခု အတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဆလိုင်းယောမာန်က ပြောပါတယ်။
” ဒီလိုမျိုး ပြန်လွှတ်ပေးတယ် အကျယ်ချုပ်ထားတယ်ဆိုတာလည်း တော်လှန်ရေးကိုသွေးတိုးစမ်းတဲ့သဘောမျိုး တော်လှန်ရေးအဖွဲ့အစည်းတွေ ကြားထဲမှာ ဘယ်လိုသက်ရောက်မှု ရှိသလဲ အက်ကြောင်းတွေများပေါ်လာနိုင်သလား၊ လေသံတွေ အမျိုးမျိုးထွက်လာသလားဆိုတဲ့ဟာမျိုးပေါ့” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။
စစ်အုပ်စုဟာ တဖက်မှာ ငြိမ်းချမ်းရေးကမ်းလှမ်းပြီး တဖက်မှာ လေယာဉ်အုပ်လိုက်သုံး အစွမ်းကုန် ဗုံးကြဲနေတာကိုလည်း ဆလိုင်းယောမာန်က မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်း စတဲ့ ဒေသတွေအပါအဝင် နေရာအနှံ့ စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုတွေကို ဥပမာပေး ရှင်းပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူဦးနေဘုန်းလတ်ကလည်း” လက်ရှိအခြေအနေက ဘာမှ ထူးခြားတဲ့ ပြောင်းလဲမှုမျိုး မဟုတ်ဘူးဆိုတာ အဓိက ပြောချင်တယ်။ စကားလုံးတွေနဲ့ ထုတ်ပြန်မှု အချို့နဲ့ နိုင်ငံရေးလှည့်ကွက်တခုကို ထုတ်သုံးတဲ့ သဘောလို့ပဲ ဒီလိုပဲ သုံးသပ်ပါတယ်။” လို့စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်တခုသို့ ရွှေ့ပြောင်းအကျဉ်းချထားမှု လုပ်ရပ်အပေါ် ပြောကြားပါတယ်။
စစ်အုပ်စုအဆက်ဆက်ဟာ အခုလို ဟန်ပြဖြေလျှော့မှုတွေကို ခေတ်အဆက်ဆက်ကလုပ်ဆောင် ကျင့်သုံးလာတာလို့လည်း ဦးနေဘုန်းလတ်က ပြောပါတယ်။
” ဒုတိယအချက်အနေနဲ့ အစကတည်းကဘာမှ အပြစ်မရှိတဲ့သူတွေကို မတရားဖမ်းဆီးအကျဉ်းချထားတာဖြစ်တယ်။ အဲဒီအတွက်ကြောင့်မို့လို့ ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရမှာ ဖြစ်တယ်။ အဲဒါကို နိုင်ငံရေးအရ သူလိုချင်တက်မက်မှုတွေရှိလာတဲ့အခါ ဒီလိုပဲ ဟိုလျှော့ဒီလျှော့လုပ်တာမျိုးပေါ့ ဒါတွေက အကြမ်းဖက်စစ်တပ် စစ်ခေါင်းဆောင်တွေ တောက်လျှောက်ရှေ့မှာလည်းပဲ သမိုင်းမှာလည်းပဲ လုပ်ခဲ့ကြတဲ့ အနေအထားဖြစ်ပါတယ်။” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။ စစ်တပ်ဟာ နိုင်ငံရေးလှည့်ကွက်တခုကို သူ့တို့ရဲ့ လိုချင်တပ်မက်မှု တခုခု ရနိုင်ဖို့အခုလို လုပ်ဆောင်နေတာ သတိထားဖို့လည်း သတိပေးပါတယ်။
” ကျနော်တို့ အနေနဲ့ကတော့ ကျနော်တို့ရဲ့ တော်လှန်ရေးအောင်မြင်ပြီးမြောက်သည်အထိ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ချွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ဖို့ အပါအဝင် ကျနော်တို့ရဲ့ ရည်မှန်းချက်တွေရှိပါတယ်။ ရည်မှန်းချက်တွေထုတ်ပြန်ထားပြီးဖြစ်တယ်။ ဒီရည်မျန်းချက်တွေ ရတဲ့အထိ တစိုက်မတ်မတ် ဆက်လက်ပြီးတိုက်ပွဲဝင်သွားကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီလိုပဲNUG အပါအဝင် တော်လှန်ရေးအင်အားစုတွေကလည်းပဲ ဒီအပေါ်မှာ ဘာမှ ယိမ်းယိုင်ပြောင်းလဲသွားစရာမရှိဘဲနဲ့ ဝေဝါးသွားစရာမရှိဘဲနဲ့ ကျနော်တို့ ရည်မျန်းချက်တွေရတဲ့အထိ ဆက်ပြီး တိုက်ပွဲဝင်သွားကြမှာ ဖြစ်ပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

















































